20 April, 2021

ဟိုအရပ်ဒီအရပ်ထံမှ ပေးပို့သော ပို့စ်ကဒ်များ

 


သို့။
ပုံအတွက် ပေးထားတဲ့ ခေါင်းစဉ်အပြင် အခြားခေါင်းစဉ်။ ဟိုခြစ်ဒီခြစ်ပုံနဲ့ အလွန်အကျွံ ရှင်းလင်းပြနေခြင်း။ အချိန်ဇယားအသေးစိတ်၊ စတိကတိ၊ အတိဿယဝုတ္တိအချစ်တွေ ဖွင့်ဟခြင်း။ သင့်…။
သို့။ တိမ်တွေထူထပ်ကြောင်း၊ အကောင်းဆုံးတွေ သောက်ရကြောင်း၊ တွေ့ရတဲ့ လူစိမ်းတွေအကြောင်း။ ရာသီဥတုကို ညွှန်းခြင်း၊ စကားလုံးအသစ်တွေ အတတ်ဆန်းခြင်း၊ ယုတ္တိမကျတဲ့ မေးခွန်း၊ စိတ်မပါ့တပါ
ဟာသ။
သင့်…။
သို့။
ဘူတာမှာ နားစွန်နားဖျား ကြားလိုက်ရတဲ့ သမိုင်းအချက်အလက်။ ဖုန်းဆက်ဖော်ရတဲ့အတွက် ကျေးဇူးစကား။ ကျေးဇူးတင်စကား ထပ်ပြောခြင်း။ ကြုံရာကျပမ်း တည်ရှိရာတွေနဲ့ယှဉ်ပြီး ဆူညံသံကိုဝေဖန်
ပြောဆိုခြင်း။ ဒီအထိပြောခဲ့ပြီးသားတွေကို ငြင်းဆိုခြင်း။ စိတ်အနှောက်အယှက် ဖြစ်ရခြင်း။ တောင်းပန်စကားပြောခြင်း။
သင့်…။
သို့။ လတ်တလော ဝယ်ယူထားတဲ့ ပစ္စည်းနဲ့ပတ်သက်လို့ ပျော်ရွှင်နေကြောင်း။ မသိမသာအလွမ်းစိတ်နဲ့ ပါရာနွိုက်ဒ်စိတ်ရောဂါ။ ငယ်စဉ်ကျောင်းသားဘဝတုန်းက ထွင်သုံးခဲ့တဲ့ လျှို့ဝှက်စကား။
လျှို့ဝှက်စာသားနဲ့ နာမည်။ လျှို့ဝှက်စာသားနဲ့ နာမည်။
သင့်…။
သို့။
ပြပွဲဆိုင်ရာစာသားထဲမှကောက်နုတ်ချက်။ ‘ပြန်လည်ပြုလုပ်နိုင်ခြင်း’၊ ‘အစီရင်ခံနိုင်ခြင်း’၊ ‘ဆင်းရဲနွမ်းပါးခြင်း’၊ ‘ဘက်မလိုက်ခြင်း’ စကားလုံးတွေကို ဦးစားပေးသုံးစွဲခြင်း။ ‘မ_ ခြင်း’ကို ပယ်ဖျက်ခြင်း။ စကားလုံးတစ်လုံးတွင်းက ထုတ်ယူနိုင်တဲ့ စကားလုံးတွေ၊ ဥပမာ၊ ‘စကားလုံး’ထဲက ‘စ’၊ ‘ကား’၊ ‘လုံး’ တွေကို သတိပြုခြင်း။
သင့် …။

Conchitina Cruz ရဲ့ Postcards from Here and There
ဇေယျာလင်း - မြန်မာပြန်သည်

Labels: ,

အပ်ပေါက်လေး

 

အပ်ပေါက်လို့ပဲပြောကြတယ်
အပ်တစ်ပေါက်စာလေးရယ်ပေါ့
အပ်တစ်ပေါက်စာအလင်းတန်းလေး။ မိမိတို့
ဒီထက်များအလင်းရရင်ဘယ်လိုများနေမလဲ
မခန့်မှန်းနိုင်ကြဘူး ဒီလောက်လေးတောင်မှ
အမှောင်ကိုအံတုနိုင်သေးတာ။ ဒီအပ်ပေါက်လေး
ဘယ်သူဖောက်ခဲ့သလဲ၊ ဒီလုပ်ရပ်သေးသေးလေး
အမှောင်ကိုဖြိုခွင်းတာ
သူ့ဘက်ကရောတန်ခဲ့ပါရဲ့လား။ ။

ခေး ရိုင်ယန်
Kay Ryan - Pinhole
Sept. 2012 Poetry magazine
ဇေယျာလင်း ဘာသာပြန်သည်

Labels: ,

မနက် ၉:၀၀ နာရီမှာ တစ်ယောက်တည်းပြောစကား

 



“အသေးအဖွဲလို့တော့ မထင်လိုက်နဲ့၊ ဟောဒီသံစဉ်ရဲ့
လမ်းကြောင်းဆီ အခုရောက်လာတာ။ နေထိုင်ရတာ
သူနဲ့အတူဟာ ဖျားနာမှုပဲ အစဦးကတည်းက
လွန်ခဲ့တဲ့ ၁၆ နှစ်ကပေါ့။ ၁၆နှစ်လုံးလုံး ကျွန်မ ထိုင်ပြီး
စောင့်ခဲ့တယ် အခြေအနေတွေ ကောင်းလာမလားပေါ့။
ရယ်စရာပါပဲ။ သိလား၊ တဖြည်းဖြည်းဆုတ်ယုတ်ပြီး ကျွန်မ
သေသွားတယ်လို့ မဟုတ်ရင် သူဟာ နောက်ထပ်အချစ်
ရှာတွေ့ပြီး သူ့ရေပိုက်ကို နောက်တစ်ယောက်ဘက်
လှည့်လိုက်တယ်လို့ ကျွန်မမှာ အိပ်မက်တွေမက်ခဲ့ရ။
တစ်ခုခုပျောက်ဆုံးသွားခဲ့ပြီလို့ ကျွန်မစိတ်ထဲ
ထင်နေမိခဲ့တာ ဒီမနက်
သေဇောငင်မျက်လုံးတစ်လုံးလို သူ့ရဲ့
ရေဆူထဲဖောက်ထည့်ပြုတ်တဲ့ ကြက်ဥနဲ့
မီးကင်ပေါင်မုန့်ကို သူ ထိတောင်မထိခဲ့တာ။”

လူဝီးစ် ဂလစ်ခ်
Louise Glűck
Monologue at 9 AM
(၂၀၂၀ နိုဗဲလ်စာပေဆုရှင် အမေရိကန်ကဗျာဆရာမသို့)
ဇေယျာလင်း - ဘာသာပြန်သည်
၈ အောက် ကိုဗစ်၂၀

Labels: ,

မေးခွန်းပုံစံတစ်မျိုးရဲ့ ပုံတူ

အောက်ပါပေးထားချက်များမှ အမှန်ဆုံးအဖြေကို ရွေးပါရန်။
၁။ ။ သူတို့သေဆုံးသွားရတာဟာ
(က) အိမ်ထဲမနေဘဲ လမ်းပေါ်ထွက်လို့
(ခ) တက္ကသိုလ်မပြီးကြသေးလို့
(ဂ) သင်္ဃန်းခြုံတိုင်းဟာ ဘုန်းကြီးမဟုတ်လို့
(ဃ) မြို့ရွာအနှံ့ နွေဦးပြန့်လို့

၂။ ။ သူတို့သေဆုံးသွားရတာဟာ
(က) မိဘအဆုံးအမ မရှိလို့
(ခ) မဲမသမာမှုတွေ့ရှိလို့
(ဂ) လူ့အသက်ကိုတန်ဖိုးထားလို့
(ဃ) သေတမ်းစာတွေရေးခဲ့လို့

၃။ ။ သူတို့သေဆုံးသွားရတာဟာ
(က) ရှင်သန်ခြင်းကို လိုချင်လို့
(ခ) ရပ်ကွက်ထဲမှာ စစ်ဖြစ်နေလို့
(ဂ) သွေးထိုးဖျားယောင်းခံရလို့
(ဃ) အောင်မြင်ရမယ်ဆိုတာသိလို့

၄။ ။ သူတို့သေဆုံးသွားရတာဟာ
(က) ဆေးသုံးထားတဲ့စစ်ခွေးတစ်ကောင် စိတ်ဖောက်ပြန်သွားလို့
(ခ) အာဏာကိုအဓမ္မသိမ်းပိုက်လို့
(ဂ) စစ်ကြောရေးမှာ လက်လွန်သွားလို့
(ဃ) ဆေးမကုသပေးဘဲ ပစ်ထားလို့

၅။ ။ သူတို့သေဆုံးသွားရတာဟာ
(က) စစ်ခွေးတွေအတွက်အားရှိဖို့
(ခ) အခြား သေပေးမယ့်သူ မရှိလို့
(ဂ) တရားမျှတတဲ့ နိုင်ငံတော်သစ်တည်ဆောက်ဖို့
(ဃ) လက်နက်တွေ လာမအပ်ကြလို့

၆။ ။ သူတို့သေဆုံးသွားရတာဟာ
(က) အနာဂတ်ဟာ သူတို့ပခုံးပေါ်ကျလာလို့
(ခ) မိဘတွေကို အလောင်းလာပြန်ယူစေဖို့
(ဂ) သေနတ်ကို လေးဂွနဲ့ပြန်ပစ်လို့
(ဃ) သူတို့ထက်ကြီးမားတာကို ရယူပေးချင်လို့

၇။ ။ သူတို့သေဆုံးသွားရတာဟာ
(က) အန္တရာယ်ကိုမသိလို့
(ခ) အနည်းဆုံးအင်အား အနိမ့်ဆုံးအဆင့်ကို သုံးစွဲလို့
(ဂ) Rooftop Bar ပေါ် sniper တက်လို့
(ဃ) စိတ်မနှံ့သူတစ်ယောက် အာဏာရူးလို့

၈။ ။ သူတို့သေဆုံးသွားရတာဟာ
(က) ဦးခေါင်းတွေဟာ သဲအိတ်မဟုတ်လို့
(ခ) တိုင်းပြည်ဟာ စစ်ထဲရောက်နေလို့
(ဂ) ကမ္ဘာကြီးဟာ ကြည့်နေလို့
(ဃ) ထိုးဇာတ်တွေကို ချေဖျက်ဖို့

ဇေယျာလင်း
၃ ဧပြီ၊ ဏာသိမ်း’၂၁

Labels:

ဒဏ်ရာ


နွေရောက်လာပြီပြောပေမယ့်
ကျနော် မယုံရဲဘူး။
သစ်ရွက်တွေ ကိုင်ကြည့်တော့လည်း
မျက်ရည်တွေက
အခုထိ စီးနေတုန်း။  
မျက်ရည်ကို စမ်းကြည့်တော့လည်း သွေးလိုပဲ ။ ။

ဝင်းမြင့်
၄  ၃  ၂၀၂၁

Labels:

လက်များ


လက်ငါးချောင်းကို ဆုပ်လိုက်ရင်
လက်သီးဖြစ်တယ်
လက်သီးဟာ ဒို့အရေးဖြစ်တယ်။
လက်ငါးချောင်းထဲက
လက်သုံးချောင်းထောင်ပြလိုက်ရင်
နွေဦးတော်လှန်ရေးဖြစ်တယ်။
လက်ငါးချောင်းထဲက
လက်ခလယ်ကိုထောင်ပြလိုက်ရင်
လိ ဖြစ်တယ်
ထီမထင်တဲ့ဟန်ဖြစ်တယ်။     ။

ဝင်းမြင့်
၆  ၃  ၂၀၂၁

Labels:

မတ်လတော်လှန်ရေး

ဒီတစ်ကြိမ်သာ ထပ်ရှုံးလို့
မိုးမှောင်ကျရင်
နောက်ထပ်အနှစ် ၄၀ ပဲ။
လေထဲမှာ မင်းလက်ကိုမမြှောက်လိုက်ပါနဲ့ လူငယ်
ငါတို့လို အိုစာတဲ့အဖိုးကြီး ဖြစ်သွားလိမ့်မယ်။   ။

ဝင်းမြင့်
၂၈  ၃  ၂၀၂၁

Labels:

ရန်ကုန် ၃၀

နံနက်
မိုးမသောက်ခင်
သေနတ်ပစ်ဖောက်သံနဲ့ နိုးထလာရ။
ညနေရောက်တော့
ပြင်းထန်စွာ အရေးယူမည်နဲ့ တံခါးပိတ်ရ။
သြော် ရန်ကုန်
မနေ့က မိုးစက်တွေ တဖျောက်ဖျောက်နဲ့
ပိတောက်တွေက ပွင့်ပြဦးမယ် ဆိုပါလား။  ။

ဝင်းမြင့်
၃  ၄  ၂၀၂၁

Labels:

19 April, 2021

မတ်လ၂၄


စပယ်ပင်လေး ဒီနေ့မပွင့်သေးဘူးလား
ဒီနေ့သပိတ်မှောက်ပါတယ်
ဇီဇဝါပင်လေး ဒီနေ့မပွင့်သေးဘူးလား
ဒီနေ့သပိတ်မှောက်ပါတယ်
ပန်းမပွင့်တဲ့အကြောင်း သတင်းကောင်းပဲ
တို့မြို့မှာတော့ 
မတ်လ ၂၄ တိတ်ဆိတ်တဲ့တော်လှန်ရေးပဲ
မင်းတို့ဆီမှာလည်း 
မတ်လ ၂၄ ပဲမဟုတ်လားသူငယ်ချင်း။

                                             ကိုရွေး
                                   ၂၄ မတ်လ ၂၀၂၁

Labels:

မီးစက်ကလေး


ချစ်ခြင်းမေတ္တာဆိုတာ
ဆီလိုအပေါက်ရှာ စိမ့်လာတတ်ပါတယ်
လေလိုအကြောင်းရှာ လွင့်လာတတ်ပါတယ်
ကျောက်ကြောတုံးထဲ
ပုရွက်ဆိတ်ကလေးတွေ တွင်းဖောက်ရသလို
အမျိုးအမည်မသိအမှောင်ထုထဲ
ယပ်တောင်ကိုဆွဲထုတ်လိုက်တယ်
ချွေးစို့နေမယ့်အသက်ရှူသံလေးရှိရာဘက်
ယပ်ခတ်ပေးနေမိပါတယ်
ချစ်ခြင်းမေတ္တာဆိုတာ
ဘယ်လောက်ဖျက်ဖျက် ဘယ်တော့မှမီးမပျက်တဲ့ မီးစက်ကလေးပဲ။

                                         ကိုရွေး
                                      ၁  ဧပြီ ၂၁

Labels:

ပန်းဝင်စား

ပန်းကလေးရေ ပျော်ရဲ့လားဆိုတော့
မပျော်ပါဘူးရှင်တဲ့
ဘယ်ကလာတာလဲဆိုတော့
တိုက်ပွဲထဲကလာတာပါတဲ့
ဘယ်သူတွေလဲဆိုတော့
ကျဆုံးသူတွေဝင်စားတဲ့ နွေဦးသင်္ကေတများပါတဲ့
ဘာလို့ပွင့်နေတာကြတာလဲဆိုတော့
အလွမ်းအဆိပ်တွေ ခါထုတ်ဖို့
ပန်းသပိတ်ဆင်နွှဲနေကြတာပါတဲ့။

                                           ကိုရွေး
                                         ၃ ဧပြီ ၂၁

Labels:

မြင်း



တိုက်ပွဲဝင်မယ့် မြင်းဆိုတာ
ယဉ်ကျေးသိမ်မွေ့နေစရာမလိုဘူး
မြင်းကောင်းမှန် ဗွေဆိုးပါစမြဲ။

မြင်းနဲ့ ပွဲဝင်မယ့်လူဟာ
မြင်းလို တွေးခေါ်တတ်ဖို့လိုတယ်
သူက ဝန်တင်ခံလားတကောင်မဟုတ်ဘူး
သူက စစ်မြင်း
သူက ဇောင်းထဲမှာပဲယဉ်ကျေးတာ
သူက မြင်းရိုင်း။

တခါတခါ
သူရဲကောင်းက မြင်းကောင်းကို ရွေးရတဲ့အခါတွေရှိတယ်
တခါတခါ
မြင်းက သူရဲကောင်းကို ရွေးရတဲ့အခါတွေရှိတယ်။

မြင်းဟာ
ခွာချရဲပြီလား
မြင်းဟာ 
ချေလှမ်းသိပ်ကျဲနေပြီလား
မြင်းဟာ
လေးဘက်ကောင်းကောင်းကွဲပြီလား
မြင်းဟာ
တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်ပြီလား။

မင်း သူ့ကိုတက်စီးရဲပြီလား။

ကိုသန်းထွန်း

Labels:

လှိုင်သာယာ


မုန်တိုင်းထဲ သန္ဓေယူခဲ့သူတွေဆိုတော့
မုန်တိုင်းနဲ့ သန္ဓေတူခဲ့ကြတာ ဆန်းလား
ငါတို့က လူမိုက်တွေ။

သိုးတွေလို
ခံဘက်က နေခဲ့ကြဘူးတဲ့ လူမွဲတွေပေါ့
ခု-ခွေးအတွေလို တိုက်စစ်ဖွင့်မယ်
ဆက်ရှင်မယ်
ငါတို့က လူမိုက်တွေ။

ခင်ဗျားတို့ပြောတော့
အသစ်တည်ဆောက်ဖို့
ဖြိုချဖျက်ဆီးဖို့လိုတယ်...ဆို
တခါတခါ
ရှင်တာထက်ကောင်းတဲ့ အဖြစ်တွေရှိခဲ့ဘူးတယ်
အဲဒါ...သေတာပဲ
တခါတခါ
သေတာထက်ကောင်းတဲ့ အဖြေတွေရှိတယ်
အဲဒါ...သတ်တာပဲ
ငါတို့က လူမိုက်တွေ။

အစိုးရဆိုတာ ကြေလွယ်ပျက်လွယ်တဲ့အရာ
ငါတို့က မင်းမဲ့ဝါဒီတွေ
ဥပဒေရဲ့အထက်မှာ တောရိုင်းဥပဒေရှိတယ်
ငါတို့က သားရဲတွေ
ဒီတပွဲမှာ တယောက်ယောက်သေမယ်
နောက်ပွဲမှာ ကျန်တဲ့တယောက်သေမယ်
ငါတို့က ဂလက်ဒီယေးတားတွေ
ငါတို့က
သင်္ချိုင်းမှာပေါက်တဲ့ ဆူးလို
ကိုယ့်သွေးနဲ့ကိုယ် အပမှီနေတဲ့ကောင်တွေ။

ပြိုင်ဘက်က
လက်ညှိုးကိုကွေးညွှတ်လိုက်တာနဲ့ တပြိုင်နက်
ငါ့ရွေးချယ်ခွင့် ဆုံးရှုံးသွားပြီဆိုတာ
သိတယ်
ငါ့ကို ကျမ်းနဲ့လာမညှိနဲ့
ငါ့လမ်းငါသိတယ်
လှိုင်သာယာ။

ပြိုင်ဘက်က ကွင်းကိုရွေးတယ်
အချိန်အခါကို ရွေးတယ်
လက်နက်ကို ရွေးတယ်
ငါ့ဓါးက ဇက်ကိုမရွေးဘူး
လှိုင်သာယာ။

ဘာတွေဝေရမလဲ
ငါ့တို့မှာ ဓါးပဲရှိတာလေ....တဲ့
အလျော်တောင်းခဲ့တဲ့ ပြက်ပြက်ထဓါးချက်တွေနဲ့
လှိုင်သာယာ။

ဘာဖြစ်လဲ
မုန်တိုင်းထဲပြန်သွားရ ဘာအရေးလဲ
မုန်တိုင်းနဲ့ငါပြန်လာခဲ့မယ်....ဆိုတဲ့
လှိုင်သာယာ။

ကိုသန်းထွန်း

Labels:

ပျောက်ဆုံးမျိုးဆက် (X-Generation)


တော်လှန်ရေးဆိုတာ
အသက်ငင်နေတဲ့ နိုင်ငံရေးအတွက် ဆေးတဖုံဖြစ်ပြီး
နိုင်ငံရေးဟာ
ရှင်နေသေးတဲ့ သမိုင်းဖြစ်တယ်။
ကျနော်ဟာ
ဖုတ်ဝင်သမိုင်းရဲ့ ချွဲဟပ်သံကို နာခံရင်း
ကြီးပြင်းခဲ့သူ 
X-မျိုးဆက်တယောက်ပါ။
ကျနော်ဟာ
ယမ်းနံ့၊ သွေးညှီနံ့နဲ့ မိန်းမအင်္ဂါညှီနံ့မှာ သာယာရင်း
စစ်တိုက်ရင်း၊ ဘုရားတည်ရင်း
ကိုယ့်ပြည်သူကိုယ် ပြန်သတ်ရင်း
ကိုယ့်ကိုယ်ကိုယ် စိတ်ကြီးဝင်နေသူ စစ်ဗိုလ်ချုပ်တွေကို
မရှောင်မလွှဲသာ ဦးညွှတ်ခဲ့ရသူ 
X-မျိုးဆက်တယောက်ပါ။
ကျနော်ဟာ
စစ်တပ်ကစွန့်ကြဲသမျှ
မဝရေစာဒီမိုကရေစီနဲ့ အာသာပြေခဲ့ရသူ 
X-မျိုးဆက်တယောက်ပါ။
ကျနော်ဟာ
ပွင့်လင်းလွတ်လပ်တဲ့ ကောင်းကင်အောက်က
စောစောနိုးထသူ ငှက်တကောင်လို
အစာကို စောစော ရွေးချယ်ခွင့်မရခဲ့ပါဘူး
အာဏာရှင်စနစ်အောက် စောစောမွေးဖွားခဲ့သူ တယောက်ပါ။
စောစော ဦးချိုးခံခဲ့ရ
စောစော အမြှီးလှန်ချိုးခံခဲ့ရသူ
X-မျိုးဆက်တယောက်ပါ။
ကျနော်ဟာ
အရင်မျိုးဆက်ရဲ့ သမိုင်းအမှားကိုသင်ယူရင်း
နိုင်ငံရေးလုပ်ဟန်အမှားကို
Y-မျိုးဆက်တွေအပေါ် ပို့ချခဲ့တဲ့
X-မျိုးဆက်တယောက်ပါ။
ကျနော်ဟာ
တော်လှန်ရေးရဲ့တပ်ဦးမှာပဲ ချေမှုန်းခံလိုက်ရပြီး
ကိုယ့်နိုင်ငံအတွင်းမှာ သုံ့ပန်းအဖြစ်ကျဆုံးခဲ့ရသူ 
X-မျိုးဆက်တယောက်ပါ။
ကျနော်ဟာ
ကြာပွတ်တချောင်းကို ကျိုးနွံနေမိသူ
ဆပ်ကပ် ကျားတကောင်ပါ။
လှောင်ချိုင့်ထဲမှာ အသားကျသွားသူ
အလှမွေးငှက်တကောင်ပါ။
ရေတပွက် ထအပွက်မှာ
ကိုယ့်ဂယက်ကိုယ် ကျေနပ်နေတတ်သူ ငါးတကောင်ပါ။
နွားခြေရာခွက်ထဲ
ကိုယ့်ကိုယ်ကိုယ်ငါးထင်နေတဲ့ ဖားလောင်းလေးတကောင်ပါ။
ဖားတွေလိုအော်ရင်း
မိုးကိုမျှော်ရင်း
ဖားရိုက်သူကို ခေါ်မိသလိုဖြစ်ရင်း
သူရဲကောင်းတွေလို သေကြ
ကြာတော့ သူရဲဘောကြောင်သူတွေလို ဆက်ရှင်ကြ
X-မျိုးဆက် တကောင်ပါ။
ကျနော်တို့ဟာ
လွပ်လပ်ရေးတိုက်ပွဲနဲ့အတူ ရခဲ့တဲ့
"အမျိုးသားခေါင်းဆောင်"နဲ့"ပြည်သူ့တပ်မတော်"တခုကို
လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ မျိုးဆက်
၈၈-အရေးတော်ပုံကြီးကနေ ထပ်ပြီးရလိုက်တဲ့
"ပြည်သူ့ခေါင်းဆောင်"ကို အကာအကွယ်မပေးနိုင်တဲ့ မျိုးဆက်
ငြိမ်းချမ်းရေးဆိုတာ ရန်သူနဲ့စကားပြောရတာဆိုတဲ့
အဆိုအမိန့်ကို ယုံမှတ်ပြီး
ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်က ရန်သူ့ထောင်ချောက်ထဲ ဝင်တိုးခဲ့တဲ့မျိုးဆက်
၁၉၆၂
၇၄-၇၅-၇၆ နဲ့ ၁၉၈၈မှာ
စစ်အာဏာရှင်စနစ်ရဲ့ အကြိမ်ကြိမ်မုဒိန်းကျင့်ခံခဲ့ရပေမယ့်
၂၀၂၁မှာလည်း ထဘီပြင်ဝတ်ချိန်မရလိုက်တဲ့ မျိုးဆက်
သမိုင်းအဆက်ဆက်မှာ
အဘိုးအဘွားတွေ တိုက်ယူခဲ့ကြတဲ့
ကြေးကျွန်စနစ်နဲ့ ပဒေသရာဇ်စနစ်
အဖေအမေတွေ တိုက်ယူခဲ့ကြတဲ့
ကိုလိုနီစနစ်တွေကို ငေးကြည့်ရင်း
ဒီရာစုထဲအထိ 
စစ်အာဏာရှင်စနစ်တော်လှန်ရေးမှာ တာဝန်မကျေနိုင်ခဲ့တဲ့ မျိုးဆက်။
အဲဒီမျိုးဆက်ဟာ
နားသန်သီးနဲ့
ကြက်တောင်စီးနဲ့
အရေပြားပေါ် သေရာပါတက်တူးတွေနဲ့
ဂိမ်းဆော့နေတဲ့ လူငယ်တွေကို
အထင်သေးတဲ့ ဂရုဏာနဲ့ကြည့်နေခဲ့တဲ့ မျိုးဆက်လည်းဖြစ်ပါတယ်။

တော်လှန်ရေးမုန်တိုင်းဟာ
တောကြီးမျက်မည်းတွေ ရိုးမတောင်တန်းတွေဆီကမဟုတ်ပဲ
ဆီလီကွန်တောင်ကြားက တိုက်ခတ်လာမှာကို
မသိသားဆိုးဝါးလှတဲ့ မျိုးဆက်လည်းဖြစ်ပါတယ်
နောက်မျိုးဆက်တွေ ကျယ်ကျယ်လောင်လောင်ပြောနေကြတဲ့
"လူ့အခွင့်အရေး" နဲ့ "ဒီမိုကရေစီ"အရေးကို
တိုးတိုးလေးပြောခဲ့ကြတဲ့ မျိုးဆက်လည်းဖြစ်ပါတယ်။

သူရဲကောင်းအိပ်မက်တွေမက်ရင်း
သူ့ခေတ်ထဲ သူရဲကောင်းဖြစ်ခွင့်မရခဲ့သူ တယောက်ဟာ
ပြည်သူတရပ်လုံး သူရဲကောင်းဖြစ်လာကြတဲ့
တော်လှန်ရေးရဲ့ မီးတောက်မီးလျှံတွေကို ဖူးတွေ့ခွင့်ကြုံခဲ့သူ
မျိုးဆက်တယောက်လည်း ဖြစ်ခဲ့ပါတယ်။

အဲဒီ"ပျောက်ဆုံးမျိုးဆက်"ဟာ
သူ့အရှေ့ကိုထိုးထွက်လာကြတဲ့
မနာခံရေး CDM တိုက်ပွဲဝင် Y-မျိုးဆက်တွေနဲ့အတူ
တော်လှန်ရေးရဲ့ဗျူဟာကို
"You Tube" နဲ့ "Google" မှာ ရိုက်ရှာနိုင်ခဲ့ကြတဲ့
Z-မျိုးဆက်တွေရဲ့ တပ်ဦးအောင်လံတော်အောက်မှာ
သစ္စာတော်ခံခဲ့သူ 
X-မျိုးဆက်တယောက် အသေအချာဖြစ်ခဲ့ပါတယ်။

ကိုသန်းထွန်း

Labels:

သားမျိုးဆက် (Y-Generation)

ဒါဟာ
သားငယ်ငယ်တုန်းက
ကမ်းစပ်ကငေးကြည့်နေခဲ့ဖူးတဲ့ လှိုင်းတွေပေါ့
လှိုင်းဟာ သမိုင်းလိုပဲသား
သူပင်လယ်ထဲ ငုပ်လျှိုးကောင်း ငုပ်လျှိုးသွားမယ်
ဘယ်တော့မှ ပျောက်ပျက်မသွားနိုင်တဲ့ လှိုင်းတွေပေါ့
လှိုင်းဟာ သမိုင်းလိုပဲသား
ရှေ့လှိုင်းရဲ့ ပခုံးပေါ်တက်စီးရင်း
ပိုပြီး အားကောင်းလာတဲ့ လှိုင်းတွေပေါ့
လှိုင်းဟာ တော်လှန်ရေးတခုလိုပဲသား
မင်းကို ကမ်းပေါ်လွှဲတင်လိုက်တဲ့ လှိုင်းဟာ
မင်းကို ပင်လယ်ထဲဆွဲခေါ်သွားနိုင်တဲ့ လှိုင်းပေါ့
လှိုင်းဟာ တော်လှန်ရေးတခုလိုပဲသား
သူ့ကို တက်မစီးရဲရင်
သူကမင်းကို ဆွဲနှစ်သွားမယ့် လှိုင်းပေါ့
ခု-ပင်လယ်ထဲကနေ
မင်းရဲ့ငယ်နာမည် အော်အော်ခေါ်နေတဲ့ လှိုင်းတွေ။

ကိုသန်းထွန်း

Labels:

မြေးမျိုးဆက် (Z-Generation)

လူကလေးသိရဲ့လား
မင်းဝေစုသစ်သီးကတော့ ပုပ်နေရှာ
သစ်စေ့လေးတစေ့သာ အကောင်းအတိုင်း ကျန်ရစ်ခဲ့တာ။

လူကလေးသိရဲ့လား
သစ်စေ့ကလေးတစေ့ထဲမှာ
သစ်ပင်ကြီးတပင် ရှိနေခဲ့တာ။

လူကလေးသိရဲ့လား
သစ်စေ့ကလေးတစေ့ထဲမှာ
ကျယ်ပြန့်တဲ့အရိပ်တခု ရှိနေခဲ့တာ။

လူကလေးသိရဲ့လား
သစ်စေ့ကလေးတစေ့ထဲမှာ
သစ်စေ့ကလေးတွေ အများကြီးရှိနေခဲ့တာ။

ကိုသန်းထွန်း

Labels:

လက်ဆောင်



တကယ့်ကို ပျော်စရာ နေ့ကလေးပဲ။
မြူနှင်းတွေ စောစောစီးစီး ကင်းစင်သွားခဲ့တယ်။
ပန်းခြံထဲမှာ ကိုယ် အလုပ်တွေ လုပ်နေခဲ့တယ်။
ပျားရည်စုပ်ပန်းတွေမှာ ပိတုန်းငှက်တွေ
လာနားနေခဲ့ကြတယ်။
လောကမှာ ကိုယ် ပိုင်ဆိုင်ချင်တာဆိုလို့၊ ဘာတစ်ခုမှ မရှိခဲ့ဘူး။
ကိုယ် မနာလို မရှုစိမ့် ဖြစ်ရလောက်အောင်
ဘယ်တစ်ယောက်မှ မတွေ့ခဲ့ဘူး။
ကိုယ် ခံခဲ့ရတဲ့ သူများတွေရဲ့ မကောင်းမှုမှန်သမျှ
ကိုယ် မေ့ပျောက်သွားခဲ့ပြီ။
တစ်ချိန်တုန်းက ကိုယ်ဟာ အခုလူပဲ။
ဒီလိုတွေးမိတာ ကိုယ့်အတွက် ရှက်စရာ မဟုတ်ဘူး။
ကိုယ့် ခန္ဓာကိုယ်ထဲမှာ ဘာနာကျင်ကိုက်ခဲမှုမှ မရှိဘူး။
ကိုယ် မတ်တပ်ထလိုက်တဲ့အခါ ကိုယ် တွေ့လိုက်ရတယ်၊
ပင်လယ်ပြာပြာနဲ့ ရွက်တွေရယ်   ။   ။

ချက်(စ)လော် မီလော့(ရှ်) 
Czeslaw Milosz - Gift
ဘာသာပြန် ဇေယျာလင်း

Labels: ,

ဒဏ်ရာလ

လဟာ အထီးကျန်လေ
ပိုပြည့်လေ ။
တိုက်အစွန်အဖျားမှာ တစ်လ
သစ်ပင်ကြားမှာ တစ်လ
မြစ်ထဲ မျောနေတဲ့ တစ်လ  ဟင်းလင်းပြင်ထဲ တစ်လ
အမေ့ရင်ထဲ တစ်လ
လှတယ် ။
လှတယ်လို့
ငါရယူနေတုန်းမှာပဲ
ရိုက်နှက်ဖမ်းစီးခံရတဲ့ တစ်လ
သေနတ်နဲ့ အပစ်ခံရတဲ့ တစ်လ
​နေ့ချင်းပြီး မြေချလိုက်ရတဲ့ တစ်လ
ငါဟာ
အစွဲရော အစွန်းရော ကျွတ်ပါ့မလား ။
ကမ္ဘာလည်း မမြင်ကွယ်ရာ ဖယ်ခွါ
လမျက်နှာ သေရာပါတယ် ။ ။

စိုင်းဝင်းမြင့်
၂၈ ၃ ၂၀၂၁

Labels:

နေရာတိုင်းမှာ ချစ်

နေရာတိုင်းမှာ ပစ်နေတယ်
နေရာတိုင်းမှာ စစ်နေတယ်
တံတားကစောင့်ပစ်တယ်
လမ်းက စောင့်ဖမ်းတယ်
နေရာတိုင်းမှာပစ်ပြီး
နေရာတိုင်းမှာ မချစ်ရ
ကိုယ်တို့က မချစ်ရဘူးတဲ့လား
ဘယ်သူမှ မလွမ်းတတ်တော့ဘူးလား ။ ။

စိုင်းဝင်းမြင့်
၁၈ ၄ ၂၀၂၁

Labels: