ငုပန်းဝါဝါတွေပွင်တဲ့ ရာသီ (၂)
အမည်းရောင် မိုးကုတ်စက်ဝိုင်းမှာ
ကောင်းကင်ဟာ ခုထိ အေးအေးလူလူ
မြက်စားနေတဲ့ မြင်းမ
သေချာ မြင်အောင်ကြည့်စမ်းပါ
အဲဒီ ကောင်းကင်က
မျက်နှာကျက်ထဲ ဒိုင်ဗင်ထိုးဆင်းလာချိန်မှာ
မျက်နှာကျက်က သူ့နေရာမှာမရှိတော့
ငါ့ဆီကျွံကျလာ နေနှင့်ပြီးဖြစ်သလို
မျက်နှာကျက်က ငါ့ဆီ ကျွံကျလာချိန်မှာ
ငါကလည်း အိပ်ယာထက်က ပြတ်ရွေ့ ပြီးကာစ
င့ါမှာ ရှိသမျှ စုစုပေါင်း က တစ်ယောက်တည်းရယ်
အော် လှပသော ငုပန်းဝါ၀ါတွေရဲ့
ခွဲရဲရလေခြင်းများ
ကိန်းဂဏန်းတွေ အချက်အလက်တွေ
မချစ်တတ်ဘူး ငါပြောခဲ့သားပဲ
ငါ့အားနည်းချက်တွေကို သိပြီးနောက်
ငါ့ကိုချစ်တဲ့ သူတွေ ငါ့ကိုခြိမ်းချောက်လေ့ရှိတယ်
ခုတော့ ငါလည်း သွားဖြဲ ရယ်မောရခက်လာတယ်
ဘ၀ရဲ့ ပျော်ရွှင်ခြင်းများ
ငါ့ကိုတွေ့ဖို့ ခိုင်လုံစွာငြင်းဆန်တယ်
ငါလည်း ခွဲစိတ်ခန်း မရဲဝံ့တဲ့ ရောဂါနဲ့ ၊၊
ငါ့ဖက်က ငါ တွေးနေတဲ့ပုံ
ဆိုတော့ ငါဖက်မှာ လူမရှိလို့
ငါ့ဖက်က ငါ့ဟာငါ ကိုယ်ချင်းစာမိတယ်
ငါ့ကို အသေပစ်သတ်သွားတဲ့ အိပ်မက်များဆီက
သစ်ရွက်ကြွေနေတဲ့ နွေနေ့ များမှာ
ငုပန်းဝါ၀ါများကို ချစ်တတ်သူ
အလွန်အထီးကျန်တတ်သူ ထိုငါဟာ
ကောင်းကင်အမှားကို ဥာဏ်အားကိုးနဲ့
မှားပြီး မှီနေခဲ့တယ်လို သတင်းရပါတယ်
ရိုးသားစွာ အထီးကျန်သူ ငါ့ရဲ့
အတွင်း အညှာကို မိအောင်မျှားလို့
ကျွံကျသွားမိတဲ့ ငါမာန များကို
ညီမလေးပခုံးမှာ
တစ်ဘားပြီး တစ်ဘား တပ်သွားခဲ့တယ်
ငါယုံကြည်မှုများဟာ
တစ်မှားပြီး တစ်မှား ဆက်မှားနေခဲ့တဲ့အချိန်တွေ
ငါကလည်း အထင်ကြီးဖို့ မထိုက်တန်တဲ့သူမို့
လက်တစ်ကမ်း အဝေးမှာ
မိုင်ပေါင်းများစွာလို မှောင်မိုက် တိတ်ဆိတ်
ညီမလေးကို ကြိတ်နာကျည်းနေရုံပဲ
ဘာမှ ဖြစ်လာဖို့ မရှိတော့ဘူး
ငါ့မှာ
ငါ မှားထမ်း မိတဲ့ သောင်ကမ်းမှာ
ရှက်ရွံ့ နာကျင်စွာ ခုထိ လူအသစ်တွေကို
ကြောက်နေတုန်း
ခုတစ်လော သစ်ရွက်တွေ ကြွေနေကြပုံက
ငါတို့ နှစ်ဦးကြားမှာ တစ်ခုခုများ ပတ်သက်ခဲ့ကြသလိုလို၊၊
နေမျိုးကဗျာထဲကလို
ကျောက်ဖြစ်ရုပ်ကြွင်း ငါးဟာ ကူးခတ်တုန်းမှာ
စိုင်းဝင်းမြင့်ကဗျာထဲကလို
အရူးဖက်က သဘောမတူနိုင်သော ငါဟာ
တကယ်က မောင်ပြည့်မင်းကဗျာထဲက
အိုးမိုင်ဂေါ့ကြီး တစ်ကောင်ပေါ့
ငါဟာ အိုးမိုင်ဂေါ့ကြီးသက်သက်ပါ ညီမလေးရယ်
တစ်စိမ့်စိမ့် ကြည့်မဝ
ပင်စည်ထဲ ပူးကပ်ကျွံဝင်
ကိုယ်တိုင် ခက် ဖျာထိုးထွက်
အာသာမပြေစိတ်နဲ့
ငုပန်းဝါ၀ါ တွေ အထွေးလိုက်
ပွင့်ချပစ်မိမယ် ကြံတုန်း ဒီခရီးဟာ
ခေါင်းမှီခဲ့တဲ့ ပခုံးထက်က ဆန့်ထွက်သွားခဲ့တာ
တန်ဖိုးထားပေးဖို့ ထိုက်တန်သူမို့
ကျေကျေနပ်နပ် လွမ်းရဲပါရဲ့
အဲဒီတုန်းက
သူမ ပါးပြင်တွေဟာ ဆောင်းထဲက နံနက်များ ပေါ့
အခြားရာသီတွေ မှာလည်း ငုပင်တွေဟာ
တနည်းနည်းနဲ့ ဆက်ရှိနေပါ့မယ်
သတိရခြင်းကိုပဲ လက်ဆောင်လို ထုပ်ပိုးလို့
သူကိုဂုဏ်ပြု ဖို့ အဲဒီနေ့စောစော ထခဲ့တာပေါ့
ငါလှမ်းကြည့်တဲ့အချိန်
နာရီမှာလက်တံတွေအများကြီးမို့
ငါက နာရီကို ကြည့်နေရက်နဲ့
အချိန်ကို ခန့်မှန်းရခက်တယ် ညီမလေးရဲ့
ပြောင်းဝကို ဘယ်ဘက်လှည့်ရမလဲ
တစ်ဖက်ဖက်ကတော့ ငါ့ကို ပစ်နေတာ
ငါကတော့ အကြီးအကျယ် မှားယွင်းနေပြီ
ငါကတော့ မျက်နှာကျက်နဲ့ ကြမ်းပြင်မှားရပ်နေပြီ
မိုးတွေ မှောင်လာတာနဲ့ အမျှ
တစ်ယောက်ဆီ တစ်ယောက် မမြင်ရတော့သလို
တိမ်တွေကိုယ်စား ပြိုကျပေးခြင်းကသာ
မိုးထဲက ထရပ်ကားအိုကြီး
အထီးတည်း ရပ်တန့်လို့
ငုပန်းတွေ ဖြူဖျော့လာကြတယ်
နာကျင်ရင်း ဝမ်းနည်းရင်းပဲ ပြီးဆုံးမှာပါ
အဝါရောင်တွေပ
မိုးထဲ လေထဲ ကြွေကျ သွားကြတာ
လောကဟာ
ဘာကို ရည်ရွယ် ဖြစ်ပျက်ခဲ့ပါသလဲ
နေရာ ရှာမတွေ့တဲ့ ငါတို့ဆုံတွေ့ ခြင်းကသာ
ခိုင်ခံတဲ့ နံရံတွေ ကို ဖောက်ဝင်အပြီးမှာ
မာကြောတဲ့ နံရံတွေဆီက ပြန်ထွက်မရ
တဖြည်းဖြည်း အသက်ရှုကြပ်လာနေပါတယ်
သုတေသနမရှိတဲ့ ပညာရေး
တီထွင်ဖန်တီး ဥာဏ်နဲ့
စူးစမ်းစိတ်ကို လည်လှီးသတ်တဲ့ ပညာရေးရဲ့
သားကောင်တွေ အဖြစ်
လူလားမြောက်ခဲ့ကြရလို့လား
ထုံထိုင်းကျဉ်းမြောင်းလွန်း
ဆန့်ထွက်တွေးခေါ်နိုင်စွမ်း နည်းပါးကြရတာဟာ
ငှက်ကလေးရဲ့ ပျော်ရွှင်ဖွယ်နေ့များမှာ
ငုကိုင်းတွေ ရှိနေပုံက ကောင်းကင်ရဲ့အက်ကြောင်း
နောက်တော့ စိုရွဲခဲ့ပါတယ်
အခြားသူတွေဖက်က ဂရုစိုက်မှာ မဟုတ်ပါ
အရမ်းနာကျင်နေလို့ ငုပန်းဝါ၀ါတွေဖက်က
ဒီအဖြစ်အပျက်ကို သူတိုက မကြွေခင်
ဘာမှ မပြောသွားလိုက်နိုင်ပါ
စကားလုံးတွေကြား နာကျင်မှု့ကို ရှာတွေ့ပါသလား
ဆေးရုံရဲ့အပြင်မှာ
လေဟာနယ်မှာ လူနာဟာ
တစ်နေရာရာဆီ ပြေးလွားနေတယ်
ခုနေ ဒီလိုလူမျိုး
အလိုလို သေဆုံးသွားတာဟာ
အားလုံးအတွက် ကျေနပ်ဖွယ် အကောင်းဆုံးပါပဲ
နောက်တစ်ဘဝမှာ အားရပါးရ
တစ်ရာသီစာလောက် ထပွင့်ဖို့
သူမ ခြံထဲက ငုပန်းတစ်ပင်အဖြစ်နဲ့ ပြန်မွေးဖွားလို့ရမလား ၊၊
နည်းလမ်း ကြိုသိနိင်ခဲ့ရင်
ကင်းကို ပွန်းနဲ့ စားပစ်လိုက်မှာပေါ့
ဘဝမှာ မေ့ပစ်လိုက်တဲ့ အရာတွေ များလွန်းလို့
တစ်ချို့ဖြစ်ရပ်တွေ မေ့သွားတာ
စိတ်မရှိပါနဲ့
ညီမလေး ကိုပြောပြချင်ပါတယ်
ဝဋ်ရှိလို့
မလွဲမသွေ ဖြစ်ပျက်ရမှာတွေကို
ဖြစ်ပျက်ခဲ့ကြတာချည်းပါ
ဘယ်သူ့ကို အထင်သေးလို့ ရပါ့မလဲ
ငုပန်းတွေကို လေတိုးနေပါတယ်
အဲဒီအဝါရောင်တွေဆီက အသံထွက်ပါလိမ့်မယ်
ကြားသာအောင် ငါတို့ဝေးဖို့ချည်းပြေးနေရတာ
ရပ် ထား ကြည့်ကြမလား
ပျားကောင်တွေ ပွင့်ချပ်အထက်က
ပြုတ်ကျလာတော့ ရိုးတံစိမ်းစိမ်းထဲ
ခွန်အားတွေ တသွင်သွင် ဓာတ်လိုက်သလို စီးလို့
ငုပန်းဝါတွေရဲ့ ဝမ်းနည်းလွယ် မျက်နှာကျက် မှာ
နက်ရှိုင်းတဲ့ နွံတွေနဲ့
အမှတ်တရတွေ
တောင်ပံကျိုးပြီး ရုန်းကန်နေကြတာ
ဘာလို့လဲ ပြောပြလေ
တစ်ကိုယ်လုံး သွေးစို့နေပါတယ်
လေတွေ ထန်နေပါတယ်
အထီးကျန်ညနေများကို အထုပ်လိုပိုက်ရင်း
ရပ်ကျန်ခဲ့သူ ရောက်အောင်လာခဲ့သလား
ခုချိန်
မိုးထဲလေထဲ
အပူ စီးကြောင်း ဖြတ်နေတာပါ
ထီးပါပါ မပါပါ ဒီနေရာမှာ မိုးရွာချင်ရွာတာပဲ
ကံတရားဆိုတာ ပြတ်သားတယ်၊၊
သံယောဇဉ်ဆိုတာကတော့
ဘယ်တော့မှ မပြတ်သားဘူး
ဆုံးနေတဲ့ လှေကားကို ထပ်တက်တုန်းပဲ၊၊
ငုပန်းတွေမှာ ဘာသာစကား တစ်ခုပဲရှိပါတယ်
အဲဒါက
ကြေကွဲဖွယ် လမ်းမထက် မှာ ပြန့်ကျဲ
မရှု့မလှ သေဆုံးရခြင်းပေါ့
ဟန်ဆောင်ထားတဲ့ ရယ်သံက
ပို ပီပြင်လေ့ရှိပါတယ်
ဘာက ပိုနာလို့ နာကျည်းရမှန်း မသိအောင်
အနာများတဲ့ မိုးဦးကောင်းကင်မှာ မုန်တိုင်းထူတယ်
ငုပန်းတွေ တစ်နွေလုံး ဝါရီလဲ့စိုနေခဲ့တာ
မကြာခင် မေ့သွားကြမှာကို
"ဤ ရူးသွပ်သူ
ဤ ကျွန်တော် တစ်ယောက်ထဲ ဖက်က
ဤသို့ မိုက်မဲစွာ ဝမ်းနည်းနေမိပါတယ်"
ဘဝအကြောင်း တီးတိုးတစ်ချို့ ရှိသူမှာ
ဘယ်လောက် ပင်ပန်းပန်း အိပ်မပျော်ဘူး
သူငယ်ချင်းတစ်ချို့မှာ နားတွေ
အလုံအလောက်ရှိတာ ယုံပါတယ်
ဒါပေမယ့် အဖြေတော့ မရှိဘူးမလား
ထရပ် လိုက်တာနဲ့အခန်းအပြင်ဖက်
လက်ကို နားထဲကိုထိုးသွင်း ပြီးတော့
အသံတွေကို လက်ဝါးလေးဖြန့်ကြည်မိတယ်
ငါ က အဝေးဆုံးက လူပါ
မှင်သက်အံ့သြလို့ ရှု့ထောင့်တွေကို
စည်းနှောင်လိုက်ပြီးစဆိုပါစို့
အခြား ရှု့ထောင့်တစ်ခုမှာ အေးအေး လူလူ မှောက်လဲကျနေတာပါ ။
သွားပို့ခဲ့ပြီး ပြန်လာသူဟာ
တစ်ခုခု ပျောက်ဆုံးတဲ့ဒဏ်ကိုခံရပါတယ်
အဝါရောင်တွေကို
အပြာရောင်ထဲက စုတ်ယူဖို့ ခက်ဖြာကြ
နွေဦးဆီ အရောက်လာခဲ့ပါလိမ့်မယ်
မကန်းခင်ကတည်းက အရိုးကျဲကျဲ ငုပန်းဝါဝါများ
ပွင့်ဖို့ အသင့်ဖြစ်နေပြီမို့
ကတိပေးပါတယ် သူတို့ပွင့်နေခဲ့ကြပါလိမ့်မယ်၊၊
ငါလည်း ခေတ်ပျက်နေတုန်း ငုပန်းတွေကို
ရှာဖွေတွေ့ရှိခဲ့တော့ ပင်ပန်းတယ်၊၊
ခုလိုအံလွဲနေတဲ့ သဲကြိုးအပြတ်နဲ့ပဲ
ဒီလမ်းမကြီးဟာ တစ်ကမ်းကမ်းမှာ
ပန်းဝင်ပါဦးမလား သံသယ ရှိတယ်၊၊
ဒီလူကလေး
Labels: ဒီလူကလေး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home