23 August, 2015

ငါ့စုဗူး ၂၈


ငါ့စိတ်နဲ့ အမျှ
ငါ့ကိုယ်နဲ့ အမျှ
ငါရှိခဲ့သမျှ
ငါရှိနေသမျှ ငါ့အော်သံ

ငါ အကြိမ်ကြိမ်
ငါ အကြိမ်ကြိမ်
ငါ ပြန်ကြားရ ငါ ပြန်အောင်မိ
ငါ ပြန်ရှိ။

အောင်ချိမ့်

Labels: ,

ငါ့စုဗူး ၂၇


အနုဂမ္မီက ပစ္စည်းအထိ
ငါတို့ရဖို့ မရှိသလိုပဲ။

ဘယ်ဝယ်မြောက်တောင်
မြောက်တောင်ဘယ်ဝယ်
မှုန်ပြာရီ ရာသီတွေပြောင်း
ရာသီတွေပြောင်း ။

သြော် မှုန်ပြာရီမှ
နေ့ပူ ညချမ်းခဲ့ပြီ။

ဘယ်ကိုတမ်း၍ လွမ်းပါရ
ဘယ်ကို တမ်းရတမ်းရ လွမ်းချင်လှ ။

အောင်ချိမ့်

Labels: ,

ငါ့စုဗူး ၂၆


ငါ တော်တော်ကြီး စဉ်းစားပြီး
စဉ်းစားပြီးတာကို အစီအစဉ်ချ
အစီအစဉ်ချ အသက်ခိုးရှူ
အသက်ခိုးရှူ အားယူ
အားယူပြီး သန်မာလာကာ
သန်မာကာ ငါ ဖြစ်လာခဲ့
အဲဒီ ငါ ဖြစ်လာခါ
အဲဒီ ငါ ဖြစ်လာပုံ

မှတ်ရန် တစ်ချက်
၁၉၄၈ ။

အောင်ချိမ့်

Labels: ,

ငါ့စုဗူး ၂၂


အိပ်ရာထလျှင် မျက်နှာသစ်လို့
မညစ်ပတ်အောင် နေပါ့မယ်

အဲဒါ ကောင်းပါတယ်
တကယ် ကောင်းပါတယ်

တစ်နေ့လုံးပေါ့လေ
အဲဒါ ကောင်းပါတယ်

အောင်ချိမ့်

Labels: ,

ငါ့စုဗူး ၂၁


ဧရာမ ကျောက်ကျောတုံးကြီးလိုပဲ
ဧရာမ အနက်ရောင်
အနက်ရောင် ကျောက်တုံးကြီး
အဲဒီ အနက်ရောင် ကျောက်တုံးကြီးပေါ် အမည်များ
ဗီယက်နမ်စစ်ပွဲမှာ ကျဆုံးခဲ့တဲ့
အမေရိကန်စစ်သားများ အမည်များ။

ဗီယက်နမ်စစ်ပွဲမှာ
ငါတို့လည်း ပါဝင်ခဲ့
ကဗျာနဲ့
ငါတို့ကဗျာနဲ့။

ဒါပေမဲ့ ကျောက်တုံးကြီးပေါ်မှာ ငါတို့အမည်
မပါဘူး
ဗီယက်နမ်ပြည်သူ ကျဆုံးစာရင်းမှာလည်း ငါတို့ အမည်
မပါဘူး

အခု ဒီမှာ
ငါ ဒီမှာ ဒီကဗျာကိုရေးတယ်။

နောက်ထပ် ဘယ်သူ့အမည်မှ
အဲသလို မပါစေချင်ဘူး။

အောင်ချိမ့်

Labels: ,

ငါ့စုဗူး ၁၇


တစ်ကမ္ဘာလုံး နှစ်သစ်ကူးပြီ
ခင်ဗျား မကူးသေးဘူးလား ။

အောင်ချိမ့်

Labels: ,

ငါ့စုဗူး ၁၆


မျက်နှာချင်းဆိုင် ရင်ဆိုင်မိမှ
အလုပ်တွေများ
အလုပ်တွေကြား ငါ မေ့နေမိခဲ့တာ
ငါ မေ့နေပါလား။

သူမ ကို မေ့ခဲ့မိတာ
ငါ့မှာ စိတ်သက်သာရမိ။

ငါ့စိတ် သက်သာရာရခဲ့တာ
အလို ကျေးဇူးတမိ။

အောင်ချိမ့်

Labels: ,

ငါ့စုဗူး ၁၅


အကောင်းတွေပဲ ရကာ
အကောင်းတွေပဲ ရေးဖို့
ပြုဖို့
ကျွန်တော် ကြိုးစားခဲ့ပါတယ် ။

ကျွန်တော်ကံမကောင်းပါဘူး
အခု ၊ မိတ်ဆွေဟာ
ကျွန်တော့်ကဗျာ
ဖတ်နေရပြီ။

ဘယ်သို့ရှိစွ စာမျက်နှာပေါ်
အဖြူပေါ် အနက်တင်ခဲ့ပြီ ။

အောင်ချိမ့်

Labels: ,

ငါ့စုဗူး ၁၄


လက်ဖက်ရည်သောက်
ဆံပင်ညှပ်
ပြီး၊ တစ်ချက် မမေ့မလျော့
မှန်ထဲ ပြန်ကြည့်လိုက်စမ်း။

မနေ့က ငါ ၊ ခုနက ငါ
မဟုတ်တော့ဘူး။

အထူးသဖြင့်
ဆံပင်ညှပ်ဆိုင်ထဲ ၀င်လာစဉ်က ငါ
မဟုတ်တော့ပါဘူး
မဟုတ်ပါဘူး။

အသစ်မွေးဖွားလာသည့်အလား
မြို့တစ်ပတ်လောက် ပတ်လိုက်စမ်း ။

အောင်ချိမ့်

Labels: ,

ငါ့စုဗူး ၁၃ (အနုပညာ စားသုံးမှု)


ပစ္စတို သေနတ်ပြောင်းကို
ကြိုးလို
ထုံးချည်ထားတဲ့ ပန်းပုရုပ်
ကုလသမဂ္ဂ အဆောက်အဦတစ်ခုရှေ့မှာ ( ထင်တယ် ) ရှိတယ်။

ဟစ်ပီခေတ်တုန်းက
ဟစ်ပီတွေဟာ
သေနတ်ပြောင်းတွေမှာ ပန်းပွင့်တွေ
လိုက်ထိုးစိုက်ခဲ့ကြတယ်။

( သေနတ်တွေ
အခိုက်အတန့်တော့ ပန်းနံ့မွှေးသွားတော့တာပဲ)

'နှင်းဆီပန်းများနဲ့ သေနတ်များ' အမည်ရှိ
Rcok ဂီတအဖွဲ့ရဲ့ 'လိုဂို'ဟာ
နှင်းဆီပန်းပွင့်များ ပန်းခက်အပေါ်
သေနတ်ကို တင်ထားတယ်။
( စဉ်းစားမိတိုင်း
ပန်းနံ့ မမွှေးဘူးလား )

ပန်းနံ့များ မွှေးပါစေ သေနတ်များ
သေနတ်များ ပန်းနံ့ မွှေးပါစေ ။

အောင်ချိမ့်

Labels: ,

ငါ့စုဗူး ၁၂


သူတို့ချည်းပဲ ပြောတယ်
သူတို့ပဲ ပြောတယ်။

ပြောလို့ ပြီးလား
သမိုင်းမှာ စကားအရှည်ကြီးတွေ
ပြောခဲ့တယ်။

ကကြီး ခခွေး
ဂငယ် ဃကြီး
င . . .

သူတို့က ပြောတယ်
ငါတို့မှာ မပြောရ ။

အောင်ချိမ့်

Labels: ,

ငါ့စုဗူး ၁၁


'ပီကာဆို'လို
ပန်းချီကားများများ ရေးမယ်တဲ့
တစ်ကားထက်တစ်ကား ဈေးများများ ရစေမယ်တဲ့
သူဌေးလို နေမယ်တဲ့
ပင်လယ်ကမ်းခြေမှာ ထီးအကြီးကြီးနဲ့
ဆန့်ကျင်ဘက်လိင်နဲ့
ကျန်းမာရေး ညီညွှတ်စေမယ်တဲ့။

ဒီလိုဆို
အနုပညာကို ပိုအားစိုက်
စုတ်ချက်သေးသေးလေးတွေ စုဆောင်း
ဘ၀နဲ့ သဘာဝကို ခံယူ
ဒုက္ခ ဆင်းရဲမှုနဲ့
ပိုကောင်းတဲ့ အနုပညာပန်းချီကားများ။

ကျီးကန်းတွေ အော်ပါစေ
ချစ်သူထံ နားရွက်တစ်ဖက်ဖြတ် လက်ဆောင်ပို့ခဲ့
အဲသလို
'ဗန်ဂိုး'ကော မဖြစ်ချင်ဘူးလား ။

အောင်ချိမ့်

Labels: ,

ငါ့စုဗူး ၁၀


အချိန်တိုင်း တွေ့တိုင်း
မြင်တိုင်း
နှစ်တိုင်း ခေတ်တိုင်း
အားရစရာပါပဲ။
ဒီပုဂ္ဂိုလ်နဲ့ တွေ့ရတာ၊
အခု အသက်အရွယ်မှာ တွေ့ရပြန်ပြီ
ကျန်းမာပကတိ
ချမ်းသာစွာရှိလို့
သူ့မှာ ။

သြော် . . .
အဲဒီ ကုသိုလ်
အဲဒီ ကျမ်းမာပကတိ
ချမ်းသာစွာရှိပုံ ။

အောင်ချိမ့်

Labels: ,

ငါ့စုဗူး ၉


မနက်ဖြန်ခါဟာ
စိတ်ဝင်စားစရာအပြည့်
လှို့ဝှက်မှုအပြည့်
ဆန်းကြည်မှု့အပြည့်။
ဒါ့အပြင်
ကံစမ်းမဲ အပြည့်
ပေါက်မဲ အပြည့်
မျှော်နိုင်စရာ အပြည့်။

ရွှေ အပြည့်
ငွေ အပြည့်
ဖြစ်နိုင်တာ အပြည့်
ရနိုင်တာ အပြည့်။

မနက်
မလင်းချင်ဘူးလား

ညက တစ်ညလုံး
ညက အိပ်ရေးပျက်ခဲ့တယ် ။

အောင်ချိမ့်

Labels: ,

ငါ့စုဗူး ၈


အဖန် ၊ ဖန်ခါး
ကျစိမ့်၊ အခါး
ချိုမယ် စသဖြင့် လက်ဖက်ရည်ဆိုင်မှာ
လက်ဖက်ရည်မှာကြတာပေါ့လေ

'ချိုမယ်' . . .လို့ ငါမှာတယ်
ချိုမှာလား။
တချို့များ ('ကျောက်ပန်းတောင်း'လို့ အားရပါးရ အော်မှာတယ်)
ချိုသလား
မချိုပါဘူး
မှာသာမှာ
မသေချာလှပါဘူး ။

ဒီလို လောကသေးသေးလေးမှာပင်
လွဲနိုင် ၊ ချော်နိုင်
ကွဲနိုင် ၊ ရှနိုင်တာ မဟုတ်လား။

ပြင်ပြီး ဖျော်တဲ့ လက်ဖက်ရည်ဟာ
သောက်လို့ မကောင်းတော့ပါဘူး ။

အောင်ချိမ့်

တစ်ခါက ကျွန်တော်နဲ့ မုတ်သုန်နဲ့ ခရီးလှည့်ခဲ့ကြတော့ . . .
မူးမူးတို့ မေမြို့ လက်ဖက်ရည်ဆိုင်တစ်ဆိုင် သင်ပုန်းမှာ
လက်ဖက်ရည်မှာနည်း ၁၆ ခု၊ ၁၇ ခုလောက် ရေးပြထားပါတယ်။
ကျွန်တော် အဲဒါ အခုသတိရပြီး ပြုံးမိပြီး ဒီကဗျာရေးဖြစ်တာပေါ့လေ။

အခ

Labels: ,

ငါ့စုဗူး ၇


မီးခလုတ်ကို ပိတ်လိုက်တဲ့အခါ
မှောင်သွားတာပဲ ။

သင် အလိုရှိပါက
မီးခလုတ်ကို ပိတ်လိုက်ပါ

တစ်ယောက်မက တစ်ယောက်ယောက်ကတော့
မီးကို ပြန်ဖွင့်မှာပဲ

အောင်ချိမ့်

Labels: ,

ငါ့စုဗူး ၆


ဖွားရာ ဂတိ
လားရာ ဂတိ
တွားသွား ကြီးပြင်း အစာရှာ
ရုန်းကန်ပြီး ရုန်းကန်
သံသရာ . . .
ဒါကို ဘဝ
ဘ၀ဆိုတာ ဒီလို
'ငါ ပြင်းလာသလို'
အဲသလိုလား  ။

မပူပါနဲ့ ။

'အိုဟင်နရီ' တစ်ပုဒ်ပုဒ်
လာပါလိမ့်မယ်
အံ့သြလို့ မဆုံး ကြုံရပါလိမ့်မယ်
twist တော့ ပါတာပေါ့လေ။

အောင်ချိမ့်

Labels: ,

ငါ့စုဗူး ၅


ကျွမ်းဘား၊ ဆပ်ကပ်တွေ
မျက်လှည့်တွေ
ပြဇာတ်တွေ
မငြီးခဲ့ဘူး ၊ မပြီးခဲ့ဘူး
လောကကြီးဟာ မပြီးဆုံးဘူး။
အင်တာနက်၊ ၀က်ဘ်ဆိုက်
ဖေ့စ်ဘွတ်ခေတ်ရောက်
ကျွန်တော်တို့ဟာ ပွဲကြည့်ရဦးမှာပဲမို့
ရင်ခုန်လို့
ပွဲကြည့်ရဦးမှာပဲမို့
ရင်ခုန်လို့ ။

အောင်ချိမ့်

Labels: ,

ငါ့စုဗူး ၎


အပြစ်ဟူသမျှ
မြူမျှ မထင်
ညကြီးသန်းခေါင်နက်နက်
ရေတွင်းနက်နက် အဆုံးတိုင် ပဲ့တင်လို့

ငါတို့ တစ်ခါက ရခဲ့ပြီ
ငါတို့ ဘယ်တော့မှ ပြန်မရပြီ ။

အောင်ချိမ့်

Labels: ,

ငါ့စုဗူး ၃


တဖြည်းဖြည်း စဉ်းစားလို့ ပေါ်လာတာက
ဒီလို ။

သူက 'အိုးရွဲ့'တဲ့
ဒီဘက်က 'စလောင်းရွဲ့'တဲ့
'မောင်အိုးရွဲ့' နဲ့
'မောင်စလောင်းရွဲ့'ပေါ့လေ။

ညီအစ်ကိုနဲ့ တူပါရဲ့
ကောင်းကင်ပြာကြီး နောက်ခံလျက် ။

သိပြီမဟုတ်လား
သိပြီမဟုတ်လား
သိပါပြီ . . . တဲ့ ။

အကျေနပ်ကြီး ကျေနပ်ချင်သူအတွက် ကျေနပ်ပါစေ
ကျေနပ်ပါစေ ။

အောင်ချိမ့်

Labels: ,