လူအိမ်
၂၀၁၈နိုဝင်ဘာ ၂၉ ရက် ညနေ။ FB ကို ဖွင့်ကြည့်လိုက်သည်နှင့်သူ့ရုပ်ပုံ၊ သူ့လှုပ်ရှားဟန်၊ သူ့ ကဗျာ။ သူ့ကို ဆုံးရှုံးလိုက်ရသည့် အတွက် ကြေကွဲထိခိုက်နေသူများ ၏ အသံ။ သူ့ကို လွမ်းဆွတ်ကြမှု ထဲမှာ တရားနှင့် မဖြေနိုင်သည့် ပေါက်ကွဲဒေါသတွေ ရောစပ် လျက်။
ကျွန်တော့် အခန်းထဲမှာ သူ့ မျက်နှာတွေက ပျံဝဲနေသည်။
လူအိမ်။ ကဗျာဆရာ။
ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ဆောင်၊ တစ်ခုခုတော့ ဖြစ် နေပြီထင်တယ်။ ခုတင်အမှတ်(၂) တွင် မနက် ၄ နာရီမထိုးမီလေးက သေဆုံးခဲ့ရပြီ။ ကျွန်တော်ကိုယ် တိုင်ကလည်း သူ့ကို စိုးရိမ်စိတ် ဖြင့် အိပ်ရာက နိုးနေနှင့်ခဲ့၏။ တစ်ခုခုတော့ ဖြစ်နေပြီ ထင်တယ်။ တစ်ခုခုတော့ ဖြစ်နေပြီ ထင်တယ်။စိတ်အာရုံထဲမှာ နိမိတ်ဆိုးလား၊ နတ်ဆိုးလား။
ကျွန်တော့်ဖုန်းကို ပိတ် မထား။
သေချာဖွင့်ထားသည်။
အသံမြည်လာသည်။
‘‘အသက်ရှူရပ်သွားပါပြီ’’
လူအိမ်၏ သူငယ်ချင်း ကဗျာဆရာ၏ အသံ။
‘‘အေး... ကိုယ် အခုလာခဲ့ မယ်’’
မနက် ၄ နာရီ ၂၅ မှာ သူ့ အနားသို့ ကျွန်တော်ရောက်သွား ပြီ။ မနေ့ ညက သူ့ကို ကျွန်တော် တို့ စိတ်မချစွာ ထားရစ်ခဲ့ကြ သည်။ မနေ့ကတည်းက သူ့ဘေး မှာ ကဗျာဆရာများ ဝိုင်းနေခဲ့၏။ လူမအုံရန် တာဝန်ကျဆရာမများ က မကြာခဏ လာရောက်တား ဆီးခဲ့ကြ၏။
ညမှာ စောင့်အိပ်သူကတော့ ကဗျာဆရာပိုင်သစ်နွယ်။
လူအိမ်၏ လက်ဖဝါးကို ဆိုပ်ကိုင်ထားသင့်သည့် သူ့ဇနီး သည် သူ့အနားမှာ မရှိ။ ကိုးတန်း ကျောင်းသူ သမီးလေးက ပုသိမ် မှာ။ လေးတန်းကျောင်းသား သား ကလေးက ယုဇနဥယျာဉ်မြို့တော် အင်ကြင်းလမ်းက လေးလွှာမှာ မိခင်နှင့်အတူ ရှိနေသည်။
လူအိမ် သေဆုံးသွားချိန်မှာ အနားတွင် ဇနီးမရှိ၊ သမီးမရှိ၊ သားကလေးမရှိ။ လူအိမ်၏ လက်ဖျံနှစ်ဖက်မှာ ကြိုးအဖြူဖြင့် ပူးချည်ခံနေရ၏။ ခြေချင်းဝတ်နှစ်ခုကို လည်း ကြိုးအဖြူဖြင့် ပူးချည်ထား ၏။
အင်မတန် လွတ်လပ်ချင် သည့် လူအိမ်။
အလွန် ရုန်းကန်ခဲ့ရသော လူအိမ်။
သေဆုံးချိန်မှာ အချည် နှောင်ခံနေရ၏။ လောကဓံကို ဒေါကန်။ ပင်လယ် (ဟေ့ရောင်) ... ကျောက်ဆောင် (ဟေ့ရောင်) ... တောအုပ်နဲ့ တောင်တန်းရှေ့ မှာ ပိတ်လို့ထားလည်း... ။
မနက် ၄ နာရီခွဲမှာတော့ လူအိမ်၏ ဇနီးနှင့် သားကလေး ရောက်လာသည်။ လူအိမ်၏ ယောက္ခထီးရောက်လာသည်။ ကဗျာဆရာ၊ တေးရေးဆရာ တိုး လွင်ရောက်လာသည်။ သူ့ဇနီးနှင့် အတူ ကျွန်တော်တို့၊ ကိုတိုးလွင်တို့က လူအိမ်၏ ရုပ်အလောင်းကို ရေခဲတိုက်သို့ ပို့ဆောင်ကြ၏။ ဆေးရုံဝန်ထမ်းများက တက်ကြွစွာ ကူညီခဲ့ကြသည်။ ကူညီကြ ၏။ မကြာခင်မှာ ကဗျာဆရာ မိုးကျော်သူ၊ ကဗျာဆရာ ကိုရွေး၊ ကဗျာ ဆရာ မိုးဝေး၊ ကဗျာဆရာ မိုဃ်းဇော်၊ ကဗျာဆရာ မောင်ပြည့် မင်း၊ ရာဇာ၊ ကဗျာဆရာ ဝေး ခေါင်... စသော... များစွာသော ကဗျာဆရာတို့က စနေနေ့မှာ ပြုလုပ်မည့် လူအိမ်၏ ဈာပနအတွက် တက်ကြွစွာ လှုပ်ရှားကြ တော့သည်။ ခိုင်မျိုး၊ တေးသီ ငှက်၊ အံ့ဘွယ်ဇင်၊ ဝင်းမြင့် စသောကဗျာဆရာများ၊ အခြားအခြား လူငယ် ကဗျာဆရာများကလည်း နေရာအသီးသီး၊ စုဖွဲ့မှုအသီးသီး ဖြင့် လူအိမ်၏ ဈာပနအတွက် တက်ကြွစွာ လှုပ်ရှားနေကြသည်။
တစ်ညလုံး စိတ်ပင်ပန်းခဲ့ရ သော မနက် ၄ နာရီ သူ့ဆီပြေးခဲ့ ရသော ကျွန်တော်သည် နေ့လယ် နေ့ခင်းတွင် ကိုယ့်အခန်းထဲမှာတစ်ယောက်တည်း နားမည်ကြံ သည်။ သို့သော် လူအိမ်၏ ဦးခေါင်း၊ လူ အိမ်၏ မျက်နှာတွေ က ကျွန်တော်၏ နံဘေးမှာ၊ ကျွန်တော်၏ ခေါင်းအထက်မှာ ပျံဝဲလှည့်လည်နေ၏။ ကျွန်တော် နားလို့မရ၊ တစ်ရေးပင် မှေး၍မရ။ လူအိမ်ခံစားမှုက ကျွန်တော့် တစ် ကိုယ်လုံးကို လွှမ်းခြုံနေ၏။
ကျွန်တော်သည် ဆောက် တည်ရာမရဖြစ်နေ၏။ စိတ်များ လည်း ပျံ့လွင့်နေသည်။ စိတ်ကို တည်ငြိမ်အောင် စုစည်း၍မရပါ။ သို့နှင့် ကျွန်တော်သည် ထွက်ပြေး ၏။ သထုံလမ်းအတိုင်း ပြေး သည်။ အင်းလျားလမ်းအတိုင်း ပြေးသည်။ တက္ကသိုလ် ပရိဝုဏ် ထဲသို့ဝင်ကာ အဓိပတိလမ်းအ တိုင်း ကျွန်တော်ပြေးသည်။ မရပ် မနား ပြေးနေသည်။ ပြည်လမ်းမ အတိုင်း ပြေးပြန်သည်။ အင်း လျားကန်ပေါင်ပေါ်မှာ ပြေးနေ သည်။ လောင်ကျွမ်းနေသော တိမ်များ၊ ကြေကွဲနေသော တိမ် များ၊ အဝါရောင်ဖြင့် တောက် လောင်ကိုက်ခဲနေသော တိမ်များ၊ မပျော်မရွှင်တိမ်များ၊ ငိုကြွေးနေ သော တိမ်များ၊ ဒေါသတကြီး အော်ဟစ်နေသော တိမ်များ။ ကျွန်တော့်ကိုယ်ပေါ်သို့ ပြိုကျလာ သော တိမ်များ။
ကျွန်တော် မလွတ်မြောက် နိုင်ပါ။
လွတ်မြောက်မလားဟု ကျွန် တော်ပြေးခဲ့ပါသည်။ ကျွန်တော် ပြေးနေပါသည်။ ကျွန်တော်သည် မလွတ်မြောက်ခဲ့ပါ။ ဘဝဆိုတာ တစ်ယောက်တည်း တိုက်တဲ့ တိုက်ပွဲ။ သူ... အမြဲ အထွတ်အ မြတ်ထားသည်မှာ ကဗျာ။
လူအိမ်ကော လွတ်မြောက် သွားပြီလား။ မင်း ဘာကို ဖြစ်ချင် တာတုံး။
လူအိမ်သည် ငြိမ်းချမ်းသွား ပြီလော။ ဆင်းရဲခဲ့သော လူအိမ်၊ ရုန်းကန်ခဲ့ရသော လူအိမ်၊ ပူ လောင်ခဲ့ရသော လူအိမ်။ ဒုက္ခနွံ ထဲမှ နေထိုင်လျက် ပတ္တမြားကဲ့ သို့ နီရဲတောက်ပသော ကဗျာများ ကို ရေးသားဖန်တီးခဲ့သော လူ အိမ်။ ဘဝသည် ကစဥ့်ကလျား ဖြစ်ခဲ့စေကာမူ ကဗျာကတော့ တည်ကြည်လေးနက်။
လူအိမ်သည် အခုလွတ် မြောက်သွားပြီလား။ ရူးနေတဲ့ ကမ္ဘာ။ ထားခဲ့သည်။
‘သည်းမခံနိုင်တော့တဲ့ တစ် နေ့ တံခါးတွေ အကုန်တွန်းဖွင့်ခဲ့ တယ်၊ မီးတွေ အကုန်ပိတ်ပစ်ခဲ့ တယ်၊ တစ်ယောက်တည်း အပြင် ထွက်လာခဲ့တယ်၊ လမ်းမကြီးဟာ လင်းလို့’
ဟိုတစ်လောကမှ FB မှာ သူတင်ခဲ့သော သူ၏ ‘နေရစ် တော့’ ကဗျာထဲက ကဗျာစာသား အချို့ကို ကျွန်တော် ယခု သတိ တရဖြစ်မိ၏။
သူချစ်မြတ်နိုးသော ကဗျာ။
သူယုံကြည်သော ခေတ် ပေါ်ကဗျာ။
ကဗျာစာမူခ။ မိသားစု တာဝန်။
သူသည် ကြီးစွာရုန်းကန်ခဲ့ ၏။ သူ့မှာ ပဋိပက္ခတွေရှိသည်။ ပွတ်တိုက်မှုတွေရှိသည်။ အားလုံး ကို လွှတ်ချ၊ အားလုံးဆီက ထွက် ပြေး။ သူတွန်းဖွင့်ခဲ့သည်။ သူ ထွက်ပြေးခဲ့သည်။ ‘နေရစ်တော့’ ကဗျာထဲမှာ သူဖြစ်တည်သည်။ သူ့ဇနီးငယ်လေး မေမျိုးခင်ကို ‘နေရစ်တော့’ ဟု သူဆိုလိုခဲ့သည်။ အင်ကြင်းလမ်းက မျက်နှာကြက် အင်္ဂတေတွေ အချပ်လိုက် ကွာ ကွာကျနေသော သူ့တိုက်ခန်း လေးကို ‘နေရစ်တော့’ဟု သူဆိုလို ခဲ့သည်။ အခုတော့ သူသည် တကယ်ထွက်ပြေးလွတ်မြောက် ခဲ့ပြီ။ သူ့ဇနီး၊ သမီး (၁)၊ သား (၁)။ သူချစ်သော ကဗျာ၊ သူ့ သူ ငယ်ချင်း ကဗျာဆရာများ၊ သူ့ကို အလေးအနက်ထားသော နောက် မျိုးဆက်သစ်လူငယ် ကဗျာဆရာ များ၊ သူ့ချစ်မိတ်ဆွေ ကျွန်တော်။ သူက နေရစ်တော့ဟု ပြောခဲ့ပြီ။ ပင်လယ်... (ဟေ့ရောင်... )။
သူ့ရုပ်အလောင်းကို ရေခဲ တိုက်ထဲသို့ တွန်းလှည်းလေးတွန်း ၍ သွင်းခဲ့ကြပြီ။ ဆေးရုံဝန်ထမ်း တို့က ရေခဲတိုက်သံတံခါးကို သော့ခတ်ကြပြီ။ သူ့ဇနီးနှင့် ကျွန်တော် သည် သော့ခတ်သွားပြီဖြစ်သော ပိတ်ထားသော တံခါးကို စိုက်ငေး လျက်။
‘‘ကျွန်မကို ခွင့်လွှတ်ပါ။ ကျွန်မ ပေါ့လျော့တာ ပါပါတယ်။ သူလဲသွားတုန်းက ခေါင်းမကွဲ ဘူး။ တိုက်ခန်းထဲမှာပဲ ဖြစ်တာ။ အဲဒီတော့ ကျွန်မက ဆေးရုံမတင် ဖြစ်ဘူး။ အဲဒီညက ကျွန်မ မအိပ် ရဘူး။ နောက်နေ့ နေ့လယ်မှာ သူဟာ ကယောင်ကတမ်းတွေပြောတယ်။ အန်လည်းအန်တယ်။ အဲ ဒီမှာမှ ကိုမိုးကျော်သူကို သူ့ဖုန်း ထဲကရှာပြီး ဖုန်းဆက်တယ်။ ယုဇနက ကိုမိုဃ်းဇော်ကို သူ့ဖုန်း ထဲက နံပါတ်ရှာပြီး ခေါ်တယ်။ ကိုမိုဃ်းဇော်က ဒါဟာ ခေါင်းထဲ မှာ သွေးယိုစိမ့်မှုဖြစ်နေဟန်တူ တယ်၊ ဦးနှောက်သွေးကြော ပေါက်နေဟန် တူတယ်ဆိုပြီး ပရ ဟိတသူနာပြုကားကို အမြန်ခေါ် ပြီး ဒီဆေးရုံကို ကိုမိုဃ်းဇော်နဲ့ ကျွန်မ ပို့ခဲ့ကြတာ။ ကျွန်မက ပင်ပန်းလွန်းလို့ အိမ်ပြန်နားမိပါ တယ်။ ညက ဆေးရုံကို ကျွန်မ ပြန်မရောက်ခဲ့ဘူး။ ကူညီစောင့် ရှောက်ပေးတဲ့ သူ့သူငယ်ချင်း ကဗျာဆရာတွေကို ကျွန်မ သိပ် ကျေးဇူးတင်ပါတယ်’’
လူအိမ်၏ ဇနီးက ကျွန်တော့် ကို ပြောပြနေ၏။ ကျွန်တော်သည် ဒဂုံဆိပ်ကမ်းမြို့နယ်သို့ ရောက် ကတည်းက လူအိမ်နှင့် ချစ်ခင် ရင်းနှီးခဲ့သည်။ သူ့အိမ်၊ ကျွန် တော့်အိမ် အပြန်အလှန် ဝင်၊ ထွက်ကြသည်။ သူ့ဇနီး၊ သူ့ သမီး နှင့် သူ့သားလေး၊ သူ့မိသားစုအား လုံးနှင့် ကျွန်တော် ရင်းနှီးကျွမ်းဝင် သည်။ ကျွန်တော်သည် ယုဇန (၁၆)လမ်းကို ပြောင်းရွှေ့ပြန် တော့ လူအိမ်နှင့် အိမ်ချင်းပိုနီး သွား၏။ မနက်၊ နေ့၊ ညနေ တွေ့ ဆုံကြသည်။ (၁၆)လမ်းထိပ်က သူထိုင်နေကျ အရက်ဆိုင်ကလေး သို့လည်း သူနှင့်အတူ လိုက်လိုက် သွား၏။
ကျွန်တော်ကသာ သူ့ကို ကူညီခဲ့သည်မဟုတ်ပါ။ သူက ကျွန်တော့်ကို ကူညီစောင့်ရှောက် ခဲ့တာတွေ အများကြီးရှိခဲ့ပါသည်။ ကျွန်တော်တို့ ချစ်ခင်ကြသည်။ ကျွန်တော်ဇနီးကလည်း သူ့ကို ချစ်သည်။
‘‘၁၉၈၈ အရေးတော်ပုံအပြီး မှာ ကျောင်းသားတပ်နဲ့ ပြည်ပကို ထွက်ခဲ့ဖူးတယ်။ ထိုင်းနိုင်ငံမှာ လက်တွန်းလှည်းနဲ့ ချပါတီ လည် ရောင်းဖူးတယ်။ နောက် အဖမ်းခံ ရပြီး မြိတ်ထောင်ထဲမှာ ထောင် ကျဖူးတယ်။ US မှာ ကျွန်တော့် သူငယ်ချင်းရဲဘော်တွေ ရှိတယ်။ သူတို့က အခုထိ ကျွန်တော့်ကို ငွေလွှဲကြတုန်းပါ။ ရန်ကုန်မှာ လက်ဖလင်လုပ်ငန်းနဲ့ ကျွန်တော် ဟာ လည်ပင်းမှာ ရွှေဆွဲကြိုးနဲ့ ကောင် ဖြစ်ဖူးတယ်။ လက်ဖလင် လုပ်ငန်းမှာ ကျွန်တော် ထောတုန်း က ကျွန်တော်ချစ်တဲ့ ကိုချောနွယ် ဟာ ကျွန်တော့်အခန်းမှာ လချီနေ ထိုင်ခဲ့ဖူးတယ်။ အချစ်ဆိုတာ အဲ ဒီလို အတူရှိရတယ်’’
လူအိမ်က ကျွန်တော့်ကို မကြာမကြာ ပြော၏။
အခုတော့ ‘ရူးနေတဲ့ ကမ္ဘာ’ ကဗျာစာအုပ်တစ်အုပ်ကို ကျွန် တော်တို့အတွက် သူက အသေအ ချာ ထားခဲ့သည်။ အတူတူ သီချင်း များဆိုတုန်းမှာပင် လူအိမ်က ထွက်ခွာသွားခဲ့ပြီ။
မောင်ကိုကို(အမရပူရ)
(စာရေးဆရာမောင်ကိုကို (အမရပူရ)သည် စိတ်ဝင်စားဖွယ်လူပုဂ္ဂိုလ် များအကြောင်းနှင့် အက်ဆေးများ ရေးသားနေသူ ဖြစ်သည်။)
7day Daily သတင်းစာ၏ Website မှ ကူးယူဖော်ပြသည်
Labels: အမှတ်တရများ, မောင်ကိုကို(အမရပူရ)
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home