မန္တလာ


လမ်းမကြီးတွေဟာလေ
သူတို့အပေါ် ရွာတောင့်ရွာခဲ
မိုးရွာချပလားဆို
ကျောတွေကော့ခွက်အိုင်ထွန်းခံ
လေးငါးရက်ကြွား မဆုံးတော့ဘူး။

ပြီးတော့လည်း……
မြို့ကြီးပေါ့မှ ပေါ့စေတော့လို့
သူတို့ ကိုယ့်ကိုခြောက်သယောင်းစေပြီး
ဖုန်တွေထအပျံခိုင်းပြန်ရော
မာယာ……

ပန်းတွေပန်းတွေ
ကျင်းထဲမှာ ပေါလောမျောညနေ
ယိပုတ်ကုန်မယ် ထင်နေတုန်း
သူတို့သခင်တွေရင်ထဲ
တိတ်တိတ်ပြန်ဝင်ပုန်းနေကြတာကော
မှော်……

မြို့ကြီးလေ မြို့ကြီး
ကစ်ပလင်ရယ် သေရာကထ
ရမ်းတုတ် မှန်းတုတ်နဲ့
'မန္တလေးကဗျာ'
တစ်ခါလှမ်းလုပ်ဦးမှာစိုးလို့
(ဒီလိုဟုတ်ချင်မှလည်းဟုတ်မယ်)
တစ်မြို့လုံးကြီးကိုပတ်
ဇစ်တပ်
ဆွဲစေ့သိမ်းထုတ်ထားတယ်
မြို့ကြီးလေ မြို့ကြီး…။

မောင်အောင်ပွင့်
စပယ်ဖြူ မဂ္ဂဇင်း။ အမှတ် ၇၂ (ဇူလိုင် ၁၉၉၂)

No comments:

Post a Comment