20 April, 2018

ထွေပြားလွတ်မြောက်


အသံတွေကြားနေရတယ်
စ စချင်းတော့ မသဲကွဲဘူး
ခင်ဗျားရော ကျနော့်လိုကြားနေရလား
သစ်ရွက်ခြောက်သံ ပျားမြည်သံ နားအူသံ တံခါးခေါက်သံ
ကလေးငိုသံ လေချွန်သံ ရေစီးသံတွေ ဘာတွေလဲ ဘာသံတွေလဲ
စကြားကာစမသဲကွဲပေမယ့် တဖြည်းဖြည်းနောက်ပိုင်းမှာ
အသံတွေပိုပြီးသဲကွဲလာတယ်
လူတစ်ယောက်ကအနားကပ်ပြီးစကားတိုးတိုးပြောသလိုမျိုး
တဖြည်းဖြည်းနောက်ပိုင်းမှာအမိန့်ပေးသံတွေဖြစ်လာတယ်
ထမင်းစား စားလိုက်တော့လေ စားလိုက်
မလုပ်နဲ့ လုပ်တော့ စတဲ့အမိန့်ပေးသံတွေ
လှုံ့ဆော်မှု့မဲ့အာရုံအမှားတွေကနေ အမြင်အာရုံတွေဝေဝါးလာတယ်
ရောင်ခြည်တန်းတွေ အရောင်လုံးတွေ ရောင်စုံကွင်းဆက်တွေ
တဖျတ်ဖျတ် ထူးဆန်းနေတယ် အရောင်တွေကတရားလွန်တောက်ပ
အုတ်နံရံပေါ် စိမ်းပြာပြာပေါ် ကြည့်လိုက်တော့ အေးစက်စက်အရုပ်ဖြူတွေ
သေသူတွေမျက်ခွက်ပုပ်အက်အက်တွေပြန်ပေါ်လာတယ်
စုတ်ပြတ်သပ်ငါ့မျက်နှာကိုငါပြန်မြင်ရ
ကြောင်တောင်တောင်ပါပဲအနားကပ်အမိန့်ပေးသံကြားရ
ဟေ့ကောင် ခုန်ချ ငါရပ်နေတာလေးလွှာမြောက်အစွန်ဆုံးတိုက်ခန်းပြတင်းဝမှာ
ရင်ထဲအေးကနဲဖြစ်သွား သွေးတွေကပျားရည်လိုချိုမြိန်တယ်။


ကောက်နွယ်ကနောင်
13-3-2018

Labels:

ငါလွင့်မျောပုံဆန်းကြယ်



မဟော်ဂနီရောင် ဝါနွမ်းရွက်ခြောက်ကြွေတွေ
မိစ္ဆာမမျက်ရည်ရှိုပ်သံ လေအသုပ်မှာတဝေါဝေါကြွေဆင်း
ငါ့တစ်ကိုယ်လုံးဖုံးလွမ်း မီးလောင်တိုက်သွင်းတော့မှာလား
မိစ္ဆာမမျက်လုံးက စူးရဲတောက်ပပိုးစုန်းကြူးလက်လက်ထ
ငါ့ခေါင်းကိုတဆစ်ဆစ်ကိုက်ခဲ ငါ့မျက်လုံးကမီးတောက်ပိုးစုန်းကြူးတွေ
မူးရိပ်မူးရီ မိစ္ဆာမက ငါ့ရင်ဘတ်ကချုပ်ရိုးအမာရွတ်တွေကို
ချွန်မြိသူမလက်သည်းတွေနဲ့ထိုးဖေါက်ကုပ်ဖြဲ
ရှင်ခြင်းရဲ့အဆုံးမှာသေခြင်းတရားတွေ
အခုငါဘယ်ရောက်နေတာလဲ
မွေးရပ်ဇာတိမြေ ကနောင်တောင်သချိုင်းကလည်း ထုံးဖွေးဖွေး
ပြုပြင်ထားတဲ့စေတီပုထိုးတွေကလည်း ကြည်ညိုဖွယ်သစ်လွင်တောက်ပ
ငါးရံ့ခြောက်ကို ထန်းဖက်လက်အုံမီးမြိုက် ပဲကြီးလှော်တွေမျက်ခင်းထဲဖြန့်ကြဲ
တစေ့စီကောက်စား အားပါးကောင်းလိုက်တဲ့ မိသန်းမိရန်းနို့အုံကကျလာတဲ့
ပင်ကျရည်ပုဇွန်ဆိတ်ခုန်တဖေါက်ဖေါက်ပင်ကျရည်စစ်စစ်ထန်းရည်
ကနောင်ရောက်ရင်အမြဲလာခေါ်ဆုံတွေ့နေကြ ရှားပါးကာတွန်းဆရာလေး
စပီကာ မင်းကဘာပြုလို့တောင်သချိုင်းမှာလာနေရတာလဲ
ငါတို့အနုပညာတောင်ပံအရိပ်တွေမေ့ဖျောက်မရအောင်ကျန်ခဲ့တယ်
ငါတို့ပျံသန်းနိုင်ခဲ့တယ် မိစ္ဆာမ ငါ့ကိုမကောင်းဆိုး ဝါးရွက်ခြောက်တွေတွေနဲ့
မီးပုံတိုက်ရှို့သတ်လို့မရ ငါပြန်လည်စိုပြေစိမ်းလန်းလာရမယ်။

ကောက်နွယ်ကနောင်

Labels:

တောင်သမန်


ဆည်းဆာဟာ
မင့်အင်္ကျီ အ၀ါနုရောင်ကလေးကို
အလှဆုံး ဆလိုက်ထိုးပေးထားတယ်။

တံတားက
ဒီနေရာမှာဆို နည်းနည်းလှုပ်တယ်
မင့်ခါးကလေးကိုကယ်တွေမသိအောင် ကို
ကြယ်ဖက်ထားပေးမယ်။
လေပြည်ထဲ
ဝဲလွင့်နေတဲ့ မင့်ဆံနွယ်တွေလား..
ကိုယ့်ပါးကို ခိုးနမ်းသွားကြပေါ့၊
အင်းရေပြင်လည်း
ဒီအဖြစ်အပျက်မှာ ခိုးခိုးခစ်ခစ်ရယ်တယ်။
မနေနိုင်တဲ့
အင်းရေပြင်စောင့်နတ်သမီးလည်း
တိုးရစ်မကြီးယောင်ဆောင်လို့ ရောက်လာခဲ့။
May I help you? ဆိုပြီး
ရိုက်ပေးသွားတဲ့ ဓာတ်ပုံထဲ
(ကြေးနီရောင်မင်းသားလေးဘေးမှာ)
မင်းကိုယ်တိုင်ကလည်း နတ်သမီးကလေးပါပဲ။ ။

ချစ်ခြင်းများနဲ့
ကေဇ၀င်း

Labels:

ငါတို့ ပြန်လာမယ်



ငါတို့ အမိအဖတို့ထံ
ငါတို့ ပြန်လာမယ်။
ငါတို့ မိတ်ဆွေရဲဘော်တို့ထံ
ငါတို့ ပြန်လာမယ်။
ငါတို့ ချစ်သူ့ကိုယ်ငွေ့ထံ
ငါတို့ ပြန်လာမယ်။
နီညိုရောင်အုတ်ရိုးမြင့်ကြီးနဲ့
ကိုလိုနီအငွေ့အသက် မကုန်သေးတဲ့
ဖိနှိပ်မှုယန္တရားရဲ့ မနက်ခင်းအဟောင်းတွေ
လမင်းကိုတောင်
သံတိုင်ကြားက ချောင်းကြည့်ရ ညခင်းတွေ
အဝံ့စားဆုံးစိတ်ဓာတ်သားနဲ့
ငါတို့ ဖြတ်ကျော်ခဲ့ကြပြီး
ငါတို့ ပြန်လာမယ်။
တနေ့မတော့
ဆိုက်ရောက်လာမှာ သေချာပေမယ့်
နောက်ကျတတ်တဲ့ အမှန်တရားနဲ့တရားမျှတမှုကို
ငါတို့ တိုက်ခိုက်ယူငင်ခဲ့ပြီး
ငါတို့ကိုချစ်တဲ့ ငါတို့ပြည်သူတို့ထံ
တော်လှန်သော အလံတော်နဲ့အတူ
ငါတို့ ပြန်လာမယ်။ ။

ကေဇဝင်း

Labels:

ပစ်ကနခ်



ဘုရားသခင်ကို ခေါ်မယ်
သမ္မတကြီးကို ခေါ်မယ်
ပြီးတော့၊
ငါ့မိတ်ဆွေကဗျာဆရာအချို့ကိုလည်း
အတူလိုက်ပါဖို့ ခေါ်ရမယ်။


နွေဦးရာသီပျော်ပွဲစားဟာ
တကယ်က ပျော်စရာကောင်းသင့်ခဲ့တာပဲ
တကယ်ကျ ပျော်စရာမကောင်းခဲ့ဘူး။

ဘုရားသခင်လည်း ပြန်သွားတယ်
သမ္မတကြီးလည်း ပြန်သွားတယ်
မိတ်ဆွေကဗျာဆရာတွေထဲက
အချို့လည်း ပြန်ကုန်ကြတယ်။

ဝိုင်ပုလင်းဟာ မှောက်သွားတယ်
ကိတ်မုန့်ဟာ စားလက်စမျက်နှာနဲ့
ပါကင်အသစ်ထဲကနေ ထွက်လာတယ်။

ကျန်ခဲ့သမျှ ငါ့မိတ်ဆွေတွေနဲ့
ငါနဲ့ပဲ
အက်ဒဝပ်မွန့်ခ်ျ ရဲ့ ပန်းချီကားထဲကလို
တုပပြီး အော်ကြတယ်။

နွေဦးဟာ အတုဖြစ်ခဲ့ပြီး
ငါတို့အော်သံကသာ
အစစ်ဖြစ်ခဲ့ရပြန်တယ်။ ။

ကေဇဝင်း

Labels:

ဒါပေမယ့် ညီမလေးရယ် ငါ့မှာ စပါးခင်း ရှိပါတယ်


ဒါဟာ
ညနေလား
ဘယ်မလဲ နေလုံး
စုန်းစုန်းကြီး မြုပ်တာလည်း မမြင်ရ
ရိုးမတောင်တန်း ပြာပြာတွေ မမြင်ရ
သင်္ကန်းစ ရွက်တိုင်လေးနဲ့
တံငါလှေလေး မမြင်ရ
ကာဖီရောင် ပေါက်နေတဲ့
ဧရာဝတီ ရေစီးသံ မကြားရ
စိမ်းရင့် နက်မှောင်နေတဲ့ စပါးစိုက်ခင်း တွေ ခေါင်းညိတ်မပြ
လယ်ကတွတ်ပေါက်က ဗျိုင်းဖြူဖြူလေး မမြင်ရ
သမန်းဆီ တက်နေတဲ့
လယ်သူမခြေထောက်လေးတွေ ရင်ခုန်ခွင့်မရ
ကြက်တွန်သံ ပလွေသံ မကြားရဒေသ
မြို့ပြ
လျှပ်စစ်မီး ပျက်တယ်
ကြီးကြီးကျယ်ကျယ် ဖယောင်းတိုင် ထွန်းတဲ့ စားပွဲက
ဈေးအကြီးသား
မန်းဘီယာ တစ်လုံးပြီး တစ်လုံး လဲကျ
သိပ်ရက်စက်တယ် ညီမလေးရေ…
မွှေကြော်တစ်ပွဲ ရေခဲဆော်ဒါ၊ ရမ်သုံးပက် ကန်စွန်းပလိန်း နဲ့
စစ်ခင်းနေရ
ရှုံးခဲ့ပြီလား
မယုံနိုင်စရာ
ရွှေရောင်အိပ်မက်တွေ ရွေးချယ်သွား
ခံစားလိုက်စမ်း
ရင်နှစ်ခြမ်းကွဲအောင် အလေလိုက် ညနေကြီး မျိုချ
အလိမ်ခံလိုက်ရ ညနေ
နေဝင်ချိန် ဘယ်လို ဖြတ်သန်းမလဲ
တကယ်တော့လည်း
ငါ စိုက်ပျိုးခဲ့တဲ့ ရွှေရောင်စပါးခင်း
ညီမလေးကိုယ်တိုင် ထမင်းရည်လေး ငှဲ့လို့
ရောင့်ရဲတင်းတိမ် ထမင်းမြိန်မလား
စားသုံးကြည့်သင့်ပါတယ်
တောင်တန်း တောင်ကုန်းတွေရဲ့ ရင်ခွင်
လရောင် လေညင်း စိုက်ခင်းစိမ်းစိမ်း
ကောက်ဦးရနံ့ တွေ မွှေးပြီ ညီမလေးရေ
ညီမလေး မပါဝင် နိုင်တော့တဲ့
ကောက်သစ်စား ပွဲတော် တစ်ခုမှာ … ။ ။

ကောက်နွယ်ကနောင်
ချယ်ရီ၊ အောက်တိုဘာ၊ ၉၇

Labels:

ပဲခူးမြစ်အရှေ့ဘက်ခြမ်းမှာ မိုးတွေညို့နေပြီ


အတွင်းလူနာတစ်ယောက်ရဲ့
ဆေးကုသမှုမှတ်တမ်းကို ပြန်ကြည့်ရသလိုမျိုး
လွမ်းတယ်။

ကမ်းပြိုကျသလို ပဲ့ကျရင်ခုန်သံတွေ တစ်ဝုန်းဝုန်း
မြွေတစ်ကောင်နဲ့ ရစ်ပတ်ထုတ်ပိုးထားတဲ့ ညီမလေးရဲ့  ဓာတ်ပုံ
သွေးမတိတ်သေးတဲ့ မြတ်နိုးမှုအဆိပ်တွေစွန်းပေ
ဝေးပြီ….
ဝေးကွာသွားပြီဆိုတာသိတယ်။

ဘဝရနံ့တွေနောက် ရေလိုက်ငါးလိုက်
ညီမလေးက စီးဆင်းမျောပါသွား
ငါတို့ ခွဲခွါလိုက်ကြတယ်။

ဒါပေမယ့်
ငါ့ရင်ထဲစူးတဲ့ အနမ်းတွေ အပွင့်မပျက်
ညီမလေးရင်ထဲက အချစ်ဦးရုပ်ရှင်လေးကို ကြည့်နေရ
မိုးတွေရွာနေပြီညီမလေးရယ်….
ဖရိုဖရဲ လိမ့်ကျလာတဲ့ မျက်ရည်စက်တွေပါ…။       ။

ကောက်နွယ်ကနောင်
သရဖူ ၊ ၂၀၀၃ ၊ ဇွန်။

Labels:

ဘယ်သူလဲ


ထူးဆန်းတဲ့ စကားပြောသံ ကြားလိုက်ရတယ်

ဆရာဝန်ကိုယ်တိုင် ထူးဆန်းအံ့သြသွားတယ်
“မျက်ရည်ကိုးပက်လောက် ထုတ်ချင်တယ်
လက်မောင်းသွေးတစ်ပုလင်းလောက် ထုတ်ချင်တယ်
သွေးနဲ့မျက်ရည်ကို ထုတ်ယူလိုက်ရင်
ပန်းချီကားတစ်ကား ဖြစ်သွားမလား
ကဗျာတစ်ပုဒ် ဖြစ်သွားမလား”
ဆရာဝန်က ထူးဆန်းအံ့သြစွာ မော့ကြည့်တယ်
အရိပ်အယောင် ဘာမှ မတွေ့ရဘူး
ထူးဆန်းတဲ့ အသံရှင်ကို “ မဖြစ်နိုင်ပါဘူးလို့” ဆရာဝန်က ပြောတယ်
ဆရာဝန်စားပွဲပေါ်မှာ
လက်မောင်းသွေးနဲ့ ရေးတဲ့ ပန်းချီကားတစ်ချပ်
ကဗျာတစ်ပုဒ်အောက်မှာတုန်လှုပ်ချောက်ချားစွာ ခံစားရင်း
သူ့ခန္ဓာကိုယ်ထဲက သွေးနဲ့မျက်ရည်ကို ထုတ်ယူလိုက်တယ်
ဒီတော့မှ
ဆရာဝန်လည်း ရှင်သန်ခြင်းက လွတ်မြောက်သွားတယ်။

ကောက်နွယ်ကနောင်
၂၀၀၉-ဇူလိုင်-စရဏမဂ္ဂဇင်း

Labels:

ရောမ စစ်မျက်နှာ ( ၈ )

ပရာဒါ
ဂူချီ
ဘာဘယ်ရီ
အယ်လ်ဗွီ

မိစ္ဆာ ဝင်ရိုးတန်းသုံးနိုင်ငံထဲမှာ မူဆိုလီနီလည်း
ဖက်ဆစ်စနစ်ရဲ့ ဘရန်းဒက်ပဲ
ဓားမိုးထားလို့ လက်မှတ်ထိုးခဲ့ရတဲ့စစ်ပြေငြိမ်းရေး စာချုပ်တွေဟာ
သားရေလက်ကိုင်အိတ်တွေအဖြစ်
ကမ္ဘာကြီးကို အလှပြန်ဆင်နေတယ် ။

ကြည်ဇော်အေး
20 4 2108

Labels: ,

ရောမ စစ်မျက်နှာ ( ၇ )



ပြေးစရာမြေမရှိတော့လို့ ရေထဲခုန်ချခဲ့တာ
ရေကူးတတ်လို့တော့ မဟုတ်ပါ
ရေထဲက
ငါးမန်းတွေထက်
ကုန်းမြေပေါ်က စစ်သုံ့ပန်းစခန်းထဲ
ငါ မရှင်သန်လို ။

ကြည်ဇော်အေး
20 4 2018

Labels: ,

ရောမ စစ်မျက်နှာ ( ၆ )


ရိုမီယိုက ပြိုင်ကားတစ်စင်းလိုချင်တယ်
ဂျူးလိယက်က ရေခဲမုန့်စားချင်တယ်
အထပ်မြင့်တိုက်တွေပေါ်က ခုန်ချပြီး
သတ်သေနေကြတာ ခုထိ မဆုံး ။

ကြည်ဇော်အေး
20 4 2018

Labels: ,

ရောမ စစ်မျက်နှာ ( ၅ )


တူရင်မှာ လုပ်ပွဲကစားရင် တန်းဆင်းရတယ်
မာဖီးယားတွေက စစ္စလီကျွန်းပေါ်မှာ ဖဲရိုက်နေကြတယ်
ဒီည ဘရုစ်တပ်က
အောက်အသင်းတွေကြိုက်နေတယ် ။

ကြည်ဇော်အေး
19 4 2018

Labels: ,

ရောမ စစ်မျက်နှာ ( ၄ )


သူရဲကောင်းတစ်ယောက်ရဲ့ အလောင်းကို
စစ်ပွဲအတွင်းမှာ သံခွါကျွတ်ထွက်သွားတဲ့ မြင်းတစ်ကောင်လို
သားသတ်ရုံပို့လိုက်ပါပြီလား

ခင်ဗျားရဲ့
အသွားနှစ်ဖက်ပါတဲ့ ဓားတွေကို ပြန် သ ထားလိုက်ပါ ဆီဇာ ။

ကြည်ဇော်အေး
19 4 2018

Labels: ,

ရောမ စစ်မျက်နှာ ( ၃ )


ရောမ ရောက်ရင်
ဗင်းနစ် လိုပဲ ကျင့်ကျင့်
မီလန် လိုပဲ ကျင့်ကျင့်
ဖလောရင့် လိုပဲ ကျင့်ကျင့်

ငါက
တန်းဆင်းဇုံထဲမှာ မူးစုပဲစု အမှတ်လေးတွေရှာနေရတဲ့
ဥရောပရဲ့ တောမြို့ကလေး
ဆီစီနာ ။

ကြည်ဇော်အေး
19 4 2018

Labels: ,

ရောမ စစ်မျက်နှာ ( ၂ )

ငါ့ အိမ်နိမ့်စံဘဝမှာ
ရန်သူနဲ့ စေ့စပ်ခဲ့ရတယ်

နန်းတော်ကို သိမ်းပိုက်ပြီးချိန်မှာ
မင်းကို မိဖုရားမြှောက်ချင်တာ

ဒါပေမဲ့
မင်းက ရန်သူနဲ့ လင်ငယ်နေခဲ့တယ်

အေး
ငါ့ ထီးနန်းရိပ်မှာ
ကလီယိုပတ်ထရာ ပြက္ခဒိန်
ချိတ်ခွင့်မရှိစေရဘူး ။

ကြည်ဇော်အေး
19 4 2018

Labels: ,

ရောမ စစ်မျက်နှာ


စစ်မြေပြင်မှာ
တစ်ယောက်ကိုတစ်ယောက် မမြင်ရဘူး

အမှောင်ထဲမှာ
သက်သေမရှိဘူး

လူကို မမြင်ရတော့လည်း
စိတ်က မနာမိဘူး

နောက်ကျောမှာ ဓားတန်းလန်းကြီးနဲ့
ဒီကဗျာကို ရေးမိတယ် ။

ကြည်ဇော်အေး
4 4 2018

Labels: ,