ဒါပေမယ့် ညီမလေးရယ် ငါ့မှာ စပါးခင်း ရှိပါတယ်
ဒါဟာ
ညနေလား
ဘယ်မလဲ နေလုံး
စုန်းစုန်းကြီး မြုပ်တာလည်း မမြင်ရ
ရိုးမတောင်တန်း ပြာပြာတွေ မမြင်ရ
သင်္ကန်းစ ရွက်တိုင်လေးနဲ့
တံငါလှေလေး မမြင်ရ
ကာဖီရောင် ပေါက်နေတဲ့
ဧရာဝတီ ရေစီးသံ မကြားရ
စိမ်းရင့် နက်မှောင်နေတဲ့ စပါးစိုက်ခင်း တွေ ခေါင်းညိတ်မပြ
လယ်ကတွတ်ပေါက်က ဗျိုင်းဖြူဖြူလေး မမြင်ရ
သမန်းဆီ တက်နေတဲ့
လယ်သူမခြေထောက်လေးတွေ ရင်ခုန်ခွင့်မရ
ကြက်တွန်သံ ပလွေသံ မကြားရဒေသ
မြို့ပြ
လျှပ်စစ်မီး ပျက်တယ်
ကြီးကြီးကျယ်ကျယ် ဖယောင်းတိုင် ထွန်းတဲ့ စားပွဲက
ဈေးအကြီးသား
မန်းဘီယာ တစ်လုံးပြီး တစ်လုံး လဲကျ
သိပ်ရက်စက်တယ် ညီမလေးရေ…
မွှေကြော်တစ်ပွဲ ရေခဲဆော်ဒါ၊ ရမ်သုံးပက် ကန်စွန်းပလိန်း နဲ့
စစ်ခင်းနေရ
ရှုံးခဲ့ပြီလား
မယုံနိုင်စရာ
ရွှေရောင်အိပ်မက်တွေ ရွေးချယ်သွား
ခံစားလိုက်စမ်း
ရင်နှစ်ခြမ်းကွဲအောင် အလေလိုက် ညနေကြီး မျိုချ
အလိမ်ခံလိုက်ရ ညနေ
နေဝင်ချိန် ဘယ်လို ဖြတ်သန်းမလဲ
တကယ်တော့လည်း
ငါ စိုက်ပျိုးခဲ့တဲ့ ရွှေရောင်စပါးခင်း
ညီမလေးကိုယ်တိုင် ထမင်းရည်လေး ငှဲ့လို့
ရောင့်ရဲတင်းတိမ် ထမင်းမြိန်မလား
စားသုံးကြည့်သင့်ပါတယ်
တောင်တန်း တောင်ကုန်းတွေရဲ့ ရင်ခွင်
လရောင် လေညင်း စိုက်ခင်းစိမ်းစိမ်း
ကောက်ဦးရနံ့ တွေ မွှေးပြီ ညီမလေးရေ
ညီမလေး မပါဝင် နိုင်တော့တဲ့
ကောက်သစ်စား ပွဲတော် တစ်ခုမှာ … ။ ။
ကောက်နွယ်ကနောင်
ချယ်ရီ၊ အောက်တိုဘာ၊ ၉၇
Labels: ကောက်နွယ်ကနောင်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home