ကိုယ့်ကြောင့် ကမ္ဘာကြီး မနာကျင်စေချင်
အားကောင်းမောင်းသန် ရူးသွပ်ခဲ့စဉ်တုန်းက
ကောင်းကင်ဘုံကို မော့ကြည့်ဖို့ ကြိုးစားဖူးတဲ့
သိုးတစ်ကောင်။
သင်ရိုးညွှန်းတမ်း ပျောက်ဆုံးနေတဲ့ နှစ်များ။
အထင်တော်လွဲမှားပြီး
ဘုရားသခင်က လက်ဆောင်တစ်ခု ချီးမြှင့်လိုက်ရဲ့
မင်းကလေးကိုပေါ့ စံပယ်ခင်။
အခုတော့
သူ့သဘောသူဆောင်တဲ့ အာကာသဓာတ်ကြီးကြောင့်
တစ်ကျွန်းစီနေ တစ်မြေစီခြားရပေါ့။
ဗုံတွေဟာ တီးဖို့ မဟုတ်တော့ဘူး၊
အိမ်မပြန်တမ်းပေါ့ကွယ်
တိမ်တွေရဲ့ အဆန်လမ်းမှာ
ကိုယ့်ခြေလှမ်းတွေ ပျောက်ဆုံးခဲ့ရ၊
ကိုယ့်ကျောပေါ် အလျားလိုက်စီးတဲ့မြစ်မှာ
ကိုယ့်ရာဇဝင် ပျောက်ဆုံးခဲ့ရ၊
တစ်စက်မှာ ရေမရှိတဲ့မြစ်ကြီးထဲ
လှေနာဝါကို ရွက်လွှင့်ခဲ့ရ။
အနွေးဓာတ်ပါတဲ့ အနမ်းရဲ့အငွေ့အသက်ဟာ
အမြဲတမ်းပဲ အတိတ်ကိုဆောင်တယ်
သရဖူမဆောင်းခဲ့တဲ့ တို့ရဲ့မာနတရားကတော့
ဘယ်တော့မှ မိုးမလင်းပေဘူး၊
သက်သေပြချက်တွေကို လိုက်ရှာမနေပါနဲ့တော့
ကိုယ့်ကြောင့်
ကမ္ဘာကြီး မနာကျင်စေချင်၊
ကျောက်တုံးတစ်တုံးမှာ
အောက်မေ့အမှတ်ရစရာ ဘာမျှမရှိ၊
ပန်းတစ်ပွင့်ဟာလည်း
ဝံပုလွေတစ်ကောင်ရဲ့ အိပ်မက်တစ်ခု မဖြစ်နိုင်၊
မြွေတစ်ကောင်ကတော့
သူ့ကိုယ်သူ လေယာဉ်ပျံတစ်စင်းလို့
စိတ်ကူးယဉ်ခဲ့ဖူးမှာပေါ့။
ကျဆုံးသွားတဲ့ လူ့ယဉ်ကျေးမှုတိုင်းကို
အနမ်းနဲ့ နှုတ်ဆက်ဖို့
ကိုယ့်အနာဂတ်ဟာ
အဝေးက ပြန်လာနေပါပြီ။
ပိုင်စိုးဝေ
ဖေဖော်ဝါရီ၊ ၂၀၀၁
Labels: ပိုင်စိုးဝေ