28 July, 2020

အချစ်ပုံပြင် ၂၀၂၀



အနားကပ်လို့မရတော့တဲ့ကမ္ဘာကြီးမှာ
တစ်ယောက်နဲ့တစ်ယောက်
ခြောက်ပေအကွာက ချစ်ကြမယ်။
ဒီအချိန်မှာ
ပြင်သစ်ရေမွှေးနံ့ထက်
ကလိုရင်းပိုးသတ်ဆေးနံ့က
ပိုဆွဲဆောင်မှုရှိရဲ့။
ဒီအချိန်မှာ
ဆင်စွယ်လက်ချောင်းကလေးတွေထက်
အဖြူရောင်လက်အိတ်ကလေးတွေက
ပိုလှရဲ့။
ဒီအချိန်မှာ
အချစ်ရေးကံကောင်းဖို့ထက်
ကိုယ်ခံအားကောင်းဖို့က
ပိုအရေးကြီးရဲ့။
ဒေးလ်ကာနက်ဂျီရဲ့
လူမှုဆက်ဆံရေးအပြုံးတွေလည်း
ဒီအချိန်မှာ
ဘာမှအသုံးမဝင်တော့ဘူး။
ရိုမီယိုနဲ့ဂျူလိယက်
အက်စသာနဲ့ပေါလ်
ဂျက်ဒေါ်ဆန်နဲ့ရို့စ်တို့လို
ဂန္ထဝင်မြောက်ချင်လို့ မရတော့ဘူး။
မင်းဘဝနဲ့ ငါ့ဘဝကြားထဲမှာ
ညမထွက်ရ အမိန့်ကြီးခြားထားတယ်။
မင်းနှုတ်ခမ်းနဲ့ ငါ့နှုတ်ခမ်းကြားမှာ
ပိုးသတ်ဆေးဖျန်းထားတဲ့
နှာခေါင်းစည်းကလေးခြားထားတယ်။
မင်းအလိုဆန္ဒနဲ့ ငါ့အလိုဆန္ဒကြားမှာ
မိစ္ဆာတွေအော်နေတဲ့
တစ္ဆေမြို့တော်ကြီးခြားထားတယ်။
မရေရာတဲ့အနာဂတ်နဲ့
အသက်ရှူကျပ်နေတဲ့ကမ္ဘာမှာ
ကြယ်ရောင်လရောင်တွေမပါဘဲ
အပူချိန်တိုင်းကိရိယာတွေ
အရေးပေါ်လူနာတင်ယာဉ်တွေနဲ့
အချစ်ပုံပြင်တစ်ပုဒ်ကို
ငါတို့ရေးဖွဲ့ခဲ့ကြပြီ။

မိုဃ်းဇော်

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home