လိုအပ်ချက်တွေနဲ့လူ
မီးခတ်ကျောက်လို
စိတ်ကို စိတ်နဲ့ ပွတ်တိုက်ကြည့်တယ်
ဝေဒနာတွေ တလက်လက် တောက်ပလို့
ကွေ့သောကမ်းကိုလည်း ဖြတ်ဖူးပါတယ်
ဖြောင့်သောလမ်းကိုလည်း လျှောက်ဖူးပါတယ်
အခြားတစ်ဖက်က ကြည့်လိုက်တဲ့အရာတွေအားလုံး
မှန်တစ်ချပ်လိုကြေကွဲ
အချစ်ရေးမှာလည်း ၀မ်းနည်းပက်လက် ဖြစ်ဖူးပါကြောင်း။
အပြစ်အနာဆာမဲ့ ရှင်သန်ချင်ပါတယ်
ချုပ်ကြိုးနဲ့ မလွတ်တဲ့ နှလုံးခုန်သံတွေ
သားရေကြိုးတစ်ပင်လို ဆွဲဆန့်မလွယ်တဲ့ အာရုံခံစားမှုတွေ
ကိုယ်ရောင်ပြချင်သလို ပြခွင့်မရတဲ့ သရဲတစ်ကောင်ရဲ့ဘဝ
လောကကြီးလည်း တစ်ခြမ်းပဲ့မှောင်ရီနေကြောင်း။
ဘယ်ကာလထိ အရှုံးအနိမ့်ဆန်ဦးမှာလဲ
ဘယ်ဒေသထိ ဖုန်းဆိုးမြေဆန်ဦးမှာလဲ
သစ္စာတရားကို ဦးညွတ်မိတဲ့အခါတိုင်း
ဖောက်ပြန်မှုဓားချက်တွေက ရှောင်တိမ်းရခက်နေတယ်။
ကံတရားကို တံတွေးမျိုသလို မျိုပါ
ကွမ်းထွေးသလို မထွေးပါနဲ့
ဥသြတစ်ကောင်လို အသံသာပါ
ကျီးကန်းတစ်ကောင်လို အရုပ်မဆိုးပါနဲ့
ဆင်တစ်ကောင်လို ခရီးသွားပါ
ကျားတစ်ကောင်လို မဟိန်းဟောက်ပါနဲ့
မြွေပွေးတစ်ကောင်လို သိမ်မွေ့အေးဆေးနိုင်ပါစေ။
သူလိုကိုယ်လို သာမန်လူသားတစ်ယောက်ပါ
ဂစ်တာတစ်လက်လို အသံနည်းနည်း မြည်တတ်ပါတယ်
သီချင်းတစ်ပုဒ်လိုလည်း နည်းနည်းညည်းတွားတတ်ပါတယ်
ဖိနပ်တစ်ရန်လိုလည်း ဟိုနားသည်နားသွားတတ်ပါတယ်
“လိုလို” လိုလိုနဲ့ အမြဲတမ်းလိုအပ်နေတဲ့ လူတစ်ယောက်ပါ။ ။
လင်းသဏ်ညီ
Labels: လင်းသဏ်ညီ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home