ကောင်းကင်ဖြစ်သွားတဲ့ကြယ်
တခါကတော့ သူဟာ လရောင်လေးနဲ့မှ သီချင်းရေးမယ်လို့ စကြာဝဠာကြီးရဲ့ တံစက်မြိတ်မှာ မှိတ်တုတ်မှိတ်တုတ်ရင်ခုန်ခဲ့ဖူးသူ ကြယ်ကလေးပါ။ လဆုတ်ရက်တစ်ရက်မှာ မွေးဖွားခဲ့သူမို့ လောကကို အဆိုးမြင်စိတ်နဲ့ ယှဉ်တွဲနားလည်ခဲ့သူလည်း ဖြစ်ပါတယ်။ လမိုက်ရက်တစ်ရက်မှာတော့ မျက်သားတက်သလောက် အနီရောင်နဲ့ အလင်းရောင်ယောင်ဆောင်ပြရတာ လောကအပေါ် မျက်နှာပျက်စရာဖြစ်တယ်။ (သူ ဒီလို တွေးခေါ်ခဲ့ပါတယ်) ရှင်သန်ခြင်းအဘိဓမ္မာသက်သက်နဲ့ ပုစွန်ဆိတ်ခုန်သလို ဘ၀ကို အမြုပ်တစီစီ မနေလိုဘူး။ (သူ့ကိုယ်သူ ဒီလို တောင်းဆိုခဲ့ပါတယ်) ရိုးရိုးသားသားကြယ်ကလေး ကိုယ့်သမိုင်းကိုယ်ရေးမယ့် ကြယ်ကလေး ချိုတူကိုယ်တူခြင်းသာဆို လမင်းလည်း ပြိုင်လင်းရဲပါတယ် ဆိုတဲ့ ကြယ်ကလေး သူ့ ပခုံးပေါ် လွှဲတင်လိုက်သမျှ နံကျွံအောင်ထမ်းမယ့် ကြယ်ကလေး။ သူ အသက်ပေးထုချေရတော့မယ့် အဲဒီလို အဆုံးစွန်စိန်ခေါ်မှုတွေကြား ဖြေဆိုပြီးသား ကောင်းကင်စာမျက်နှာ ကြောင်ပစ်လိုက်သလို ဒဏ်ရာအက်ကြောင်းတစ်လျှောက် အကြောလိုက်သပ်ရိုက်ချလိုက်သလို အမှောင်မှာ ရဲရင့်လိုသူမို့ ၀င်းခနဲ ထိုးထွင်းလိုက်တဲ့ သူ့ရဲ့ နောက်ဆုံးအလင်းရောင်မှာ ကောင်းကင်ရင်ပုံ ၀ဒိန်ဆော်ချလိုက်သလို သူ - ကြွက်မြီးတန်းကြွေကျခဲ့ပုံ။ ကိုယ်ပိုင်အလင်းနဲ့ လင်းရဲတဲ့ကြယ်ဆိုတာ အလင်းငှားနဲ့ အရှက်မဲ့မဲ့လင်းရတဲ့ ဂြိုလ်ပြာပြာတွေပေါ် ဘယ်တော့မှ ကြွေကျရိုးမရှိပါဘူး။ လမ်းတစ်ဝက်မှာပဲ သူ့ကိုယ်သူ လောင်ကျွမ်းပစ်ခဲ့တာ။ ကိုသန်းထွန်း ( ငါ့ညီ ကေအေတီ သို့ )
Labels: ကိုသန်းထွန်း
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home