ဖဲဝိုင်း
အပြင်ဖက်မှာ
ကလေးတွေ ဆော့ကစားနေကြတာလား
ရန်ဖြစ်နေကြတာလား
သူတို့ စိတ်မဝင်စားကြဘူး။
ကုလားဖန်ထိုးတယ်၊ ဖဲချပ်ဝေတယ်
တစ်ချပ်ချင်း ပွတ်ကြည့်ကြတယ်
အလိုရမ္မက်
တဏှာ
မနာလိုမှု။
ဆက်ပြီးပွတ်ကြည့်ကြတယ်
မုသာဝါဒ
အဆိပ်
ဓါးမြှောင် ။
အိမ်မြှောင်စုတ်ထိုးသံတွေကြားတယ်
သူတို့ ကောက်ချင်သလို
အတိတ်နိမိတ်ကောက်ယူတယ်။
ဘုရားရှိခိုးသံ ဂါထာရွတ်သံတွေကြားတယ်
သူတို့ ကောက်ချင်သလို
အဓိပ္ပာယ်ကောက်ယူတယ်။
သီချင်းဆိုတဲ့လူက ဆိုတယ်
ဒူးနှံ့တဲ့လူက နှံ့တယ်
ဖဲချပ်ကို ဆက်ပြီးပွတ်ကြည့်ကြတယ်
လောဘ၊ မောဟ
မောဟ၊ လောဘ။
ဂျိုကာများ ပါလာလို့ကတော့
ပြုံးလို့ပျော်လို့ 
သူတို့ ကိုယ်ကျင့်တရားတွေ အားလုံးကို
အဲဒီ ဂျိုကာချပ်ထဲ အတင်းထိုးထည့်
လိုသလို အသုံးပြုနိုင်ဖို့
နံဘေးလူ မသိအောင် ကြံလို့ စည်လို့။
ကလေးတွေ စာအော်ကျက်သံကြားတယ်
သူတို့ စိတ်မဝင်စားကြဘူး၊
ငှက်ဆိုးထိုးသံကြားတယ်
သူတို့ စိတ်မဝင်စားကြဘူး။
လေချွန်တဲ့သူက ချွန်တယ်
ရွဲ့ ပြုံး ပြုံးတဲ့သူက ပြုံးတယ်
တောက်ခေါက်တဲ့လူက ခေါက်တယ်၊
တယောက်က
အောက်ဖဲတချပ် ဆွဲယူတယ်
ဖြန်းကနဲ ရိုက်ကြည့်တယ်
အတ္တ။
နောက်တယောက်က
အောက်ဖဲတချပ် ဆွဲယူတယ်
ဖြန်းကနဲ ရိုက်ကြည့်တယ်
ဒေါသ။
ညဥ့်နက်သထက် နက်လာပြီ
ကြည့်ပြီးသား ဖဲချပ်တွေကိုပဲ
အရသာခံပြီး
ပြန်ပွတ်ကြည့်နေကြပြန်တယ်
အတ္တ၊ ဒေါသ၊ မစ္ဆေရ
မစ္ဆေရ၊ ဒေါသ၊ အတ္တ။
ကွန်စစ်ကောင်း
Labels: ကွန်စစ်ကောင်း
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home