28 July, 2017

လိုအပ်ချက်တွေနဲ့လူ

မီးခတ်ကျောက်လို
စိတ်ကို စိတ်နဲ့ ပွတ်တိုက်ကြည့်တယ်
ဝေဒနာတွေ တလက်လက် တောက်ပလို့
ကွေ့သောကမ်းကိုလည်း ဖြတ်ဖူးပါတယ်
ဖြောင့်သောလမ်းကိုလည်း လျှောက်ဖူးပါတယ်
အခြားတစ်ဖက်က ကြည့်လိုက်တဲ့အရာတွေအားလုံး
မှန်တစ်ချပ်လိုကြေကွဲ
အချစ်ရေးမှာလည်း ၀မ်းနည်းပက်လက် ဖြစ်ဖူးပါကြောင်း။

အပြစ်အနာဆာမဲ့ ရှင်သန်ချင်ပါတယ်
ချုပ်ကြိုးနဲ့ မလွတ်တဲ့ နှလုံးခုန်သံတွေ
သားရေကြိုးတစ်ပင်လို ဆွဲဆန့်မလွယ်တဲ့ အာရုံခံစားမှုတွေ
ကိုယ်ရောင်ပြချင်သလို ပြခွင့်မရတဲ့ သရဲတစ်ကောင်ရဲ့ဘဝ
လောကကြီးလည်း တစ်ခြမ်းပဲ့မှောင်ရီနေကြောင်း။

ဘယ်ကာလထိ အရှုံးအနိမ့်ဆန်ဦးမှာလဲ
ဘယ်ဒေသထိ ဖုန်းဆိုးမြေဆန်ဦးမှာလဲ
သစ္စာတရားကို ဦးညွတ်မိတဲ့အခါတိုင်း
ဖောက်ပြန်မှုဓားချက်တွေက ရှောင်တိမ်းရခက်နေတယ်။

ကံတရားကို တံတွေးမျိုသလို မျိုပါ
ကွမ်းထွေးသလို မထွေးပါနဲ့
ဥသြတစ်ကောင်လို အသံသာပါ
ကျီးကန်းတစ်ကောင်လို အရုပ်မဆိုးပါနဲ့
ဆင်တစ်ကောင်လို ခရီးသွားပါ
ကျားတစ်ကောင်လို မဟိန်းဟောက်ပါနဲ့
မြွေပွေးတစ်ကောင်လို သိမ်မွေ့အေးဆေးနိုင်ပါစေ။

သူလိုကိုယ်လို သာမန်လူသားတစ်ယောက်ပါ
ဂစ်တာတစ်လက်လို အသံနည်းနည်း မြည်တတ်ပါတယ်
သီချင်းတစ်ပုဒ်လိုလည်း နည်းနည်းညည်းတွားတတ်ပါတယ်
ဖိနပ်တစ်ရန်လိုလည်း ဟိုနားသည်နားသွားတတ်ပါတယ်
“လိုလို” လိုလိုနဲ့ အမြဲတမ်းလိုအပ်နေတဲ့ လူတစ်ယောက်ပါ။     ။

လင်းသဏ်ညီ

Labels:

24 August, 2015

ဗန်ဂိုး


အ၀ါရောင် စိတ်ထွက်ပေါက် စုတ်ချက်တစ်ချက်
ကန္တာရထဲက အပူလို ပန်းချီကားထဲက ကိုယ်တိုင်ရဲ့အပူ
လောင်ကျွမ်းတောက်လောင်နေတဲ့ မီးလျှံရဲ့မျက်လုံး
ဂျုံခင်းတွေ၊ နေကြာပန်းတွေ၊ ဆိုက်ပရပ်စ်လမ်းတွေ
ဂျုံခင်းပေါ် ဖြတ်ပျံနေတဲ့ ကျီးကန်းတွေ
စိတ်ဓာတ်ကျဆင်းမှု အမည်းရောင်စီးကြောင်း
'ဘ၀မှာ ပန်းချီရေးချိန် နောက်ကျခဲ့သလို
အသက်ရှင်သန်ချိန်ရော ငါ့အတွက် လုံလောက်ပါ့မလား'
ပါရီမှာ ဘယ်တော့မှ သေဆုံးတော့မှာမဟုတ်တဲ့ ဒတ်ခ်ျပန်းချီဆရာ
ခန္ဓာကိုယ်တစ်ခြမ်းက အနုပညာလက်စွမ်းနဲ့ တောက်ပနေတယ်
မျက်လုံးတွေဟာ
ပန်းချီကားပေါ် ဆာလောင်စိတ်နဲ့ အမြဲစူးရှနေတာပဲ
လင်းလက်နေတာပဲ
ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်တဲ့ အနုပညာအပေါ် တပ်မက်စိတ်
ပြတ်ထွက်သွားတဲ့ နားရွက်တစ်ဖက်က ချစ်မေတ္တာအတွက်
သူ့ရဲ့လက်ဆောင်
ဒုက္ခတရားတွေက ဘယ်တော့ အဆုံးသတ်မှာလဲ
အနုပညာသမား တစ်ယောက်အတွက် ကမ္ဘာဟာ နာကျင်စရာတွေပဲ ပေးတယ်
မီးညွှန့်တွေလို ထိုးတက်နေတဲ့ ဆိုက်ပရပ်စ်ပင်တွေ
ကြယ်စုံညတွေမှာ ကြယ်တွေမကြွေဖို့ ဆုတောင်းရင်း
ပန်းချီကားထဲ ၀င်ရောက်ပျောက်ကွယ်သွားသူတစ်ယောက်။

လင်းသဏ်ညီ
ရုပ်ရှင်တေးကဗျာ
စက်တင်ဘာ၊ ၂၀၁၂။

Labels: