24 August, 2015

ဗန်ဂိုး


အ၀ါရောင် စိတ်ထွက်ပေါက် စုတ်ချက်တစ်ချက်
ကန္တာရထဲက အပူလို ပန်းချီကားထဲက ကိုယ်တိုင်ရဲ့အပူ
လောင်ကျွမ်းတောက်လောင်နေတဲ့ မီးလျှံရဲ့မျက်လုံး
ဂျုံခင်းတွေ၊ နေကြာပန်းတွေ၊ ဆိုက်ပရပ်စ်လမ်းတွေ
ဂျုံခင်းပေါ် ဖြတ်ပျံနေတဲ့ ကျီးကန်းတွေ
စိတ်ဓာတ်ကျဆင်းမှု အမည်းရောင်စီးကြောင်း
'ဘ၀မှာ ပန်းချီရေးချိန် နောက်ကျခဲ့သလို
အသက်ရှင်သန်ချိန်ရော ငါ့အတွက် လုံလောက်ပါ့မလား'
ပါရီမှာ ဘယ်တော့မှ သေဆုံးတော့မှာမဟုတ်တဲ့ ဒတ်ခ်ျပန်းချီဆရာ
ခန္ဓာကိုယ်တစ်ခြမ်းက အနုပညာလက်စွမ်းနဲ့ တောက်ပနေတယ်
မျက်လုံးတွေဟာ
ပန်းချီကားပေါ် ဆာလောင်စိတ်နဲ့ အမြဲစူးရှနေတာပဲ
လင်းလက်နေတာပဲ
ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်တဲ့ အနုပညာအပေါ် တပ်မက်စိတ်
ပြတ်ထွက်သွားတဲ့ နားရွက်တစ်ဖက်က ချစ်မေတ္တာအတွက်
သူ့ရဲ့လက်ဆောင်
ဒုက္ခတရားတွေက ဘယ်တော့ အဆုံးသတ်မှာလဲ
အနုပညာသမား တစ်ယောက်အတွက် ကမ္ဘာဟာ နာကျင်စရာတွေပဲ ပေးတယ်
မီးညွှန့်တွေလို ထိုးတက်နေတဲ့ ဆိုက်ပရပ်စ်ပင်တွေ
ကြယ်စုံညတွေမှာ ကြယ်တွေမကြွေဖို့ ဆုတောင်းရင်း
ပန်းချီကားထဲ ၀င်ရောက်ပျောက်ကွယ်သွားသူတစ်ယောက်။

လင်းသဏ်ညီ
ရုပ်ရှင်တေးကဗျာ
စက်တင်ဘာ၊ ၂၀၁၂။

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home