လိုချင်တာကဗျာ မဟုတ်ဘူး
သစ်ပင်တွေပေါ်မှာ နွေဦးပေါက်ပြီလား
လက်ဖက်ရည်ဆိုင်ထောင့်ချိုးမှာ
ထောင့်မကျိုးတဲ့ သီချင်းဟာ ခုန်ဆွခုန်ဆွ
ကျနော်ကတော့ ထုံးစံအတိုင်း နောက်ကျမြဲ။
လမ်းမပေါ်မှာ မော်တော်ကားတွေ သိပ်မြန်တယ်
ကောင်းကင်ထဲ လေယာဉ်ပျံတစ်စင်း ပျံသန်းသွားပုံ
နှေးကွေးလေးလံလွန်းစွ။
မွန်းတည့်ချိန်နေရောင်ထဲ အရိပ်ရှည်တွေ
တစ်ခုပေါ်တစ်ခု တရိပ်ရိပ် ဖြတ်သန်း
အဆန်းတကြယ်ပ
“ ဘတ်ထရီအိုးအဟောင်းတွေ ဝယ်တယ် ” တဲ့
ဦးနှောက်အဟောင်းကို ရောင်းချင်တယ်။
လူတွေ။ လူတွေ။ လူတွေ။
သူတို့ဘာကို လိုချင်နေကြတာလဲ
လူတစ်ယောက်က ခွေးတစ်ကောင်ကို
သူ စားပြီးသား အရိုးအရင်းတွေ ချကျွေးနေတယ်
ခင်ဗျားရဲ့ လက်တစ်ဖက်ကို ဖြတ်ပြီး ချကျွေးယင်လည်း
အဲဒီခွေးဟာ စားမှာပဲ။
ယောင်္ကျားတစ်ယောက် က အချစ်ကို ဆာလောင်နေတုန်း
မိန်းမတစ်ယောက် က ငွေကြေးကို ဆာလောင်နေတယ်။
ကမ္ဘာမှာ ကလေးငယ်တွေ
ကယ်တင်ရှင်ကို ဆာလောင်နေကြချိန်
မသိသားဆိုးရွား၊ ရက်စက်လှစွာ
ကျနော် ကဗျာတစ်ပုဒ်ရေးနေမိ။
ကျနော်လိုချင်တာ ကဗျာ မဟုတ်ဘူး
ကျနော် ဆာလောင်နေတာ နွေဦးပေါက်ရာသီ
ရွက်နုကလေးတွေ စိမ်းဖန့်နေတဲ့ နွေဦးပေါက်ရာသီ ။
မင်းထက်မောင်
ပိတောက်ပွင့်သစ် - စာပေအနုပညာမဂ္ဂဇင်း ၂၀၀၈၊ ဇန်နဝါရီ
Labels: မင်းထက်မောင်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home