28 July, 2017

လျှို့ဝှက်တဲ့ ထောင့်ကျဉ်းများ

ချောင်းကြည့်ပေါက်တခုက မြင်နေရတာတွေ
ခင်ဗျားကို ကျနော်ပြောပြမလို့
အိပ်မက်လား တကယ်ပဲလား
တကယ့်ကို မကွဲမပြားဘဲ
သူတို့နှစ်ယောက် မှန်ချပ်တွေ မကွဲမရှအောင်
သတိရှိရှိနဲ့ တယောက်ပေါ် တယောက်ထပ်
ပင်လယ်ကြီး ဖြစ်သွားတဲ့အထိ
အဲဒီ ပင်လယ်ပေါ် ဟန်းနီးမွန်း ထွက်ကြမလို့တဲ့
ဒါဟာ …
(၁) ဟိုး … တောင်ထိပ်က ရဲတိုက်ပေါ်မှာ တပ်ဆင်ထားတဲ့ မိုးကြိုးလွှဲ
(၂) လိပ်ပြာတောင်ပံထဲက ကျန်ရစ်ခဲ့တဲ့ ပန်းဝတ်မှုန်
(၃) စုတ်ချက်တွေနဲ့ ခုတ်ထစ်ထားတဲ့ ကျူဗစ်ဇင် ပန်းချီကား
(၄) အကောင်းဆုံးယောင်ဆောင်ထားတဲ့ ပစ္စည်းတွေ
ခင်းကျင်းပြသနေတဲ့ ဈေးပွဲတော်တခု
ဟိုမှာမြင်လား
မိုးမွှားတွေ ကန်ရေပြင်ကို အပ်ဖျားနဲ့ တဆစ်ဆစ်ဆွ
ဒီအမျိုးသမီးလှေပေါက်ကို ဖာလို့ မပြီးနိုင်တော့ဘူး
ကျနော်ဟာ ပိုးဟပ်တကောင်ပါ
ချောင်းကြည့်ရုံကလွဲလို့ ဘာမှမလုပ်တတ်တဲ့
ရွှေငါးတကောင်က ကျနော့်ကို မျိုချထားတယ်
သူ့မျက်လုံး သူငယ်အိမ်ပေါက်တွေက တဆင့်
လှိုဏ်ခေါင်းလို ရှည်လျားတဲ့ ကျနော့် ဦးမျှင်တွေကနေတဆင့်
ကျနော် ချောင်းကြည့်လိုက်တယ်

မီးကျည်ပစ်ဖောက်လိုက်တာ သူတို့မမြင်ကြဘူး
အချက်ပေး ဥသြသံတွေလည်း သူတို့မကြားကြဘူး
လှိုင်းမူးနေတဲ့ ပင်လယ်ဟာ သူတို့အတွက် ဗုံးခိုကျင်းပဲ
တောင်ကုန်းအမှတ် (၀၀၁)
အခု စကားပြောနေတာ အချစ်ပါ
ဟုတ်ကဲ့ ကျမ အိုးထိန်းစက်တခုပေါ် ရောက်နေပါတယ်
ရှင်တို့အားလုံး ရှာရှာလည်လို့
ဒါပဲနော် ကျမ ပင်လယ်ထဲ ခုန်ချလိုက်တော့မယ်
ဒီလိုနဲ့ပဲ
ညတာတွေ ရှည်လျားလာ
ဒီလိုနဲ့ပဲ
ဇာတ်လမ်းဟာ အထွဋ်အထိပ်ကို ရောက်လာ
ဒီလိုနဲ့ပဲ
ကျနော်လဲ ချောင်းကြည့်သူတွေများလာ
ဒါနဲ့မိတ်ဆွေ
ခင်ဗျားလည်း ကျနော့်လို ချောင်းကြည့်နေတုန်းပဲလား
ဒါမှမဟုတ် …

မောင်ရှင်စော

Labels:

လိုအပ်ချက်တွေနဲ့လူ

မီးခတ်ကျောက်လို
စိတ်ကို စိတ်နဲ့ ပွတ်တိုက်ကြည့်တယ်
ဝေဒနာတွေ တလက်လက် တောက်ပလို့
ကွေ့သောကမ်းကိုလည်း ဖြတ်ဖူးပါတယ်
ဖြောင့်သောလမ်းကိုလည်း လျှောက်ဖူးပါတယ်
အခြားတစ်ဖက်က ကြည့်လိုက်တဲ့အရာတွေအားလုံး
မှန်တစ်ချပ်လိုကြေကွဲ
အချစ်ရေးမှာလည်း ၀မ်းနည်းပက်လက် ဖြစ်ဖူးပါကြောင်း။

အပြစ်အနာဆာမဲ့ ရှင်သန်ချင်ပါတယ်
ချုပ်ကြိုးနဲ့ မလွတ်တဲ့ နှလုံးခုန်သံတွေ
သားရေကြိုးတစ်ပင်လို ဆွဲဆန့်မလွယ်တဲ့ အာရုံခံစားမှုတွေ
ကိုယ်ရောင်ပြချင်သလို ပြခွင့်မရတဲ့ သရဲတစ်ကောင်ရဲ့ဘဝ
လောကကြီးလည်း တစ်ခြမ်းပဲ့မှောင်ရီနေကြောင်း။

ဘယ်ကာလထိ အရှုံးအနိမ့်ဆန်ဦးမှာလဲ
ဘယ်ဒေသထိ ဖုန်းဆိုးမြေဆန်ဦးမှာလဲ
သစ္စာတရားကို ဦးညွတ်မိတဲ့အခါတိုင်း
ဖောက်ပြန်မှုဓားချက်တွေက ရှောင်တိမ်းရခက်နေတယ်။

ကံတရားကို တံတွေးမျိုသလို မျိုပါ
ကွမ်းထွေးသလို မထွေးပါနဲ့
ဥသြတစ်ကောင်လို အသံသာပါ
ကျီးကန်းတစ်ကောင်လို အရုပ်မဆိုးပါနဲ့
ဆင်တစ်ကောင်လို ခရီးသွားပါ
ကျားတစ်ကောင်လို မဟိန်းဟောက်ပါနဲ့
မြွေပွေးတစ်ကောင်လို သိမ်မွေ့အေးဆေးနိုင်ပါစေ။

သူလိုကိုယ်လို သာမန်လူသားတစ်ယောက်ပါ
ဂစ်တာတစ်လက်လို အသံနည်းနည်း မြည်တတ်ပါတယ်
သီချင်းတစ်ပုဒ်လိုလည်း နည်းနည်းညည်းတွားတတ်ပါတယ်
ဖိနပ်တစ်ရန်လိုလည်း ဟိုနားသည်နားသွားတတ်ပါတယ်
“လိုလို” လိုလိုနဲ့ အမြဲတမ်းလိုအပ်နေတဲ့ လူတစ်ယောက်ပါ။     ။

လင်းသဏ်ညီ

Labels:

ပါလက်စတိုင်းကလေးငယ်တစ်ဦးရဲ့ မေးခွန်း

ခြေလေးတစ်ဖဝါး ချချင်တယ်
ကျောလေးတစ်ခင်း ခင်းချင်တယ်
အရိပ်လေးတစ်ရိပ် ခိုချင်တယ်
ဒီကမ္ဘာကြီးက ကျွန်တော်တို့ကမ္ဘာမဟုတ်ဘူးလားမေမေ
မေမေနင်းထားတဲ့မြေသားက ကမ္ဘာလား မိုင်းလား
ဖေဖေ့နှလုံးသားထဲစိုက်ဝင်နေတဲ့
ကျည်ဆန်က ကျွန်တော်သွားရမယ့် မြေပုံအညွှန်းလား။

ကို​ရွေး

Labels:

ငှက်

တောင်ပံမီးစွဲနေတဲ့ ငှက်တစ်ကောင်
ဖြောင့်ဖြောင့်တန်းတန်း မပျံနိုင်ဘူး
*မြို့ရဲ့အူသံတွေဆီ
ဘယ်အကိုင်းမှာ နားမလဲ
ရင်ကို မြားတစ်စင်းလာစိုက်တယ်
ရွပ်ရွပ်ချွံချွံ လမ်းမှားပုံက
ကိုယ့်အမည် ကိုယ်မှန်းလောက်အောင်ပါပဲ။
လေထဲပျံတာတောင်
အရိပ်ကို ကြောင်ခုတ်ခံရတယ်
စက္ကူပန်းတွေလိုပဲ
ရနံ့မပါဘူး
စက္ကူပန်းတွေလိုပဲ
အရောင်မလွင့်ဘူး
ဒုက္ခစစ်စစ်တွေ မာခဲပုံက
ကဗျာတွေတောင် ဖျတ်ခနဲသေတယ်
သိပ်သိပ်သည်းသည်း လမ်းကလေးအတိုင်း
အတွေးတွေ တွယ်စီးလာရ
မြို့အူသံထဲက
တိုးထွက်လာခဲ့ပေမယ့်
တည့်တည့်မတ်မတ် မပြန်နိုင်တော့ဘူး
ဦးခေါင်းမီးစွဲလာတဲ့ ငှက်တစ်ကောင်။ ။


ကိုရွေး
ရုပ်ရှင်တေးကဗျာ
*မြို့အူသံ။ ။ အရှင်ဇနကာဘိဝံသ၏ အခြေပြုပဌာန်းစာအုပ်မှ

Labels:

မထည့်ဖြစ်တဲ့စာ

ချစ်ရတဲ့အစ်ကိုရေ
အလွမ်းတွေကို စမ်းရေထဲမှာမျှောလိုက်ပေမယ့်
စမ်းတွေကဆည်တွေဖြစ်တော့ တကယ်ညစ်တယ်အစ်ကို
အစ်ကိုကပိုသိမှာပေါ့
ဟိုတလောက သတင်းစာထဲ ဆင်းရဲမွဲတေမှုလျှော့ချရေးဆိုလား
ဆင်းရဲသားပပျောက်ရေးဆိုလား
စကားလုံးလေးတွေ တန်းစီထားတာ လှလိုက်တာအစ်ကိုရယ်

ကျွန်မတို့နားထဲ သကြားခဲလေးတွေဝင်လာသလိုပဲ
တီဗွီကြော်ငြာလို ပျော်စရာလိုလို ဘာလိုလို
မစားရ အသားကျကျ ကျွန်မတို့ဘ၀တွေပေါ့အစ်ကိုရာ
ဘယ်သူဌေးမှမတက်တဲ့ လမ်းဘေးအိမ်သာ ကျွန်မတို့တက်တယ်
ဘယ်သူဌေးမှမစီးတဲ့ မြို့ပတ်ရထား ကျွန်မတို့စီးတယ်
နိုင်ငံတော်အတွက်ဆို
တစ်ဆယ်လမ်းကိုတစ်ရာပေးစီးလိုက်တာလည်းကျွန်မတို့ပါပဲ
ကျွန်မတို့အတွက်စဉ်းစားပေးနေပြီဆိုတော့
ကျွန်မတို့ကလည်း ပြန်ပြီးနားလည်ပေးရတာပေါ့နော်
အမှိုက်တောင်ပစ်စရာမရှိတဲ့ ကျွန်မတို့အမှိုက်ခွန်တက်မယ်တဲ့
ရေခွန် လေခွန် မြေခွန် မီးခွန် ဩဓါတ်ကြီးလေးပါးအခွန်တက်မယ်ဆိုလား
ကျွန်မတော့မယုံပါဘူးအစ်ကိုရယ်
ဘာလို့ဆို အစ်ကိုတို့ကတစ်ခါမှအတည်မပြောခဲ့ဘူးလေ
ဟုတ်တယ်နော်အစ်ကို နောက်နေတာမဟုတ်လား
ကြားလိုက်ပါသေးတယ် ဘာတဲ့
အမေရိကန်မှာအခွန်ဘယ်လိုဆောင်ရတယ်
စင်္ကာပူမှာအခွန်ဘယ်လောက်ဆောင်ရတယ်ဆိုလား
သိပ်နားမလည်ပါဘူးအစ်ကိုရယ်
ကျွန်မတို့လည်း နိုင်ငံတကာအဆင့်မီအခွန်တွေဆောင်ရတော့မှာလား
ဝမ်းနည်းရမှာလား ၀မ်းသာရမှာလား ဂုဏ်ယူရမှာလား
ကျွန်မ မသိတော့ဘူးအစ်ကို
လောလောဆယ် ကျွန်မသိတာက
အခွံပဲရှိတဲ့ ကျွန်မတို့ အခွန်ထဲမှာကျပ်နေတာပဲ
ဆင်းရဲမွဲတေမှုလျှော့ချရေးစီမံကိန်းဆွဲနေတုန်း
ဘယ်သူဌေးမှမတက်တဲ့ လမ်းဘေးအိမ်သာထဲ ဗုံးထကွဲတော့
ဆင်းရဲသားတချို့လျော့သွားတယ်တဲ့အစ်ကို
လျှော့ပါ လျှော့ပါ အစ်ကိုတို့လျှော့လေ ကျွန်မတို့လျော့လေပါပဲအစ်ကို
ဒီစာရေးပြီးမှ ဒီစာမပေးဖြစ်တော့ပါဘူး ညီမမိုက်ကို ခွင့်လွှတ်ပါအစ်ကို
စာပို့ခတွေက သုံးဆဆိုလား လေးဆဆိုလား ငါးဆဆိုလား
ဒီစာ ကျွန်မသိမ်းထားလိုက်ပြီအစ်ကို
လွမ်းရေးထက် ၀မ်းရေးခက်နေတဲ့ညီမ။     ။

ကိုရွေး

Labels:

ဖဲဝိုင်း

အပြင်ဖက်မှာ
ကလေးတွေ ဆော့ကစားနေကြတာလား
ရန်ဖြစ်နေကြတာလား
သူတို့ စိတ်မဝင်စားကြဘူး။
ကုလားဖန်ထိုးတယ်၊ ဖဲချပ်ဝေတယ်
တစ်ချပ်ချင်း ပွတ်ကြည့်ကြတယ်
အလိုရမ္မက်
တဏှာ
မနာလိုမှု။

ဆက်ပြီးပွတ်ကြည့်ကြတယ်
မုသာဝါဒ
အဆိပ်
ဓါးမြှောင် ။

အိမ်မြှောင်စုတ်ထိုးသံတွေကြားတယ်
သူတို့ ကောက်ချင်သလို
အတိတ်နိမိတ်ကောက်ယူတယ်။
ဘုရားရှိခိုးသံ ဂါထာရွတ်သံတွေကြားတယ်
သူတို့ ကောက်ချင်သလို
အဓိပ္ပာယ်ကောက်ယူတယ်။

သီချင်းဆိုတဲ့လူက ဆိုတယ်
ဒူးနှံ့တဲ့လူက နှံ့တယ်
ဖဲချပ်ကို ဆက်ပြီးပွတ်ကြည့်ကြတယ်
လောဘ၊ မောဟ
မောဟ၊ လောဘ။

ဂျိုကာများ ပါလာလို့ကတော့
ပြုံးလို့ပျော်လို့ 
သူတို့ ကိုယ်ကျင့်တရားတွေ အားလုံးကို
အဲဒီ ဂျိုကာချပ်ထဲ အတင်းထိုးထည့်
လိုသလို အသုံးပြုနိုင်ဖို့
နံဘေးလူ မသိအောင် ကြံလို့ စည်လို့။

ကလေးတွေ စာအော်ကျက်သံကြားတယ်
သူတို့ စိတ်မဝင်စားကြဘူး၊
ငှက်ဆိုးထိုးသံကြားတယ်
သူတို့ စိတ်မဝင်စားကြဘူး။

လေချွန်တဲ့သူက ချွန်တယ်
ရွဲ့ ပြုံး ပြုံးတဲ့သူက ပြုံးတယ်
တောက်ခေါက်တဲ့လူက ခေါက်တယ်၊
တယောက်က
အောက်ဖဲတချပ် ဆွဲယူတယ်
ဖြန်းကနဲ ရိုက်ကြည့်တယ်
အတ္တ။

နောက်တယောက်က
အောက်ဖဲတချပ် ဆွဲယူတယ်
ဖြန်းကနဲ ရိုက်ကြည့်တယ်
ဒေါသ။

ညဥ့်နက်သထက် နက်လာပြီ
ကြည့်ပြီးသား ဖဲချပ်တွေကိုပဲ
အရသာခံပြီး
ပြန်ပွတ်ကြည့်နေကြပြန်တယ်
အတ္တ၊ ဒေါသ၊ မစ္ဆေရ
မစ္ဆေရ၊ ဒေါသ၊ အတ္တ။

ကွန်စစ်ကောင်း

Labels: