ပန်းလှေ
မော့ကြည့်နေဆဲမှာ
တိမ်တစ်စဟာ ပျောက်ဆုံးသွားခဲ့
နာကျင်ကိုက်ခဲမှုတွေသာ
ရင်မှာကျန်ရစ်
ပြန်မဖြစ်နိုင်တော့တဲ့ အိပ်မက်တွေကိုတော့
ကြိုးလျော့ဂစ်တာတစ်လက်လို
ပြန်ညှိဖို့ ကြိုးစားနေမိ
သတိတရား လက်လွတ်စွာလေ။
များလိုက်တဲ့မာယာတွေ
ကမ္ဘာမြေက
ဘာလို့များ လက်ခံထားတာပါလိမ့်
ငြိမ့်ငြိမ့်သာသာ စီးမျောနေတဲ့
ပန်းလှေတွေ
ပန်းတိုင်ကို အတူရောက်ကာ
ပျော်နိုင်ကြမှာလို့
ဘာလို့များ မိုက်မဲစွာ
လက်ခံထားခဲ့မိတာပါလိမ့်။
ခရီးရဲ့တစ်ဖက်တစ်ချက်
ဝဲဂယက်တွေ
ကမ်းခြေမြို့တွေ
ပြီးတော့ တိုက်ခိုက်ခံရမှုတွေ
ဒါတွေကို ... ငါ
ဘာလို့ မေ့ထားခဲ့မိတာပါလိမ့်။
သတိဝင်လာချိန်မှာ
ပန်းလှေများစွာ
တချို့...ကမ်းကပ်ခဲ့ကြ
တချို့...နစ်မြှပ်ခဲ့ကြ
တချို့...အတူစီးမျောဆဲ
မျက်ဝန်းအသိထဲ
မကြည်လင်စွာ...။
ဟင့်အင်း...
အဲဒါ
ပန်းလှေပေါ်က
မိုးရေစက်တွေ မဟုတ်ပါဘူး
ကျွန်မရဲ့ မျက်ရည်တွေပါပဲ။
မနော်ဟရီ
မဟေသီ။မေ။၁၉၉၆
Labels: မနော်ဟရီ

