ဇာတ်လိုက်
သူ့ကိုယ်သူ အစအဆုံးမရှိ ဖြန့်ခင်းထားပုံက စနစ်တကျနဲ့ ပရမ်းပတာ ဆန်နေလွန်း …
သီအိုရီ အဟောင်းအမြင်းတွေကို ထားခဲ့လိုက်ဖို့ နည်းနည်းတော့ အချိန်တန်နေပြီ …
ဖျတ်ကနဲ ကွဲအက်သွားတဲ့ မှန်ပြင်က ရေစီးကမ်းပြိုရာသီဥတု
အားလုံး အကုန် အတုဖြစ်ကြောင်းဆိုတယ်
ဒါဆို ဘာက အစစ်လဲ … ကိုယ်က အစစ်လား …သူကအစစ်လား . . .
အတု ဆိုတာကရော ဘာလဲ ….?????
မေးခွန်းတွေကို ခင်ဗျား မကြားလိုက်ဘူး မဟုတ်လား … ရှိစေတော့ …
ခင်ဗျားမှာ နားအစစ်တွေ မရှိတဲ့အကြောင်း ဘယ်သူ့မှ လိုက်ပြောဖြစ်မှာမှ မဟုတ်တာ …
ကိုယ်ကိုယ်တိုင်တောင် မကြားနိုင်တဲ့နောက် …
ဘယ်သူ့နှလုံးသားကိုမှ မထိရှနိုင်တော့တာ ဆန်းသလား . . .?????
ခါးခါးသက်သက် အတွေးတွေနဲ့ အနည်ကျ နေထိုင်ရတာ ကြာလာတော့
ကိုယ့်ကို ဖြတ်ဖြတ်ရိုက်လာတဲ့ လက်ဝါးတွေကိုပဲ
နာရီချိန်သီးတစ်ခုလို ချစ်မြတ်ရိုကျိုးချင်လာခဲ့ … … …
ဟေ့လူ… နည်းနည်း ငြိမ်ငြိမ်နေလို့ မရဘူးလား … ခင်ဗျား အသက်ပြင်းပြင်း ရှူလိုက်တိုင်း …
စိတ်တွေလှိုင်းထ … ပစ္စကကို ပြန်ပြန်ရောက်လာရတာ သိပ်အရသာ မတွေတော့ဘူး …
မီးရောင်အောက်က ဇာတ်ညွှန်းအတိုင်း ကရမယ့် အခန်းစဉ် … အမှတ်တစ်ဆယ့်သုံး …
မိတ်ကပ်အမြန်ဆုံးလိမ်းမယ် … သေနတ်မှန်း သိသာထင်ရှားစေမယ့်
သေနတ်တစ်လက်ယူမယ် …
ဆွတ်ပျံ့ တမ်းမောဖွယ်ရာ လွမ်းသူ့နှင်းဆီဖြူလေး တစ်ခင်းလည်း လင်းနေပစေ …
သီချင်းလို့ ခေါင်းစဉ်တပ်ထားတဲ့ နာမည်ကျော် ကဗျာတစ်ပုဒ်ကိုတော့ ထားခဲ့လိုက်တော့
(ပျင်းစရာကောင်းလောက်အောင် အက်ကြောင်းတွေ ထပ်နေခဲ့ပြီ …)
ပြီးရင် … လူတွေ ပြောကျန်နေခဲ့ရမယ့် ဇာတ်အနာဆုံး ဇာတ်ညွှန်းတစ်ကွက်
အားလုံးစုံရင် … နားထင်မှာ ထောက်ထားတဲ့လက်ကို ဖြုတ်ချပစ်လိုက်တော့မယ် …
ငါကမ္ဘာလုံး ပြန်ဆုံခွင့်မရှိတော့ဘူးဆိုတဲ့ အချက်တစ်ချက်နဲ့တင်
ထိုက်တန်လွန်းနေခဲ့လိမ့်မယ် …။
မနော်ဟရီ
Labels: မနော်ဟရီ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home