02 January, 2021

လောကီနှိုးစက်

တလမ်းလုံးမှာမှ
တတိုင်ထဲရှိတဲ့ လမ်းမီးတိုင်အောက်မှာ
အပိုလီနဲ၊ မာယာကော့ဖ်စကီး၊ဒဂုန်တာရာ၊
အယ်ဇရာပေါင်း၊ဖော်ဝေး၊ညိုမင်းထက်၊
ဟိုးလဗ်နဲ့ အယ်လင်ဂျင်းစဘတ်က
ငါ့ကိုစောင့်ခဲ့တယ်။

ကူရိုဆာဝါ၊ မြို့မညိမ်း၊ဗင်းဆင့်ဗန်ဂိုး၊
ပေါ်ဦးသက်၊ ကားလ်မတ်နဲ့ ချေဂွေဗားရားက
ငါ့ကိုစောင့်ခဲ့တယ်။

မိုမိုကို၊ဘေဘီနွဲ့၊ခင်သန်းနု၊မေဝင်းမောင်၊
လုလုအောင်၊မော်နီကာနဲ့ ဂျီရ်ခမ်းက
ငါ့ကိုစောင့်ခဲ့တယ်။

အောင်ချိမ့်ရဲ့ ပျိုပျိုမေ
ငါ့ကိုစောင့်ခဲ့တယ်။

ငါ့စွန့်စားမှုနဲ့ငါ၊ ငါ့ဆပ်ကနဲ့ငါ ငါပွင့်တယ်
ငါ့သာသနာကို ကိုးကွယ်သူမရှိလည်း
ငါ့ကမ္ဘာရဲ့ဘုရားဟာ ငါ ဖြစ်ပါတယ်။

စံညိမ်းဦး
၂၉၁၂၂၀

Labels:

အသက်ရှူတဲ့ယဉ်ကျေးမှု

မီးရောင်မရှိတုန်းကတောင် ကနိုင်ခဲ့တာ
မီးရောင်ရှိတော့မှ ဘာလို့ ငိုင်နေရတာတဲ့လဲ။
ဇန္နဝါရီများ အဆုပ်လိုက် အဆုပ်လိုက်
ပင်စည်မနိုင်အောင် ပွင့်ခဲ့ကြ။
ဘဝမှာ ဒုက္ခထက် ပိုကောင်းတဲ့ အမြည်းမရှိ
တခွက်ချင်းကနေမှ တပုလင်းလုံး သောက်ဖြစ်ခဲ့တဲ့
လောကီပါ။
ဆွဲဖဲက ဘာပဲတက်လာတက်လာ
ဝိုင်းထဲက ထပြေးလို့မှ မရတာ။


စံညိမ်းဦး
၂၁၂၁

Labels:

ပြည်တွင်းစစ်

"ဂလက်ဒီရေတား" တွေလို
ကိုယ့်လက်ထဲကဓါး ကိုယ်မပိုင်ဘူး
ကိုယ့်အသက်က အစ
ကိုယ့်အရှင်သခင်တွေလက်ထဲ အပ်ထားရတာ
"ကိုလိုစီယမ်"ဆိုတဲ့ စည်းဝိုင်းထဲမှာ
စိတ်လှုပ်ရှားစရာ မေးခွန်းဟာ
နှစ်ယောက်လုံး သေမှာလား....
ဖြစ်ပြီး
အားလုံးသိပြီးသား အဖြေကတော့
"ဘယ်သူသေသေ..." ဖြစ်တယ်
မင်းလည်းကျွန် ငါလည်းကျွန်
သုတ်စရာ အိုးမည်းမလိုတဲ့ အိမ်ကြက်တွေ
သေလို့လည်း သူရဲကောင်းဖြစ်လာမှာ မဟုတ်ဘူး
ရှင်လည်း....ကျွန်ဘဝက မလွတ်နိုင်ဘူး။

ကိုသန်းထွန်း

Labels:

တစ်ယောက် တစ်ယောက်

ကွမ်းယာဆိုင်မှာ တစ်ယောက်
ဖြတ်သွားတဲ့ ဘတ်စ်ကားပေါ်မှာ တစ်ယောက်
လက်ဘက်ရည်ဆိုင်ထဲမှာ တစ်ယောက်
ထမင်းဆိုင်ထဲမှာတစ်ယောက်
ခလေးမွေးခန်းထဲမှာ တစ်ယောက်
ဆောက်လက်စတိုက်ပေါ်မှာ တစ်ယောက်
ဗန်ဒါပင်အောက်မှာလည်း
ဗန်ဒါရွက်လို ကြွေလို့ပေါ့လေ
နေပူကျဲကျဲထဲ ဖြတ်နေတာ တစ်ယောက်
ကားမှတ်တိုင်မှာ ထိုင်ပြီး
ဘတ်စ်ကားစောင့်နေတာလည်းမဟုတ်
အဲသလို တစ်ယောက်နဲ့ တစ်ယောက်
တစ်ယောက်ပြီး တစ်ယောက်
တစ်ယောက်မျက်လုံးထဲက တစ်ယောက်
ပျောက်သွားလိုက် 
တစ်ယောက်မျက်လုံးထဲ တစ်ယောက်
ပြန်ပေါ်လာလိုက် ဖြစ်စဉ်ထဲ
အခါခါ လေ့ကျင့်နေခဲ့ကြတာများလား
ဟောဟို ခုံတန်းလျားပေါ်မှာလည်း တစ်ယောက် 
ဘလက်ကန်ဝှိုက် သက်တံထဲမှာ တစ်ယောက်
ဓါတ်တိုင်အောက်မှာ တစ်ယောက်
နွားလှည်းပေါ်မှာ တစ်ယောက်
တစ်ယောက်ယောက်ကို 
သတိရလာတဲ့အခါမှာလည်း တစ်ယောက်
မနက် ဝေလီလေလင်းထဲ တစ်ယောက်
နေ့လယ်ခင်းကြီး ဘီယာဆိုင်ထဲမှာ တစ်ယောက်
ဥဩသံထဲမှာလည်း တစ်ယောက်
မေ့လျော့ခြင်းထဲမှာရော
တစ်ယောက်ယောက်များ ရှိနေမလား
တစ်ယောက်။

မိုးဝေး
(ကိုဘဌေးကြည် သို့)
၁၅-၁၁-၂၀၂၀

Labels: