02 January, 2021

တစ်ယောက် တစ်ယောက်

ကွမ်းယာဆိုင်မှာ တစ်ယောက်
ဖြတ်သွားတဲ့ ဘတ်စ်ကားပေါ်မှာ တစ်ယောက်
လက်ဘက်ရည်ဆိုင်ထဲမှာ တစ်ယောက်
ထမင်းဆိုင်ထဲမှာတစ်ယောက်
ခလေးမွေးခန်းထဲမှာ တစ်ယောက်
ဆောက်လက်စတိုက်ပေါ်မှာ တစ်ယောက်
ဗန်ဒါပင်အောက်မှာလည်း
ဗန်ဒါရွက်လို ကြွေလို့ပေါ့လေ
နေပူကျဲကျဲထဲ ဖြတ်နေတာ တစ်ယောက်
ကားမှတ်တိုင်မှာ ထိုင်ပြီး
ဘတ်စ်ကားစောင့်နေတာလည်းမဟုတ်
အဲသလို တစ်ယောက်နဲ့ တစ်ယောက်
တစ်ယောက်ပြီး တစ်ယောက်
တစ်ယောက်မျက်လုံးထဲက တစ်ယောက်
ပျောက်သွားလိုက် 
တစ်ယောက်မျက်လုံးထဲ တစ်ယောက်
ပြန်ပေါ်လာလိုက် ဖြစ်စဉ်ထဲ
အခါခါ လေ့ကျင့်နေခဲ့ကြတာများလား
ဟောဟို ခုံတန်းလျားပေါ်မှာလည်း တစ်ယောက် 
ဘလက်ကန်ဝှိုက် သက်တံထဲမှာ တစ်ယောက်
ဓါတ်တိုင်အောက်မှာ တစ်ယောက်
နွားလှည်းပေါ်မှာ တစ်ယောက်
တစ်ယောက်ယောက်ကို 
သတိရလာတဲ့အခါမှာလည်း တစ်ယောက်
မနက် ဝေလီလေလင်းထဲ တစ်ယောက်
နေ့လယ်ခင်းကြီး ဘီယာဆိုင်ထဲမှာ တစ်ယောက်
ဥဩသံထဲမှာလည်း တစ်ယောက်
မေ့လျော့ခြင်းထဲမှာရော
တစ်ယောက်ယောက်များ ရှိနေမလား
တစ်ယောက်။

မိုးဝေး
(ကိုဘဌေးကြည် သို့)
၁၅-၁၁-၂၀၂၀

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home