ကောင်းသော ဝိဉာဉ်
ရေဒီယိုလေး အသံပြန်ကောင်းလာပြီ
မိုးတိတ်သွားပြီ
အရှေ့ဥရောပဆိုတဲ့ ဘားလေးပြန်ဖွင့်ပြီ
ကွာဝေးကဗျာကို တနင်္ဂနွေနေ့တိုင်းကြားရပြီ
အချစ်မရှိရင်
ကမ္ဘာဟာ မလည်ကြောင်း
ကျောက်မီးသွေးတွင်းတူးအလုပ်သမားတွေကို
ရှင်းပြချင်တယ်
စနစ်တကျလုပ်ကြံထားတဲ့ ရွေးကောက်ပွဲတွေ
ကမ္ဘာ့နေရာအနှံ့အပြားက ပေါင်မုန့်အကြမ်းစားတွေ
နိုင်ငံတကာ ဖာသည်မတွေ
ကွန်ဒုံးစွပ်ထားတဲ့ ဥပဒေတွေနဲ့
လည်မျိုဓားထောက်ထားတဲ့ သီချင်းတွေကို
အသံလွှင့်လို့
ပြည်ပြေးကဗျာဆရာတစ်ယောက်က
ဗီဇာအတွက် ကဗျာရေးနေတယ်
ဆာလောင်ခြင်းဟာ အသံဝင်နေတဲ့အခါ
မျက်နှာကျက်က သွေးစိမ့်ကျလာတယ်
အညာလယ်သူမကြီးတစ်ယောက်က
ပွင့်ထွက်သွားတဲ့ ဦးနှောက်ကို ပြန်ပွေ့ထားတယ်
ဓာတုစွန့်ပစ်ရေတွေနဲ့ မြစ်ထဲမှာ
အလောင်းဟာ လက်ပစ်ကူးနေတယ်
ကျောင်းသားလေးတစ်ယောက်က
Wind Of Change ကို လေချွန်နေတယ်
စားပွဲခုံကို တဒေါက်ဒေါက် ခေါက်
ဘတ်ဝိုက်ဇာပုလင်းကို မော့
သူလျှိုတစ်ယောက်က တောဝက်သားကင်နဲ့ ညစာလာစားတယ်
လမ်းဘေးခွေးဝဲစားတစ်ကောင်က
ထ အူတယ်
အမဲရိုးလေးပေးကြပါတဲ့
မအားသေးဘူး
တအိမ်လုံး မဲသွားပေးနေကြတယ်
ပြီးရင် ခဏရပ်ထားတဲ့ပြည်တွင်းစစ်ကို ပြန်တိုက်ရဦးမယ်
အပူလား အအေးလားခင်ဗျာ
လတ်လတ်ဆတ်ဆတ် ဂျိုးကြော်လည်းရပါတယ်
အေးစက်စက် ကျည်ဆန်ဟင်းချိုလည်းရပါတယ်
လွတ်လပ်ရေးနေ့မို့
အထူးလျှော့ဈေးပါခင်ဗျာ ။
ကြည်ဇော်အေး
Labels: ကြည်ဇော်အေး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home