15 September, 2017

၀မ္းနည္းမွတ္တမ္းေတြ

တြားသြားအစာရွာတဲ့ေျမြ
လမ္းေလွ်ာက္ပိုက္ဆံရွာတဲ့လူ
မေသဖုိ႔ပဲ အေရးႀကီးတယ္။

ပန္းအလွျပင္တာလည္း အႏုပညာ
အေလာင္းအလွျပင္တာလည္း အႏုပညာ။

ေရကူးသင္ ျပရတဲ့ဘ၀
ေရစုန္ေမွ်ာ ျပရတဲ့ဘ၀
တူမလား
မတူႏိုင္
ဟို ေၾကာ္ျငာလုိ
ျမင္ရုံနဲ႔ သန္႔တယ္ မေျပာႏိုင္
ဟုိစာအုပ္လုိ
ခဏခဏဖတ္လည္း မရိုးႏိုင္။

စြယ္စုံက်မ္းတမွ်
အစစ အရာရာေတြ
သိသမွ်ေျပာေနလုိ႔ ျဖစ္မလား။

စက္ရုံေတြရဲ႕ အသုံး၀င္မႈ
စက္ရုပ္ေတြရဲ႕ အသုံး၀င္မႈ
တူပါ့မလား။

ျမက္ခင္းတစ္ခင္းရဲ႕ အသုံး၀င္မႈ
ဂ်ံဳခင္းတစ္ခင္းရဲ႕ အသုံး၀င္မႈ
တူပါ့မလား။

ဘဏ္သူေဌးေတြ ပိုက္ဆံမကိုင္ခ်င္တာနဲ႔
ဘဏ္စာေရးေတြ ပိုက္ဆံမကုိင္ခ်င္တာနဲ႔
တူပါ့မလား။

ေပးစာျဖစ္ျဖစ္
ျပန္စာျဖစ္ျဖစ္
လိပ္စာမပါရင္ ဘယ္မွမေရာက္ႏိုင္။

ကမ္းကခြာသြားတုိင္း
ကုန္စည္အျပည့္နဲ႔ ျပန္လာမယ္ထင္သလား။

ေလယာဥ္ပ်ံေတြဟာ
လုိရာကုိေရာက္ၾကတယ္ထင္သလား။

တစ္ခုခုေတြ႕ရမယ္အထင္နဲ႔
ဘာမွ သြားမရွာနဲ႔
အေၾကြမရိွလုိ႔ ျပန္အမ္းလုိက္တဲ့
သၾကားလုံးမ်ားလုိ
ရယ္စရာပဲ။

ဥပမာ
နာမည္မေပးရေသးတဲ့ ကြ်န္းေတြေရာက္ဖူးလား

ဥပမာ
က်ိန္စာမပါတဲ့ ေက်ာက္စာဖတ္ဖူးလား။

ဥပမာ
ေရႊမထြက္တဲ့
ေရႊတြင္းေတြ ေတြ႕ဖူးလား။

ဆရာ၀န္လက္မွတ္ မပါဘဲ
ေဆးျပားေတြ ၀ယ္လုိ႔မရဘူး။

အလယ္ေခတ္မွာ
အေလာင္းခြဲလုိ႔မရဘူး။

လမ္းေတြဟာ
ပန္းေတြရဲ႕ နာမည္ေတြနဲ႔ဆုိေတာ့
ေမႊးသလား။

အရက္ပုလင္းေတြဟာ
ျမစ္ေတြၿမိဳ႕ေတြရဲ႕ နာမည္ေတြနဲ႔ဆုိေတာ့
ဘယ္လုိလုပ္မလဲ။

ေမးလည္းမေျဖႏိုင္
လူမရိွတဲ့ အိမ္
အိမ္မရိွတဲ့ လူ
လိုင္စင္မဲ့ ယာဥ္မ်ား
လိုင္စင္မဲ့ လူမ်ား။

ထုိ႔ေနာက္
လူငယ္တစ္ေယာက္ဟာ
ေၾကးနန္းတစ္ေစာင္ကုိ ေစာင့္ေမွ်ာ္ေန။

ေထာင္ေခ်ာက္တစ္ခုဟာ
ၾကြက္တစ္ေကာင္ကုိ ေစာင့္ေမွ်ာ္ေန။

အသက္တစ္ေခ်ာင္းဟာ
ကိတ္မုန္႔တစ္လုံးကုိ ေစာင့္ေမွ်ာ္ေန။

ေမာင္းခ်ဓားတစ္ေခ်ာင္းဟာ
က်ားေခ်ာင္းသလို ေခ်ာင္းလုိ႔။

အမိႈက္က စ ရေတာ့မွာပဲ
အမိႈက္ကုိ
ေရႊျဖစ္ေအာင္ လုပ္ရမယ္။

သဘာ၀ ေဘးအႏၱရာယ္မ်ားနဲ႔ ကမာၻမွာ
အစားအစာ အသစ္အဆန္းမ်ားနဲ႔ ကမာၻမွာ
ေရာဂါ အသစ္အဆန္းမ်ားနဲ႔ ကမာၻမွာ
လက္နက္ အသစ္အဆန္းမ်ားနဲ႔ ကမာၻမွာ
စုန္းလုိလုိ
ကေ၀လိုလို
ေသြးစုပ္ဖုတ္ေကာင္ ဇာတ္လမ္းမ်ား
ရုံျပည့္လုိ႔။

သြားၾကားညပ္ရုံနဲ႔
သြားေတြကုိ ႏႈတ္ပစ္ရမယ္ မေတြးနဲ႔။

နာနာက်င္က်င္ ေဆာင့္ရုန္းလည္း
ခ်ည္တိုင္က ၿမဲၿမံလို႔။

"၀ုန္း"ခနဲ
လူစင္စစ္က
ေမ်ာက္ျပန္ျဖစ္လုိ႔
အၿမဲတမ္း ေနာက္က်ေလ့ရိွသူ ဟိုေကာင္
ေပၚေတာ္မူ မလာေသးဘူးလား။

ၾကည္ေဇာ္ေအး



[Unicode Version]


၀မ်းနည်းမှတ်တမ်းတွေ

တွားသွားအစာရှာတဲ့မြွေ
လမ်းလျှောက်ပိုက်ဆံရှာတဲ့လူ
မသေဖို့ပဲ အရေးကြီးတယ်။

ပန်းအလှပြင်တာလည်း အနုပညာ
အလောင်းအလှပြင်တာလည်း အနုပညာ။

ရေကူးသင် ပြရတဲ့ဘ၀
ရေစုန်မျှော ပြရတဲ့ဘ၀
တူမလား
မတူနိုင်
ဟို ကြော်ငြာလို
မြင်ရုံနဲ့ သန့်တယ် မပြောနိုင်
ဟိုစာအုပ်လို
ခဏခဏဖတ်လည်း မရိုးနိုင်။

စွယ်စုံကျမ်းတမျှ
အစစ အရာရာတွေ
သိသမျှပြောနေလို့ ဖြစ်မလား။

စက်ရုံတွေရဲ့ အသုံး၀င်မှု
စက်ရုပ်တွေရဲ့ အသုံး၀င်မှု
တူပါ့မလား။

မြက်ခင်းတစ်ခင်းရဲ့ အသုံး၀င်မှု
ဂျုံခင်းတစ်ခင်းရဲ့ အသုံး၀င်မှု
တူပါ့မလား။

ဘဏ်သူဌေးတွေ ပိုက်ဆံမကိုင်ချင်တာနဲ့
ဘဏ်စာရေးတွေ ပိုက်ဆံမကိုင်ချင်တာနဲ့
တူပါ့မလား။

ပေးစာဖြစ်ဖြစ်
ပြန်စာဖြစ်ဖြစ်
လိပ်စာမပါရင် ဘယ်မှမရောက်နိုင်။

ကမ်းကခွာသွားတိုင်း
ကုန်စည်အပြည့်နဲ့ ပြန်လာမယ်ထင်သလား။

လေယာဉ်ပျံတွေဟာ
လိုရာကိုရောက်ကြတယ်ထင်သလား။

တစ်ခုခုတွေ့ရမယ်အထင်နဲ့
ဘာမှ သွားမရှာနဲ့
အကြွေမရှိလို့ ပြန်အမ်းလိုက်တဲ့
သကြားလုံးများလို
ရယ်စရာပဲ။

ဥပမာ
နာမည်မပေးရသေးတဲ့ ကျွန်းတွေရောက်ဖူးလား

ဥပမာ
ကျိန်စာမပါတဲ့ ကျောက်စာဖတ်ဖူးလား။

ဥပမာ
ရွှေမထွက်တဲ့
ရွှေတွင်းတွေ တွေ့ဖူးလား။

ဆရာ၀န်လက်မှတ် မပါဘဲ
ဆေးပြားတွေ ၀ယ်လို့မရဘူး။

အလယ်ခေတ်မှာ
အလောင်းခွဲလို့မရဘူး။

လမ်းတွေဟာ
ပန်းတွေရဲ့ နာမည်တွေနဲ့ဆိုတော့
မွှေးသလား။

အရက်ပုလင်းတွေဟာ
မြစ်တွေမြို့တွေရဲ့ နာမည်တွေနဲ့ဆိုတော့
ဘယ်လိုလုပ်မလဲ။

မေးလည်းမဖြေနိုင်
လူမရှိတဲ့ အိမ်
အိမ်မရှိတဲ့ လူ
လိုင်စင်မဲ့ ယာဉ်များ
လိုင်စင်မဲ့ လူများ။

ထို့နောက်
လူငယ်တစ်ယောက်ဟာ
ကြေးနန်းတစ်စောင်ကို စောင့်မျှော်နေ။

ထောင်ချောက်တစ်ခုဟာ
ကြွက်တစ်ကောင်ကို စောင့်မျှော်နေ။

အသက်တစ်ချောင်းဟာ
ကိတ်မုန့်တစ်လုံးကို စောင့်မျှော်နေ။

မောင်းချဓားတစ်ချောင်းဟာ
ကျားချောင်းသလို ချောင်းလို့။

အမှိုက်က စ ရတော့မှာပဲ
အမှိုက်ကို
ရွှေဖြစ်အောင် လုပ်ရမယ်။

သဘာ၀ ဘေးအန္တရာယ်များနဲ့ ကမ္ဘာမှာ
အစားအစာ အသစ်အဆန်းများနဲ့ ကမ္ဘာမှာ
ရောဂါ အသစ်အဆန်းများနဲ့ ကမ္ဘာမှာ
လက်နက် အသစ်အဆန်းများနဲ့ ကမ္ဘာမှာ
စုန်းလိုလို
ကေ၀လိုလို
သွေးစုပ်ဖုတ်ကောင် ဇာတ်လမ်းများ
ရုံပြည့်လို့။

သွားကြားညပ်ရုံနဲ့
သွားတွေကို နှုတ်ပစ်ရမယ် မတွေးနဲ့။

နာနာကျင်ကျင် ဆောင့်ရုန်းလည်း
ချည်တိုင်က မြဲမြံလို့။

"၀ုန်း"ခနဲ
လူစင်စစ်က
မျောက်ပြန်ဖြစ်လို့
အမြဲတမ်း နောက်ကျလေ့ရှိသူ ဟိုကောင်
ပေါ်တော်မူ မလာသေးဘူးလား။

ကြည်ဇော်အေး

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home