08 March, 2017

ကဗျာဆရာမောင်သိန်းဇော်ရဲ့ အသံများ - ရဲရင့်ဆု



ကဗျာဆရာမောင်သိန်းဇော်ရဲ့ အသံများ      
ရဲရင့်ဆု

ကဗျာဆိုတာ ဘာလဲ၊ ကဗျာဆရာတွေအများကြီး အသံထွက်ခဲ့ကြပြီးပြီ။ တယောက်တစ်သံစီ။ တစ်ယောက်ဘာသာစကားတစ်မျိုးစီ။ ရေကိုဆန်ကြရင်း။ လေကိုပျံကြရင်း။ အတောင်ပံခတ်သံ တဗြန်းဗြန်းမှာ တစ်ယောက်အသံကို တစ်ယောက် နားစွင့်ကြ။ ကိုယ့်ကောင်းကင်ကို ချဲ့ထွင်ကြ။ ကဗျာဟာ အသံတွေမြည်လာ။ ကဗျာဟာ ကိုယ်ရောင်ကိုယ်ဝါ တောက်ပလာ။ ကဗျာဟာ စွန်ရဲတစ်ကောင်လို လေဟုန်စီးလို့။ ကဗျာဟာ အာသာသလွန်းပျံယာဉ်တစီးလို ကမ္ဘာမြေဆွဲအားကို ထိုးဖောက်ထွက်လို့။ နောက်ထပ်ကဗျာကို အသံထွက်မယ့် ကဗျာဆရာ……… ။ မောင်သိန်းဇော်…။


ရဲရင့်ဆု - အရင်ဆုံး ကဗျာဆရာမောင်သိန်းဇော်ဖြစ်ခဲ့တဲ့ လူငယ်ကဗျာဆရာဘ၀ပေါ့။ ပြုံးနေတဲ့သံဆူးကြိုးလေးကစပြီး အခုဒီဘက် “ဥာဏ်ပန်းအိုးလေး”တို့၊ “ညနေခင်းသည် ဖတ်ရှုရန်မျှသာ” အထိတို့ပေါ့။ အဲဒီထဲကမှ ကဗျာလူငယ်နေ့တွေအကြောင်း အမှတ်တရတစ်ခုခုလောက် ပြောကြည့်ပါလား။

မောင်သိန်းဇော် - ကဗျာရေးပြီးတော့လည်း အများကိုလည်း ဖတ်စေချင်တဲ့ဆန္ဒကတော့ နောက်ဆက်တွဲပါလာစမြဲပါပဲ။ အဲဒီတော့ စာအုပ်ထုတ်တယ်ဆိုတာကလည်း ဘ၀မှာ အခါအားလျော်စွာ ကြိုးပမ်းခဲ့တာပေါ့လေ ။ ပထမဆုံးကဗျာအပေါ်မှာ အာရုံရောက်ပြီးတော့ ရေးခဲ့၊ ခြစ်ခဲ့ နောက်ပြီးတော့ အတော်အသင့်လေးစုဆောင်းမိတော့ ဘယ်နှစ်ပုဒ်မှမရှိသေးဘူး အဲဒီတုံးက။ ၁၅ ပုဒ် ၀န်းကျင်လောက်ရှိတဲ့အချိန်မှာ။ နောက်ပြီးတော့ အားလုံးကလည်း ကဗျာတွေချည်းပဲလည်း မဟုတ်ဘူး။ ကိုယ်ကလည်း ဒီကိစ္စနဲ့ ပတ်သတ်ရင် မလုံတဲ့ခံစားမှုလေးရှိပါတယ်။ ဘာလို့လည်းဆိုတော့ ဒီဟာကို မဖြစ်ဖြစ်အောင် ဖြစ်ရမယ်ဟေ့ ဆိုပြီးတော့ ကြိုးစားခဲ့တဲ့သဘောမရှိဘူး။ ဘ၀မှာ ဇာတ်မင်းသားတစ်ယောက်ကတော့ တကယ်စိတ်ကူးယဉ်တာ၊ တကယ်ဖြစ်ချင်တာ။ အဖေကလည်း အားပေးတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ရွေးချယ်တယ်။ ဒီအပေါ်မှာ ဖြစ်အောင်ကြိုးစားတယ်။ ဒါပေမယ့် သဘင်ဆိုတာကလည်း အနုပညာအားလုံးရဲ့ အစုအခင်းကြီး ။ သဘင်ထဲမှာ ဂီတလည်းပါတယ်။ ပန်းချီလည်းပါတယ်။ နောက်ပြီးတော့ စာပေအလင်္ကာတွေလည်းပါတယ်ဆိုတော့ ဒီအနုပညာတွေက မရှောင်သာတဲ့လမ်းမြှောင်ကြား ဆိုသလိုမျိုးပဲ ပက်ပင်းပဲ အကုန် မြတ်နိုးစရာရှိတာလေးတွေ အကုန်မြတ်နိုးမိပေါ့။ ၀င်စားမှုက မရပ်တန့်နိုင်အောင် စာပေ၊ ဂီတ၊ အနုပညာ၊ ဆိုခြင်း၊ ကခြင်း အကုန်လုံးကို ရောက်သွားတာပေါ့လေ။ အဲဒီအခါမှာ ကဗျာ။ ကဗျာလည်း တွေ့တာပေါ့ ။ ကဗျာတွေ့တယ်ဆိုတဲ့အထဲမှာလည်း ကိုယ့်အားတွေချည်းပဲတော့မဟုတ်ဘူး ကိုယ်က စိတ်ဝင်စားတာရယ်၊ အာရုံရောက်တာရယ်ဆိုရင် သည်းကြီးမည်းကြီးလိုက်တတ်တဲ့သဘောရှိတော့ ကဗျာရနံ့လေး ကိုယ် ရှူရှိုက်မိတဲ့အခါမှာ ကဗျာဆရာဆိုတဲ့ စာပေ၊ စာရေးဆရာ ဆိုတဲ့ ပတ်ဝန်းကျင်ကြီးတစ်ခုနဲ့လည်း ကိုယ်က တိုးတိုးဝေ့ဝေ့ တရင်းတနှီးဖြစ်တာပေါ့။ ဖြစ်တဲ့အခါကျတော့ ကဗျာတွေရေးဖြစ်လာတယ်။ ရေးဖြစ်တော့ ကိုယ်ရေးတဲ့ဟာ ဘာကဗျာ၊ ဘာဝါဒ ၊ ဘာအက်ဆေး၊ ဘာစာညွှန့်စသည်အားဖြင့် ပုံစံတွေထဲမှာ ရည်ရွယ်ချက်ရှိရှိမသွားနိုင်ဘူးပေါ့နော်။ မသွားနိုင်တော့ စိတ်ထဲပေါ်တာတွေ ကောက်ကောက်ဖမ်းတာပေါ့နော်။ အဲဒီတော့ ထွက်လာရင် ဘာမှန်းမသိဘူး။ တစ်ခါတစ်လေ ကိုယ့်ထက် ၀ါရှိတဲ့ ပုဂ္ဂိုလ်တွေက အကို ဒါဘာလည်းပေါ့ ။ ဒါဘာလည်းဆိုတော့ သူကလည်း သူတွေ့ဖူးတဲ့ တစ်ခုခုပြောလိုက်တယ်။ နောက်ပြီး အဲဒါလေးတွေကို  ဇာတ်ပွဲကရင်းနဲ့ ရန်ကုန်ရောက်တဲ့အခါမှာ စာနယ်ဇင်းတွေ၊ မဂ္ဂဇင်းတွေပေးဖြစ်။ ပါလာ။ တစ်ပုဒ်ပါလာ၊ နှစ်ပုဒ်ပါလာ။ အလွန်ပျော်တာပေါ့နော်။ ဒီဖီလင်ကတော့ ကဗျာရေးဖူးသူတိုင်း ဒီဖီလင်ရှိပါတယ်။ နောက်တော့ အဲဒါလေးတွေ စာအုပ်ဖြစ်အောင်လုပ်ချင်တော့ "ပြုံးနေတဲ့ သံဆူးကြိုးလေး" ဆိုပြီးတော့ ကဗျာစာအုပ်တစ်အုပ်ဖန်တီးခဲ့တယ် ။ အဲဒီထဲမှာ ၀တ္ထုလိုဟာလေးလည်း ပါတယ်။ ကဗျာလည်းပါတယ်။ လွတ်လွတ်လပ်လပ်ပဲ။ ဒါကြောင့် စိတ်ကဖြစ်တဲ့အတိုင်းကို ပုံဖော်လိုက်တဲ့အတွက် ရှိရင်းစွဲ ပုံသဏ န်တွေထဲက တစ်မျိုးတစ်ဖုံ အသစ်အဆန်းဖြစ်တာမျိုးလည်း ဖြစ်ပါလိမ့်မယ်။ အဲဒီအခါကျတော့ ပြုံးနေတဲ့သံဆူးကြိုးလေးကို ဖန်တီးဖြစ်တယ်။ ဒါပေမယ့် ပြုံးနေတဲ့သံဆူးကြိုးလေးမှာ ထူးထူးခြားခြားရှိတာက ကိုယ့်စိတ်ထဲရှိရာ လွှတ်ပေးလိုက်တာကြောင့် တကယ့်ကျပ်တည်းတဲ့စိစစ်ရေးခေတ်ကြီးထဲမှာ သူက စာအုပ်အဖြစ်လူတွေဆီကို မရောက်နိုင်တော့ဘူး။
ရဲရင့်ဆု - မဖြန့်ဖြစ်လိုက်တာလား။
မောင်သိန်းဇော် - ခွင့်ပြုချက်မရဘူး။ အဲဒီမှာ သူတို့ ဘာပြန်ပြောလဲဆိုတော့ သံဆူးကြိုးလေး ဆိုတာ နည်းနည်းလေး အဲဒီအချိန်က တိုင်းပြည်မှာ ဒီကိစ္စက အလက်ဂျီ ဖြစ်နေတဲ့အချိန်ကိုး။ ရေးတုန်းကတော့ ဒီဟာက အချစ်အကြောင်းရေးတာများပါတယ်။ ဒါပေမယ့် ခေတ်အပြောင်းအလဲနဲ့ဆိုတော့ သံဆူးကြိုးကို ခွင့်မပြုဘူး။
နောက်ပြီးတော့ ကဗျာစာအုပ်လုပ်ထားတာကလည်း စိတ်ထဲရှိသလို ဖြစ်သလိုလုပ်ထားတာ ဖြစ်တဲ့အတွက် တွေ့နေကျ မြင်နေကျ အိနြေ္ဒမျိုးမရဘူး။ ဒါပေမယ့် အဲဒါကိုက အနုပညာဘက်ကကျတော့လည်း ကြိုက်စရာဖြစ်နေတာပေါ့။ အဲဒီတော့ သူက ခွင့်ပြုချက်မရဘူး။ နောက် သူက ခွင့်ပြုချက်မရတော့ ထုချေလွှာသဘောမျိုးပေါ့။ ပြုံးနေတဲ့ သံဆူးကြိုးလေးကို ခွင့်မပြုတော့ ပြုံးနေတဲ့သံဆူးကြိုးလေးဆိုတာ ကဗျာဆိုတာ အသစ်စဉ်းစားတာမို့လို့ နှင်းဆီပွင့်လေးက ဆူးနဲ့လှတာနဲ့ ဒီလိုတွဲတာလေးတွေ ဒီလိုဖွဲ့ကြတယ် ၊ ကိုယ်စားပြုတယ် ဒီလိုဖွဲ့ကြတော့ ပြုံးနေတဲ့သံဆူးကြိုးကလည်း အချစ်ကို တင်စားတာပါလို့ ရေးလိုက်တော့ အဲဒီက စာတစ်စောင်ပြန်ပြီးတော့ ရောက်လာတာပေါ့။ အဲဒါဆိုလည်း စိစစ်ရေးက ပြုံးနေတဲ့နှင်းဆီပွင့်လေးလို့ ပြောင်းလိုက်ပေါ့လို့ ။ အဲဒီမှာ လုံးဝကို စိတ်နှလုံးဒုန်းဒုန်းချပြီးတော့ မထုတ်ဖြစ်တော့တာပေါ့။ မထုတ်ဖြစ်ပေမယ့် ရိုက်ပြီးသားစာအုပ်တွေကတော့ စိတ်ထိန်းရင်း စိတ်ထိန်းရင်းနဲ့ပါပဲ။ အုပ်ရေ တစ်ထောင်ကျော်လောက်က ပြိုက်ခနဲ ဒီအနှစ် ဆယ်နှစ်၊ ဆယ့်ငါးနှစ်အတွင်းမှာ အားလုံးဆီရောက်သွားတာပါပဲ။
ရဲရင့်ဆု - မထုတ်ဖြစ်လို့လား မသိဘူး။ သူက ပိုတောင်ပျံနှံ့သွားတယ်
မောင်သိန်းဇော် - အဲဒီတုန်းက စာပေလောကက ထုတ်ပေးတာကိုး။ အကိုကြီးကိုမျိုးညွှန့်က သိတဲ့အခါမှာ ကိုသိန်းဇော် လျှောက်လျှောက်မပေးနဲ့နော် တော်ကြာပြဿနာတက်လိမ့်မယ် ဆိုပြီး ပြောတာပေါ့။ ကိုယ်ကလည်း ပေးဖြစ်တာပါပဲ။ အဲဒီတော့ ပြုံးနေတဲ့သံဆူးကြိုးလေးက အရင်ဆုံးဖန်တီးဖြစ်ပြီးတော့ ထုတ်ဝေခွင့်မရဘူး။ နောက် သူ ပြီးတော့မှ “နှင်းရည်စက်လက် + ရှူမျှော်ခင်း ၂၁” ဆိုပြီးတော့ ၂၀၀၀ ခုနှစ်အပြီး၂၀၀၁ ခုနှစ်လောက်မှာ ဖြစ်တယ်။
ရဲရင့်ဆု - အဲဒီထဲမှာလည်း ပြုံးနေတဲ့ သံဆူးကြိုးထဲက ကဗျာတွေ ပြန်ပါတာပဲ
မောင်သိန်းဇော် - ဟုတ်တယ်၊ ဟိုမှာ မထုတ်ဖြစ်လိုက်တော့ အဲဒီထဲက ကဗျာတချို့ကို ပြန်ထည့်တယ်။ စာအုပ်ပုံစံတို့ ဘာတို့ကတော့ နည်းနည်းတော့ လိမ္မာရေးခြားရှိသွားပြီပေါ့လေ။ စာအုပ်မထွက်ရမှာစိုးတော့ စိတ်ကို သိပ်လွှတ်မပေးတော့ဘဲ ရိုးရိုးလေးနဲ့ဘဲ လုပ်လိုက်တယ်ပေါ့လေ။ နောက် အဲဒါပြီးတော့ တောင်ကုန်းအဟောင်းများ။ အဲဒါကျတော့ ဆရာကြီးမောင်သာနိုးက ဘာသာပြန်ပေးတယ်။ ပူဆာရတာပေါ့လေ။ ဒီလို နှစ်ဘာသာနဲ့ ရေးတဲ့ကဗျာတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နိုင်ရင်လည်း ဖြစ်ပါစေဆိုတဲ့ စိတ်ကူးလေး စေတနာလေးပါတာပေါ့။ အဲဒါနဲ့ထုတ်ဖြစ်တယ်ပေါ့။ ထုတ်ဖြစ်ပြီးတော့ အခု ဒီနှစ်ထဲမှာ ၂၀၁၄ လောက်မှာ ပြန်ပြီးတော့……. ကဗျာက ပတ်သက်ရတာ နည်းနည်းတော့ တမျိုးပါပဲ။ ကိုယ့်ဘ၀က ဇာတ်မင်းသားလုပ်တယ်၊ သီချင်းဆိုတယ် အသက်မွေးဝမ်းကျောင်းက အဲဒီလိုဖြစ်နေတဲ့အခါကျတော့ ကဗျာကတော့ ကိုယ့်ရဲ့တိုးတိုးဖော်လိုပဲ ကိုယ့်ရဲ့ ပင်ပန်းတဲ့အခါ ၊ တရေးနိုးတဲ့အခါမှာ ဘ၀ရဲ့တကယ်ထိရှတွေ့ရှိမှုတွေပေါ့။ အဲဒီလိုတွေက တစ်ခါတစ်ရံကျတော့လည်း တစ်နှစ်ကို ၁ ပုဒ် ၂ ပုဒ် ရေးဖြစ်တယ်။ တစ်ခါတစ်လေ မရေးဖြစ်တဲ့နှစ်တွေလည်းရှိတယ် ။ အဲဒီတော့ ၂၀၁၄ မှာတော့ ကဗျာတွေ တော်တော်များများရေးဖြစ်လိုက်တယ်။ အပုဒ် ၂၀ လောက်ဝန်းကျင်လောက်ဆိုတော့ ကိုယ့်ကိုယ်ကိုတောင် အံ့သြတယ်။ ဘာလို့ရေးဖြစ်တာလဲပေါ့။ ဒါပေမယ့် အဲဒီလိုရေးဖြစ်တာကိုတော့ ၀မ်းသာပါတယ်။ သူက ဒီအလုပ်ကလည်း စိတ်ကို အကုန်ပေးထား….. စိတ်တင်မဟုတ်ပါဘူး။ ပြောရရင် ဘ၀ပါ ပေးထားရတာပဲ ကဗျာဆရာတွေဆိုတာ။ ဒါကြောင့် တစ်ခါတစ်လေ သူလိုငါလို စီးပွားရေး၊ ကြီးပွားရေးဆိုတဲ့ကိစ္စမှာ နင်လား ငါလား မလုပ်ဆောင်နိုင်ကြဘူး။ ဒီ ကဗျာအပေါ်မှာ ဖန်တီးနေရတာ။ ဒါကြောင့်လည်း ကဗျာဆရာတွေကို တချို့ကိစ္စတွေမှာ သာမာန်ထက် အခွင့်အရေးပိုပေးချင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ လူတွေအားလုံးအတွက်ဖတ်ဖို့ သူစိတ်နဲ့ သူ့ဘ၀ကြီးကို တည်ပြီးတော့ ကျန်တဲ့ဟာတွေ အလွတ်အဟာခံပြီးတော့ နေထိုင်ကြတာ။ ဒီဘ၀နေထိုင်မှုကို အားလုံးက သိလို့ လေးစားချင်လည်း လေးစားပေါ့။ မလေးစားနိုင်သေးဘူးဆိုလည်း ကိုယ်ကတော့ လေးစားပါတယ်။ 

ရဲရင့်ဆု - နောက်  ဥာဏ်ပန်းအိုးလေး နဲ့ ညနေခင်းသည် ဖတ်ရှူရန်မျှသာပေါ့ ။ အဲဒီကဗျာစာအုပ်နှစ်အုပ်အကြောင်းလည်း ပြောပါဦး။ ဒီနှစ်ပိုင်း တစ်နှစ်တည်းမှာပဲထွက်တာနော် ။

မောင်သိန်းဇော် - တစ်နှစ်တည်းမှာပဲထွက်တာ။ ဥာဏ်ပန်းအိုးလေးကတော့ ကဗျာတစ်ပုဒ်၊တစ်ဂါထာလို့ မပြောလိုပါဘူး။ ဒါပေမယ့် ကဗျာဓာတ်လို့ ပြောရမလား၊ ကဗျာရဲ့ အသက်ဝိညာဉ်လို အဓိကကျတာ ပြည့်စုံတယ်လို့ ယူဆတဲ့အပိုဒ်ကလေးတွေ ဥာဏ်ပန်းအိုးလေးဆိုပြီး ဖန်တီးဖြစ်တာ။နောက်ပြီးတော့ ကဗျာကနှစ်ရတယ်။ စိတ်ရော ကိုယ်ရော နှစ်ရတာ။ တစ်ခါတစ်လေကျတော့ ဒီဟာက ကိုယ့်အသက်မွေးဝမ်းကျောင်းလည်းမဟုတ်တဲ့အတွက် အချိန်အပြည့်မယူနိုင်တဲ့ဟာမျိုးတွေမှာ တချို့တချို့ဟာလေးတွေက ကဗျာဖြစ်မသွားဘဲနဲ့ လွတ်လွတ်ကျကုန်တယ်။ အလှလေးတွေ၊ အတွေးလေးတွေက။ အဲဒါမျိုးအတွက် ခေါင်းစဉ်တစ်ခုခုနဲ့ပေါ့လေ။ ကဗျာတစ်ပုဒ်ရဲ့ ခေါင်း၊ ခါး၊ ခြေ၊ လက် ဆိုတဲ့ ဖွဲ့စည်းပုံတွေ ပါချင်ပါမယ် မပါချင်မပါဘူး။ မလိုအပ်ဘဲနဲ့ ကဗျာဆရာရဲ့ အတွေးလေးတွေ အလှလေးတွေကို ပေးလို့ရအောင်ဆိုပြီး ခေါင်းစဉ်တစ်ခုနဲ့ ဒီဟာလေးတွေကို ရွေးထုတ်လိုက်တာပေါ့။ အဲဒီထဲမှာ အခါအားလျော်စွာ တွေးမိလိုက်တာလေးတွေလည်း ပါသလို၊ ရေးခဲ့ဖူးတဲ့ကဗျာတွေထဲက တချို့တချို့သော အပိုဒ်လေးတွေက တစ်ပုဒ်လုံးပါမှမဟုတ်ဘူး။ ဒီ နှစ်ကြောင်း သုံးကြောင်းနဲ့ကို အလုပ်တစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်နေပါလားလို့ သတိပြုမိခဲ့တာလေးတွေ ထုတ်နှုတ်ပြီးတော့ ဒီ ဥာဏ်ပန်းအိုးလေးထဲမှာ ပေါင်းပေးလိုက်တာ။

ရဲရင့်ဆု - facebook မှာ တစ်ခါတည်း တန်းတင်တော့ ဖတ်ရတဲ့သူကလည်း တစ်ခါတည်းရင်းနှီးလွယ်သွားတာပေါ့။ ကဗျာပုံစံမျိုး မဟုတ်သော်ငြားလည်းပဲ။
မောင်သိန်းဇော် - ဟုတ်တယ်။ အဲဒီမှာ ဟိုလို စဉ်းစားရင် ကဗျာဘယ်မှာနေလည်းပေါ့။ ကဗျာက ကဗျာမှာ နေတယ်ပေါ့။ ပုံစံကြီးထဲမှာ နေတာလား၊ ဘယ်စနစ်၊ ဘယ်ဝါဒနဲ့ဖွဲ့မှ ကဗျာက နေစရာရှိတာလား၊ သိမ်းဆည်းလို့ရတာလား ဆိုတဲ့အပိုင်းမှာ ကဗျာက ဘယ်လိုအနေအထားမှာပဲ ကဗျာဟာ ကဗျာဖြစ်နေရင် ပေးလို့ရတယ်၊ ယူလို့ရတယ်ဆိုတဲ့ ရဲတင်းမှုလေးလည်းပါတာပေါ့ ဥာဏ်ပန်းအိုးလေးက။

ရဲရင့်ဆု - နောက်ပြီးတော့ ၊ ကျနော် သိချင်တာက “နွေဦး” မှာပါတဲ့ မိမိကိုယ်ကို ခိုးယူပေါင်းသင်းခြင်းဆိုတဲ့ကဗျာ။ အဲဒီကဗျာထဲက သံဆူးထားတဲ့ အသက် ၂၅ နှစ်သားလေး မောင်သိန်းဇော်ဆိုတာ အကို့ရဲ့ ဘ၀အစိတ်အပိုင်းတစ်ခုလို့ ပြောလို့ရလား။ အဲဒါလေးနည်းနည်းလောက်ပြောပါဦး။
မောင်သိန်းဇော် - ရပါတယ်။ ထင်သာမြင်သာရှိတာနဲ့ သိုသိုသိပ်သိပ်ရှိတာပဲ ကွာပါလိမ့်မယ်။ ကဗျာဆိုတာ ကဗျာဆရာတွေရဲ့ ဘ၀တစ်စိတ်တစ်ပိုင်းတွေချည်းပဲပေါ့။ ကိုယ်ကိုယ်တိုင်ကတော့ ဒီလိုပဲ ခံယူတယ်၊ တွေ့ရှိတယ်ပေါ့။ ဘာကြောင့်လည်းဆိုတော့  ကိုယ်တို့က ထပ်ပြန်တလဲလဲပေါ့၊ ဘ၀ရဲ့ ကပြရတာ ဖျော်ဖြေတာ၊ ရပ်တည်တာ အဲဒီထဲမှာ နေရတာကိုး။ ပွဲတစ်ပွဲကဖို့ဆိုရင် သုံးညစာ၊ ငါးညစာ လုပ်ထားပြီးသားလေ။ တစ်နိုင်ငံလုံးပတ်ပြီးတော့ ဒါကို တစ်မြို့ပြီးတစ်မြို့ သေတ္တာလေးပိတ်လိုက်၊ သေတ္တာလေးဖွင့်လိုက်၊ သေတ္တာလေးမလိုက်နဲ့ အဲဒီထဲမှာ ဒီဇာတ်ထုပ်၊ ဇာတ်ကွက်တွေ သယ်ဆောင်ပြီး ခင်းကျင်းရတာပါ့။ အဲဒီအခါကျတော့ အဲဒီအထဲမှာ ဖျော်ဖြေရေးအရဆိုတဲ့ ကိုယ့်ဘ၀လုပ်ငန်းကြီးအရ လုပ်နေရသလို အာရုံထဲမှာ ဒီမှာတင် ငြိမ်မနေချင်ဘူး၊ ရပ်တန့်မနေချင်ဘူး။ အသစ်တွေသွားချင်တယ်၊ ဖန်တီးချင်တယ်၊ ရှာဖွေချင်တယ်။ အဲဒီအခါမျိုးမှာ အဲဒီသမားစဉ်အရ ဒါပဲ ဒါပဲဆိုတာကြီးက ကိုယ့်ကိုချုပ်နှောင်နေသလိုမျိုးပဲလေ။ နောက်ပြီးတော့ ဒါ လုပ်ငန်းပေါ့နော်။ အဲဒီတော့ ခေတ်ရဲ့သဘာဝအရ စိတ်ကူးသလောက် ခရီးမပေါက်တဲ့ တိုင်းပြည်အနေအထား၊ ခေတ်အနေအထားမှာ အဲဒီကြားထဲမှာ ကိုယ်က ကိုယ့်စိတ်ကူးနဲ့ကိုယ် သံဆူးသလိုပဲ။ဝေးတာ တခြားသူနဲ့ ဝေးတာမဟုတ်ဘူး။ ကိုယ့်မျှော်လင့်ချက်၊ ကိုယ့်ယုံကြည်ချက်၊ ကိုယ့်ခံယူချက်နဲ့ကိုယ် ကိုယ်က ဝေးနေရတာ။ အဲဒါကြီးကိုလည်း လူ့သဘာဝအရ အမေတပြီး ပြောရတော့တာပေါ့နော်။ အမေရေ…ဆိုပြီးတော့။ ဒါပေမယ့် ရောက်အောင်သွားချင်တယ်ပေါ့။ ဘယ်နေရာလည်း ရောက်ကိုမရောက်ဖူးသေးတဲ့ မနက်ဖြန်ပဲပြောပြော အနာဂါတ်ပဲပြောပြော အဲဒီလိုသွားချင်တယ်ပေါ့ ။ အဲဒါကို တိုင်တည်တမ်းတာပေါ့ ။ ကိုယ်ရေးပြီးတော့ ဒီကဗျာတို့ ၊ တိတ်ဆိတ်နေသောဇာတ်သဘင် တို့ ရွှေတိဂုံဘုရားပွဲမှာ ကဗျာဆရာကြီးတွေ အကိုတွေကိုပေးဖတ်တယ်။ အဲဒါနဲ့ သိမ်းသိမ်းဆည်းဆည်း ဒီကဗျာလေးကို ဘ၀ထဲမှာ ရှိနေခဲ့တာပါ။

ရဲရင့်ဆု - နောက် “မီးဖွင့်လိုက်” ကဗျာမှာကျတော့လေ။ အမှောင်ထဲက အသံတွေကို ကဗျာဖတ်သူက ရွှန်းရွှန်းဝေနေအောင် ကဗျာထဲမှာ ကြားရတာပါတယ် ။ လက်တွေ့ဘ၀ရဲ့ ပွဲခင်းထဲက ရခဲ့တဲ့ ကဗျာတွေလား။ ဇာတ်သဘင်နဲ့ နွှယ်နေတော့လေ။
မောင်သိန်းဇော် - ကဗျာတွေအတော်အသင့် ရေးလာတဲ့အခါကျတော့ ကိုယ့်ဘ၀က ပွဲကတာပဲ။ ပွဲပရိတ်သတ်နဲ့ ကိုယ့်ရင်ထဲက ကဗျာနဲ့ ပုန်းလျှိုးကွယ်လျှိုးကြီးနေစရာလည်း အကြောင်းမရှိပါဘူး။ အဲဒီအခါကျတော့ ပေးတွေ့ဖို့ဆိုတာကလည်း နီးစပ်ဖို့ ခက်ခဲလှတယ်။ အဲဒီအခါကျ ဘယ်လိုလုပ်မလဲ။ ဇာတ်ခုံပေါ်ရွတ်ဖို့ဆိုပြီးတော့ အဲဒီအာသီသလေးနဲ့ ကြံဆရင်း၊ တွေးတောရင်းနဲ့ ကဗျာ သုံးလေးပုဒ်ရေးဖြစ်တယ်။ ပထမဆုံးရေးဖြစ်တာ “ဆွတ်ဆွတ်ဖြူအနမ်း” အဲဒါ ဇာတ်ခုံပေါ် ရွတ်ဖို့ပဲ။ နောက် “ရင်ထဲကပြာလဲ့လဲ့တိမ်တိုက်တွေမိုးရွာမချခင်”။ နောက် “စန္ဒရားတစ်လုံးနှင့် အသံညှိခြင်း”။ အခု “မီးဖွင့်လိုက်”ကတော့ နောက်ဆုံးရေးဖြစ်တာပေါ့။ ဇာတ်မင်းသားတစ်ယောက်လိုပဲ ပြောပြော၊ အနုပညာသမားတစ်ယောက်လို့ပဲ ပြောပြော သူဟာ နိုင်ငံရေးသမားလုံးလုံးလျားလျားမဟုတ်ပါဘူး။ သို့သော်လည်းပဲ အဲဒီအနုပညာရှင်က နိုင်ငံရေးနဲ့ ဘယ်လောက်ကင်းလွတ်သလဲ။ ပြည်သူလူထုကြီးနဲ့ အမြဲတမ်းမျက်နှာချင်းဆိုင်ပြီးတော့ တစ်ယောက်ရင်ခုန်သံကိုတစ်ယောက်ကြားရအောင် သူတို့ပျော်တာ ကိုယ်မြင်ရတယ် ကိုယ်အခက်အခဲ ဖြစ်တာ သူတို့သိနေပြီ။ အဲဒီလိုစိတ်ချင်းဖလှယ်ပြီးတော့ ဘ၀မှာ နေ့ရော ညပါ နေထိုင်ရတဲ့လူတစ်ယောက်မှာ ဒီလူတွေရဲ့ အရေး ၊ ကိုယ်ဖြတ်သန်းနေရတဲ့ခေတ်ရဲ့ အကြောင်းဆိုတာ မျက်ကွယ်ပြုဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲဒီအခါမျိုးမှာ ခုနက ပြောတဲ့မြို့ရွာတွေထဲကို ဇာတ်ကားကြီးတွေနဲ့ တစ်နှစ်ပတ်လုံး မြို့တွေ ဖြတ်ရတယ်၊ ရွာတွေဖြတ်ရတယ်။ အဲဒီတော့ လင်မယားရန်ဖြစ်တာလည်း ကြားရမယ်၊ မြောင်းပုပ်စော်နံတာလည်း သိမယ်။ လမ်းဆိုးလို့ ချောင်းကျပြီး ကားနစ်တာလည်း သိမယ်၊ ညှော်နံ့တွေ ထောင်းထောင်းထနေတာလည်း သိမယ်၊ ကလေးငိုသံလည်း ကြားရမယ် ။ အဲဒီလို  မြို့ရွာတွေထဲက အခက်အခဲတွေ ၊ ဒီဒုက္ခတွေ။ နောက်ပြီး ကိုယ်ကိုယ်တိုင်ကလည်း ကြုံတွေ့နေရတဲ့ အတိဒုက္ခတွေ အခက်အခဲတွေပေါ့ ။ အဲဒီအပေါ်မှာ အကြောင်းပြုပြီးတော့ နိုင်ငံအရေးဆိုတာ ကိုယ်တို့စိတ်ထဲမှာ မပြောမဆိုနဲ့ သိသိသာသာ ပုံကျပန်းကျနေရာယူတော့တာပဲ။ အဲဒီအခါမှာ ဒီကဗျာကတော့ အဲဒီစိတ်တွေစိုးမိုးပြီး ရေးဖြစ်တဲ့ကဗျာပါပဲ။ အလိုမကျဘူးလေ၊ မှောင်နေတယ်လို့ထင်တယ်။ အလင်းရောင်တောင်းဆိုတယ်ပေါ့။ အဲဒီကြားထဲမှာ အပိုင်းပိုင်းတွေကတော့ ကဗျာအာရုံနဲ့ တွေ့တဲ့ဟာ ညှိတဲ့ဟာ ပုံဖော်ဖြစ်တာပါ။
ရဲရင့်ဆု - “ပန်းတိုင်” တို့၊ “စိတ်” တို့ ကဗျာအတိုလေးတွေမှာတော့ တရားသဘောရဲ့ အငွေ့အသက်တွေပါလာတယ်။ အဲဒါကျတော့ အသက်အရွယ်နဲ့ဆိုင်မလား။
မောင်သိန်းဇော် - အသက်အရွယ်ဆိုတာထက် ကိုယ်က တော်တော်ငယ်ငယ်စောစောကကို အဲဒီလိုအတွေးမျိုးတွေ၊ အဲဒီလိုအလေ့အထမျိုးတွေကတော့ စိတ်မှာဖြစ်နေတာပါပဲ ။ ကဗျာမှာ ခက်တာက… ခက်တာထက် ကဗျာမှာ လှနေတာက အဲဒီလိုလေးတွေးကြည့်မိပါတယ်။ ဘာလို့လည်းဆိုတော့ ကဗျာမှာက ကဗျာတစ်ခုဖြစ်သွားပြီ ဆိုလို့ရှိရင် ဘယ်ဘက်က ကြည့်ကြည့်ခံစားသူကို အလုပ်အကျွေးပြုပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒါတွေကို အဲဒီလိုထင်စေတော့လို့ မရိုးသားတဲ့တိုင်တည်တဲ့သဘောမျိုးလုံးဝမရှိပါဘူး။ ကဗျာရဲ့ အလှကိုပဲ သူက ပြုစုတာ။ ပြုစုတဲ့အခါမှာ ကဗျာအားတစ်ခုဖြစ်သွားပြီဆိုလို့ရှိရင် ဘယ်လိုကြည့်ကြည့် ဘယ်ဘက်ကကြည့်ကြည့် အရသာပေးနိုင်မှာဘဲ ။ တချို့ဟာတွေက ကိုယ်ကိုယ်တိုင် ဒီလိုရေးလိုက်တယ်ပေါ့။ နောက် ဒီလိုဖတ်တော့ ဒီလိုအရသာရှိသားပဲပေါ့ ။ ဒီလိုသက်ရောက်သားပဲပေါ့နော်။ အဲဒီအခါမှာ ဘာကိုထပ်ပြီး သွားတွေးသလဲပေါ့။ လူ့ဘ၀ကြီးရဲ့ ရေခံမြေခံကိုက ဆန့်ကျင်ဘက်သဘောတွေနဲ့ တည်ဖွဲ့ထားတာပေါ့ ။ အပူအအေးတွေ၊ အအေးအနွေးတွေ၊၊ အလင်းအမှောင်တွေ ၊အမှားအမှန်တွေ။ အဲဒီအခါကျတော့ ဖတ်နှုတ်မှုတစ်ခုမှာ ဥပမာ တရာလိုဆိုရင်လည်း အမှားကိုထောက်ပြတာရှိမယ်၊ အမှန်ကို မျှော်ငေးတာရှိမယ် ။ အဲဒီလိုပဲ လူမှုရေး၊ နိုင်ငံရေး၊ မေတ္တာရေးတွေမှာလည်း ဒီလိုရှိတာပါပဲ။ ကဗျာက အားလုံးအတွက်ဖြစ်ပါတယ်။ကိုယ်က တရားစိတ်နဲ့ ရေးလိုက်တယ်။ ဒါပေမယ့် ရေးလိုက်တော့ တဖက်ဖက်မှာ တမျိုးအဓိပ္ပာယ်နဲ့ဖြစ်နေတယ်။ ကိုယ့်ရည်ရွယ်ချက်လွဲသွားသလား၊ သူ ကောက်တာမှားသွားသလားဆိုတော့ မဟုတ်ဘူး အဲဒီတရား * ကဗျာက ကဗျာဖြစ်သွားပြီဆိုရင် အလုံးစုံအကျိုးပြုတယ်ပေါ့နော်။ နောက်ပြီး ကိုယ်တို့ အခုနောက်ပိုင်းရေးတဲ့ ကဗျာမျိုးက Definite ပေါ့။ ရေးသမျှမှာတော့ အဲဒီလိုလုပ်လေ့လုပ်ထမရှိဘူး။ 
ရဲရင့်ဆု- နောက်ပြီးတော့ အကို့ကဗျာတချို့တွေထဲမှာ ဂန္ထ၀င်အနံ့ပါတဲ့ စကားလုံးတွေ တွေ့ရလေ့ရှိတယ်။ ဥပမာ - သည်ဆောင်းဟေမာန်တို့၊ မိုးသက်လေနှင် တို့၊ ပွင့်ဦးတို့လို ဂန္ထ၀င်သီချင်းတွေထဲက စာသားမျိုးတွေပေါ့။ အဲဒီလို ခေတ်ပေါ်ကဗျာနဲ့ ဂန္ထ၀င်စကားလုံးတွေကို ပေါင်းစပ်ရတဲ့ အရသာလေး…။
မောင်သိန်းဇော် - ကဗျာဆရာဦးဇင်းနှစ်ပါးက ပြောဖူးတယ်။ ဦးဇင်းဇောသစ်နဲ့ ဦးဇင်းငွေယံဦးပေါ့လေ။ ဒီခေတ်ပေါ်ကဗျာထဲမှာ ပါဠိလို ကိုသိန်းဇော် သုံးလို့ရှိရင် အဆင်ပြေတယ်ဗျာ တဲ့။ ကျနော်တို့ သုံးရင် ဘုန်းကြီးသံထွက်ထွက်သွားတယ် တဲ့။ ဥပမာ သက္ကာယဒိဠိ တစ်ခုကြောင့် ဒီရုပ်ဒီရည်လေးနဲ့ အသည်းကွဲနေရလို့တဲ့ ၊ နောက်တစ်ခါ အိပ်မက်ထဲမှာ မွှေးမြနေတာ အနတ္တလို့ ဘယ်သူပြောလဲ ပေါ့ ။ အဲဒီလိုမျိုးလေးတွေပေါ့ ။ နောက်ပြီးတော့ ရှေးဟောင်းစကားလုံးလေးတွေပေါ့။
ရဲရင့်ဆု - အကို့ကဗျာထဲမှာ အဲလို စကားလုံးလေးတွေ မကြာမကြာတွေ့ရတယ်။ အဲဒါလေး သတိထားမိလို့ မေးကြည့်တာ။
မောင်သိန်းဇော် - ခုနကဟာပဲ ပြန်ရောက်မှာဘဲ။ ကဗျာမှာ ကဗျာဖြစ်အောင်တည်ဆောက်နိုင်ပြီဆိုလို့ရှိရင် ဘယ်ဟာနဲ့ဆောက်ဆောက်ပေါ့လေ။ စိတ်ထဲမှာ တမျိုးဖြစ်လို့ ကဗျာလေးတစ်ပုဒ်ရေးဖူးတယ်။ တိတ်ဆိတ်နေသောဇာတ်သဘင် တဲ့။ ခေတ်ပေါ်ကဗျာပေါ်ကာစက တော်တော်များများသွားပြီး အားပြုကြတာက အီလက်ထရောနစ် တို့၊ မိုနာလီဇာ တို့၊ ကွန်ပျုတာတို့ ကမ္ဘာမှာ နောက်ပေါ်တဲ့ပစ္စည်းတွေ သုံးကြတာပေါ့ ။ အဲဒါမှ ဒီကဗျာရဲ့ အရောင်အသွေးက ခေတ်အရောင်ထတယ်ဆိုပြီးတော့ အားသွန်ပြီးတော့ ရေးကြတာကို တော်တော်များများတွေ့ရတယ်။ ကိုယ်ကလည်း အဲဒါကျ တော်လော်ကန့်လန့်စိတ်ရှိတယ် ။ အပေါ်ကဟာက ကဗျာမဟုတ်ဘူးပေါ့။ အထဲကဟာမှ ကဗျာ ။ ကဗျာဓာတ်ရှိဖို့သာ အရေးကြီးတယ်ပေါ့။ တိတ်ဆိတ်နေသော ဇာတ်သဘင်ဆိုတဲ့အထဲမှာ ခေတ်ပေါ်ကဗျာတွေထဲမှာ တွေ့ရခဲတဲ့ စကားလုံးတွေကို ဥပမာ - ကားဆွဲလေးတစ်ယောက် တို့၊ တိုင်ဖုံးတို့ ဒီဇာတ်ထဲက ဟာတွေနဲ့ပဲ ကဗျာလေးတစ်ပုဒ် ။ အဲဒီကဗျာရေးတုန်းက ၀န်ခံတယ် အဲဒီစိတ်ရှိတယ်။ စကားလုံးတွေက အဓိကမဟုတ်ဘူး။ သူက သယ်ယူပို့ဆောင်ရေးပဲ သယ်ပေးတာပဲ ။ ကဗျာက စကားလုံးတွေနဲ့ ရေးတာပဲ စကားလုံးအဓိကမဟုတ်ဘူးဆိုတော့လည်း နားထောင်ရခက်မှာပဲ။ ကိုယ်ကတော့ အတွေးအဓိကပဲ။ ဒီအတွေးနဲ့ ဒီစကားလုံး အဟောင်းဖြစ်မယ်၊ အသစ်ဖြစ်မယ် ပေါင်းစပ်လိုက်တဲ့အခါမှာ  မီးပွင့်သွားတယ်ပေါ့၊ ရင်ထဲကို ထိသွားတယ်ဆိုလို့ရှိရင် အဲဒါကဗျာဖြစ်တာပေါ့ ။ ဘယ်စကားလုံးမှ ပါဠိသုံးလို့မရဘူး၊ ခေတ်ပေါ်အသုံးအဆောင်တွေသုံးလို့မရဘူး၊ ရှေးဟောင်းဝေါဟာရတွေ သုံးလို့မရဘူး။ ဒီလို မသတ်မှတ်လိုဘူး။ သုံးစွဲတဲ့လူနဲ့ပဲ ဆိုင်တယ်။ သုံးစွဲသူရဲ့ခံစားချက်နဲ့လည်းဆိုင်တယ်။ အဲဒီအခါကျတော့ ကိုယ်ကတော့ ကိုယ်ကျွမ်းကျင်တာနဲ့ ကိုယ်နီးစပ်ရာ ဆွဲသုံးရတာပေါ့လေ။ ကိုယ်မကျွမ်းကျင်တာဆို ကိုယ်က လုပ်ယူတာလေ။ ဘာသာစကားအရ မရင်းနှီးတာတွေကို ယူသုံးရင် တမင်တကာ အဲဒီအထင်ကို ရဖို့အတွက် ကိုယ်က လုပ်ယူတာ၊ လုပ်ယူရပြီဆိုကတည်းက မရဲရင့်တော့ဘူးလေ။ ကိုယ်ကတော့ ကဗျာမှာတော့ သိပ်မထိတ်လန့်စေချင်ဘူး ။ ကိုယ်နဲ့ရင်းနှီးတဲ့ လူငယ်တွေတွေ့ရင်လည်း ပြောဖြစ်တယ်။ ကဗျာဆရာဆိုတာ ကဗျာဆိုတာ ဘယ်သူ့မှ မကြောက်ဘဲနဲ့ ရေးမှ ကဗျာဖြစ်မှာ လို့၊ တစ်ခုကို အားကျပြီး တစ်ခုကိုကြောက်ပြီး ရေးရင် ကိုယ့်ပုံစံထွက်ကို မထွက်ဘူးလို့။ အကိုကတော့ ဇာတ်ကလည်း ဇာတ်ကတာကိုး။ ဇာတ်ကတော့ ရှေးစကားတွေလည်း တကယ်သင်ကြားတတ်မြောက်တာမဟုတ်ပေမယ့် မဖြစ်မနေ ကိုယ့်ဘ၀အတွက် ရင်းနှီးနေရာတွေလည်းရှိတယ်။ အဲဒီအခါကျတော့ သီချင်းဆိုနေတော့လည်း သီချင်းထဲက စာလုံးတွေလည်းရှိမယ်။ ကိုယ်နီးစပ်ရာ နီးစပ်ရာနဲ့ ကဗျာဖြစ်အောင် ရှိတာလေးနဲ့ လှအောင် ၀တ်တာပါပဲ။

ရဲရင့်ဆု - နောက်ပြီးတော့လည်း စောစောကတော့ အကို့ကဗျာတွေအကြောင်းမေးတာပေါ့ ။ အခုကတော့ တခြားကဗျာတွေပေါ့။ အကိုဖတ်ဖြစ်ခဲ့တဲ့ လူငယ်တွေရဲ့ကဗျာတွေ။ အွန်လိုင်းပေါ်မှာပဲဖြစ်ဖြစ်၊ အခြားစာအုပ်တွေမှာပဲဖြစ်ဖြစ်။ အဲဒီဟာလေးကို အကို့အမြင်လေးသိချင်တယ်။ ဒီဘက်ခေတ်ကဗျာတွေ အကြောင်းပေါ့။ အနည်းအကျဉ်းပေါ့။ ဖတ်သူတစ်ယောက်အနေနဲ့။
မောင်သိန်းဇော် - အကိုက ကဗျာလောကကြီးကို သုံးသပ်ရအောင်တော့ ဥာဏ်ကို မပြောလိုပါဘူး။ လေ့လာမှုအရ ကိုယ်ပြောဖို့ သိပ်မလုံခြုံပါဘူး။ သိပ်မပြောလိုဘူး။ ဒါပေမယ့် ထပ်ပြောလည်း ဒီအတိုင်း ဒီအတိုင်း ကြားနေရမှာပဲဆိုတာမျိုးကတော့ အကိုရှေ့က ပြောခဲ့သလိုပဲ ကဗျာမှာ ကဗျာဖြစ်အောင် ရေးဖို့က အဓိကပါပဲ။ ကဗျာဖြစ်တဲ့စိတ်ကလေးကို မိအောင်ဖမ်းဖို့ အဓိကကျပါတယ်။ ခုနကပြောတဲ့ ခေတ်အလိုက်ပုံသဏ န်တွေပေါ့နော် ။ ကိုယ်တို့လည်း ရှေးတုန်းကလို တောင်ရှည်ကြီးအမြဲဝတ်နေတာမဟုတ်ဘူးလေ၊ ခေါင်းပေါင်းစကြီးအမြဲပေါင်းနေတာမဟုတ်ဘူး။ ခေတ်အလိုက် ၀တ်နေရတာပါပဲ။ ဘာဝတ်ဝတ် အဲဒီလူ လူကောင်းဖြစ်ဖို့ အရေးကြီးတာပေါ့လေ။ အဲဒီလူက အနုပညာရှိဖို့ ။ အဲဒီတော့ ပုံသဏ န်တွေကို အတင်းအားထုတ်ရင်း အတင်းလိုက်ရင်းနဲ့ အတွင်းအနှစ်သာရက ငွေ့ငွေ့လေးဖြစ်နေတာတော့ မဖြစ်စေချင်ဘူး ။ နောက်ပြီးတော့ ခုနကပြောတဲ့ ပုံသဏ န်တွေ အခွံတွေေ အသုံးအနှုန်းတွေကလည်း ဒီလိုသုံးမှ ဒီအရောင်ထတယ်ပေါ့ ။ ခေတ်က ဒီအဆင်ပဲဆိုပြီးတော့လည်း တအားကြီး အလျင်စလို ထိတ်လန့်တကြား အားမထုတ်စေချင်ဘူး။ ကဗျာဖွဲ့တဲ့အခါမှာ လွတ်မြောက်ရမယ်၊ ရဲရင့်ရမယ်။ အဲဒီအခါကျတော့ ယုံယုံကြည်ကြည် ကိုယ့်စိတ်ကူးလေးကို သေချာ မျက်ချည်မပြတ် ဗဟိုပြုပြီးတော့ အားထုတ်ဖွဲ့နွဲ့စေချင်တယ်။ အများကျယ်လောင်နေတဲ့အသံတွေနောက်ကိုလိုက်ရင် အများနောက် လိုက်တာပဲဖြစ်မယ်။
ရဲရင့်ဆု - နောက်ထပ်မေးချင်တာက မောင်သိန်းဇော်အနေနဲ့ ကဗျာတစ်ပုဒ်စီကနေ ကဗျာဖတ်တဲ့သူက ဘာတွေရသင့် ရနိုင်တယ်လို့ထင်သလဲ။ သူရေးတဲ့ ကဗျအတွက် ကဗျာဆရာဟာ တာဝန်ရှိမရှိ ။  ဖတ်သူနားလည်ဖို့တို့ ဒါမှမဟုတ် မိမိကိုယ်ရေးချင်တာကိုပဲ ရေးဖို့လားဆိုတာမျိုးပေါ့ 
မောင်သိန်းဇော် - ကဗျာက လုပ်ငန်းသုံးဖြစ်နိုင် မဖြစ်နိုင်ဆိုတဲ့ကိစ္စမှာကို တွေးစရာတွေ အများကြီးပါပဲ။ အကျိုးမပြုဘူး တို့၊ လူတွေအတွက် ဘာတို့ဆိုတဲ့အပိုင်းမှာ ဘာကြောင့်လည်းဆိုတော့ ကဗျာတစ်ပုဒ်ကို အရသာခံဖို့အတွက် ဖတ်သူဘက်ကလည်း လုံးဝအားမထုတ်ထားဘူးဆိုရင်တော့ ဘယ်သူမှ ကူလို့မရပါဘူး။ ဒါကြောင့် ကဗျာက လုပ်ငန်းသုံးဖြစ်၏ ၊ မဖြစ်၏ ဆိုပြီး စဉ်းစားတဲ့အပိုင်းတွေပေါ့ ။ ကဗျာအမျိုးအစားတွေတော့ရှိမှာပေါ့လေ။ လွယ်လင့်တကူလူတွေဆီပေးနိုင်အောင် ဖွဲ့နွဲ့မှုအရရော၊ အကြောင်းအရာအရရော ရှင်းဖြောင့်နေတာမျိုးလည်းရှိမှာပေါ့ ။ ဒါတွေလည်း တန်ဖိုးမဲ့တယ်လို့ မဆိုလိုပါဘူး။ လှပါတယ်။ လောကအတွက်အကျိုးပြုပါတယ်။ ဒါပေမယ့် ဒီဘက်ဒီဘက်မှာ ရေးဖြစ်လာကြတဲ့ကဗျာတွေကတော့ အတွေးအိမ်ဧရိယာကို ကျယ်ကျယ်လေးလုပ်ထားတဲ့အတွက် တချို့ဟာတွေက စဉ်းစားယူရတာမျိုး ။ နောက်ပြီးတော့ အကို့အနေနဲ့ကလည်း စဉ်းစားဖို့မလိုလောက်အောင် ရှင်းနေရင်လည်း ကဗျာလို့တောင် မပြောချင်ဘူး။ ဥပမာ - “ရှောင်လေဝေးဝေး မူးယစ်ဆေး”ပေါ့လေ။ သူလည်း အကျိုးပြုတာပဲ။ မူးယစ်ဆေးကိုရှောင်ပါပေါ့။ သူက ကာရံလေးလည်းပါတယ်။ အဲဒီတော့ ဒါကို ကဗျာလို့ ပြောမလား။ ကိုယ်တော့ မရေးချင်ဘူးပေါ့။ ကဗျာအနေနဲ့မရေးချင်ဘူး။ ခင်ဗျား မူးယစ်ဆေးကို ရှောင်ရင်ကောင်းတယ်။ ဒါပေမယ့် ကဗျာဆိုတဲ့ ကန့်သတ်မှုနဲ့ကျတော့ ဒါက သိပ်အဆင်မပြေပါဘူး။ ဒီလိုမျိုးတွေ အများကြီးရှိတယ်ပေါ့။ နိုင်ငံမှာ ၀န်ထမ်းတွေနဲ့ပတ်သက်လို့ ၊ စည်းကမ်းတွေနဲ့ပတ်သက်လို့ ဆောင်ပုဒ်တွေမှာ ဒီလိုလေးတွေ သုံးကျတာပေါ့ ။ တချို့ဟာတွေက ကဗျာရေးတဲ့အခါမှာ ခေတ်ပေါ်ကဗျာရိုးသားမှုပိုလိုတယ်ပေါ့နော်။ ခေတ်ပေါ်ကဗျာလို့ပဲ ပြောရမှာပေါ့ ။ သူက ရိုးသားဖို့ပိုလိုတယ်။ အဓိပ္ပာယ်က ချက်ခြင်းမလွယ်ကူတဲ့အခါကျတော့ လိမ်လည်မှုလည်းထူပြောတယ်ပေါ့။ ကဗျာမှာ ပထမဆုံး ကိုယ့်ကိုယ်ကို အလှည့်စားခံလိုက်ရပြီးမှ သူများကို လှည့်စားတာမျိုးတွေလည်း ဖြစ်နေတာတွေလည်း ရှိပါတယ်။ ကဗျာဆန်ချင်တာပေါ့ ။ ကဗျာအရောင်အသွေးပေါက်ချင်တဲ့အတွက် လုပ်ရင်းနဲ့ သူများကိုလည်း လှည့်စားသလိုဖြစ် ၊ ကိုယ်ကိုယ်တိုင်လည်း  လှည့်စားမှန်းမသိလိုက်ဆိုတဲ့အပိုင်းတွေ ကဗျာမှာ ရှိပါတယ်။ အဲဒီတော့ ကဗျာဟာ နားလည်အောင်လို့လည်း အလွယ် မကြိုးစားဘူး၊ နားမလည်အောင်လို့လည်း တခါမှ အားမထုတ်ဘူး။ အဲဒီတော့ ကဗျာက ကိုယ်ကိုယ်တိုင် မြတ်နိုးမှု၊ ရိုးရိုးသားသားအလေးအနက်ထားဖို့  သေချာဖို့ကတော့ ကဗျာတစ်ပုဒ်အတွက် အသက်လောက် အရေးကြီးတယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီအားနဲ့ စိတ်ကို လှမ်းပြီး ဆက်သွယ်ရမှာဖြစ်တဲ့အတွက် နားမလည်အောင်လည်း မရည်ရွယ်ဘူး၊ နားလည်အောင်လို့ရည်ရွယ်ပြန်လည်း ဟိုတလောက ကိုယ် ပိုစ့်လေးတစ်ခုတင်လိုက်တယ်။ ကဗျာကို ရည်ရွယ်ချက်ရှိရှိရေးတာနဲ့တင် ကဗျာက အလှတစ်ရေ လျော့တယ်။ဘာကြောင့်လည်းဆိုတော့ ဆေးရုံကြီးတစ်ရုံအကြောင်းရေးတော့မယ်ဆိုရင် အကြောင်းအရာကြီးတစ်ခုအကြောင်း ရေးတော့မယ်ဆိုရင်ကို ကဗျာကတော့ ရည်ရွယ်ချက်က နည်းနည်းထင်းထင်းကြီးဖြစ်သွားတဲ့အတွက် စဉ်းစားတာ တွေးတာမှာလည်း အဲဒီနောက် လိုက်ရင်း လိုက်ရင်းနဲ့ အလှသွေးတစ်ရေလျော့တယ် ။ တစ်ခုတော့ ရှိတာပေါ့လေ။ ဒီလူက ဒါကိုပဲ ၀င်စားနေတာ သူ့ရဲ့ သွေးသားအစစ်ကိုက ဒါပဲဆိုရင်တော့ သူချပြတဲ့အရာတွေက ကဗျာဖြစ်နေမှာပဲ။ ကိုယ်ချင်းစာတဲ့စိတ်နဲ့ ပြောတာလည်း ဖြစ်ကောင်းဖြစ်မယ်၊ ကိုယ်တို့မှာ တခါတရံမှ တခြားနယ်ပယ်တွေကို စိတ်ကရောက်တာလေ အမြဲတမ်း အနုပညာလုပ်နေတော့။ ဒီအပိုင်းမှာ ကိုယ် ဘယ်ချိန်ထပြောပြော အနုပညာသဘောရှိနေလိမ့်မယ်။ ဒါပေမယ့် တခြားအကြောင်းအရာတွေက ပြောရင် မှီးယူ၊လုပ်ယူပြောရတာ ဖြစ်တဲ့အတွက် အဲဒါကို ရည်ရွယ်ချက်ကြီးတစ်ခုနဲ့ လုပ်လိုက်တဲ့အခါမှာ ပင်ကိုအနေအထား အပြည့်အ၀မဟုတ်ဘူး။ 
ရဲရင့်ဆု - နောက်ပြီး ကဗျာရွတ်တာနဲ့ပတ်သတ်လို့ မေးချင်တာက ဟိုးအရင်တုန်းက ဇာတ်ခုံတွေပေါ်မှာ ကဗျာရွတ်သလိုပဲ၊ ၀ဇီရာတို့ ဘာတို့မှာ တော်တော်လေး ကဗျာရွတ်ပွဲစနစ်တကျလုပ်ခဲ့တယ်လို့ သိရတယ်။ ကျနော်တို့ကတော့ ကြားဖူးတာပေါ့၊ နားမထောင်ဖူးဘူး။ အဲဒီတုန်းက ကဗျာဆရာကြီး တချို့က ကဗျာရွတ်တာကို လက်မခံကြဘူးလို့ ကြားဖူးတာပေါ့။ အဲဒီကဗျာရွတ်တာနဲ့ ပတ်သတ်ပြီး မောင်သိန်းဇော်ရဲ့ ခံယူချက်လေး။
မောင်သိန်းဇော် - ကဗျာရွတ်တာက ကောင်းပါတယ်၊ ဒီလို စင်ပေါ်မှာ မရွတ်တောင်မှ ကိုယ်က ကဗျာတစ်ပုဒ်ရေးပြီးရင် ကိုယ့်ဘာသာကိုယ် အကြိမ်ကြိမ်အခါခါ ရွတ်တာ။ ဒါကြောင့် ကဗျာတွေကို အလွတ်ရတယ်ဆိုတာက ကျက်လို့ရတာမဟုတ်ဘူး။ ကဗျာရေးနေစဉ်မှာကို ဒီ ကဗျာရဲ့ အသံသွားအသံလာ စိတ်ပေါ်မှာ အနေအထားလေးကို ဆင်းလိုက်တင်းလိုက် ကိုယ်က အကြိမ်ကြိမ်အခါခါ ရွတ်တာ ၊ ရွတ်ရင်းနဲ့ ပြင်ချင်တာ ပြင်တယ်ဆိုတော့ ကဗျာက တကယ်ပဲ လက်ခံလိုက်ပြီ၊ ဒါကို ကိုယ် တကယ်ပဲ ဂဏန်းငြိမ်သွားပြီဆိုတဲ့အချိန်မှာ ကဗျာက အလိုအလျောက်ရပြီးသား ဖြစ်သွားတယ်။ အဲဒီတော့ အဲဒီကဗျာတစ်ပုဒ်ဖြစ်ရေး ဖြတ်သန်းတဲ့အနေအထားကို ကြည့်ပြီးတော့ကို ကဗျာရွတ်တာက လိုပါတယ်၊  ကိုယ်ကတော့ မရွတ်ခင်မှာ အကြောင်းအရာလေးတွေကို အရိပ်အမြွတ်မျှ ပြောပြတယ်။ ကဗျာတစ်ပုဒ်လုံးကို ရှင်းပြတာ မဟုတ်ပေမယ့် ။ ဘာကြောင့်လည်းဆိုတော့ သူက နားထောင်ရမှာလေ။ စာအုပ်ကို ဖတ်ရင်တောင်မှ ဒီ ကဗျာတွေက တစ်ခေါက်ဖတ်ရုံနဲ့ မရဘူး။ သုံးခေါက်လေးခေါက်၊ နောက် ဘေးထား၊ နောက် ခေါင်းအုံးအောက် ထိုးထား၊ နောက် လက်ဖက်ရည်ဆိုင်သွားတော့ ယူသွား ဖတ်ကြည့် ၊ အဲဒီလိုမျိုးမှ စိတ်ထဲမှာ တဖြေးဖြေးပိုပေါ်လာတာတွေ ရှိတဲ့အခါကျတော့ ပိုရစရာရှိလာတဲ့အခါကျတော့ ကဗျာရွတ်တဲ့အခါမှာ အသံကြားရုံနဲ့ အဓိပ္ပာယ်တွေ အကုန်လုံးက စီကာစဉ်ကာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်သွားမှာမဟုတ်ဘူး။ မဟုတ်တဲ့အတွက် ထိုက်သင့်အားလျော်စွာ ရှေ့မှာ စကားခင်းကျင်းတာ လိုအပ်ပါတယ် ။ ဒါပေမယ့် ခင်းကျင်းတာ နှုတ်လွန်ပြီးတော့ အကုန်လုံး ဖြည်ချပြသလို ဖြစ်သွားပြန်ရင်လည်း ကဗျာက ကဗျာစွဲဆောင်မှုအလှမဟုတ်ပြန်ဘူး။ အဲဒီအခါကျတော့ ရွတ်တာကိုတော့ ကြိုက်တယ်။ ရှေးကလည်း ရှိတယ်လို့ ထင်ပါတယ်။ တချို့ဟာတွေက ကဗျာမှာ ဖတ်တာရှိမယ်၊ ဖတ်ရုံမှာတင်ပဲ သူ့အလုပ်ပြီးသင့်တယ် ဆိုတဲ့ကဗျာမျိုးလည်း ရှိသလို၊ ရွတ်တာ အထိသွားရမယ့် ကဗျာတွေလည်းရှိပါတယ်။ ရွတ်တာထက်ပိုလာတာက ဆိုရတဲ့ ကဗျာပါ ရှိလာတယ်။ ဒီလို အသံနေအသံထားနဲ့မှ ဆိုချလိုက်တော့တာပေါ့နော်။ ရိုးရိုးရွတ်တာ၊ သံစဉ်နဲ့ အသံထားနဲ့ပါ ဆိုလိုက်တာ ။ ဒါကို တချို့ကတော့ စေ့စေ့ကြီးကို ဖတ်ပြီးတော့ ဖတ်ရုံပဲ ဒီ ကဗျာရဲ့ အနေအထားပြည့်စုံတာသွားတွေလည်း ရှိပါတယ်။ 
ရဲရင့်ဆု - နောက် သိချင်တာ တစ်ခုက အကိုနဲ့အတူ ဇာတ်ထဲမှာလိုက်ပြီးတော့ ဆရာမောင်သင်းခိုင်တို့၊ ဆရာမောင်ချောနွယ်တို့၊ ဆရာမောင်ရန်ပိုင်တို့ရဲ့ ပုံရိပ်ကလေးတွေ ၊ အမှတ်တရလေးတွေပြောပြပါဦး။
မောင်သိန်းဇော် - အကို့ဘ၀က ဇာတ်ပွဲကရတယ်၊ ပရိသတ်တွေနဲ့ တတူတကွ တစ်ညတာလုံး၊ တစ်နှစ်ပတ်လုံး သွားသွားလာလာ နေထိုင်ရတော့ ကဗျာဆရာ အကိုတွေ၊ မိတ်ဆွေ လာလို့ရှိရင် ကိုယ့်မှာ ပျော်မွေ့ရာတစ်ခုပဲ၊ ကဗျာစိတ်တွေလည်း နိုးကြားတယ်။ ပထမဆုံး အကို့ပတ်ဝန်းကျင်မှာ လက်ပွန်းတတီး ကဗျာတွေ၊ အော်ပရာတွေ၊ ပြဇာတ်တွေဖန်တီးပေးဖို့ စာပေနယ်က ရောက်ရှိတာတာ့ မောင်ရန်ပိုင်ပဲ။ မောင်ရန်ပိုင်က တစ်နှစ်လောက်ကို အကိုတို့ဆီ လာနေပြီးတော့ အော်ပရာတွေ၊ ပြဇာတ်တွေလုပ်ပေးခဲ့တာ။ ဒါပေမယ့် မောင်ရန်ပိုင်နဲ့တုန်းက ကဗျာတွေ ဘာတွေ မရေးဖြစ်သေးဘူး။ ငယ်ငယ်ကတည်းက သွားသွားလာလာ မှတ်စုလေးတွေ ရေးတာတို့ အတိုကောက်လေးတွေရေးတာတို့ ဥာဏ်ပန်းအိုးလေးတွေကတော့ ဟိုနားတစ်အိုး ဒီနားတစ်အိုးကတော့ ရှိပါတယ်။ ဒါပေမယ့် ကဗျာအနေနဲ့တော့ မရေးဖြစ်ဘူး။ နောက် မောင်ချောနွယ် ။ ရန်ကုန်မှာလည်း ကိုချောနွယ်နဲ့  တရင်းတနှီးမဖြစ်ခင်မှာ ကိုသုခမိန်လှိုင်ပေါ့။ သူနဲ့လည်း သီချင်းတွေ ဘာတွေ တိုက်ရင်းနဲ့ စကားပြောရဆိုရပေါ့။ အဲဒီအခါမှာ စာပေကဗျာ အနုပညာရှင်ကြီးတွေရဲ့ ပြောပုံဆိုပုံကလည်း ကိုယ့်အတွက် အံ့ခမန်းပဲ။ ကိုယ်ကလည်း စကားလုံးတွေ အပေါ်မှာ အာရုံရှိတဲ့သူမို့လားမသိဘူး၊ ပန်းတွေနဲ့ တစ်ပွင့်ချင်းပေါက်ကျဲနေသလို ပျော်စရာကြီး၊ သာယာစရာကြီး၊ လှလိုက်တာ ဆိုပြီးတော့ သဘောကျတာပေါ့။ နောက် စာရေးဆရာအောင်လင်း ။ သူနဲ့ တရင်းတနှီးနေဖူးတော့လည်း သူ့ဆီမှာ သီချင်းသင် ဘာသင်ပေါ့ ။ ကျိုက်ခေါက်ဘုရားပွဲမှာ ဆရာအောင်လင်း လာစကားပြောဆိုလို့ရှိရင်လည်း အပေါ့သွားချင်တာတောင် နှမျောလို့ အောင့်ထားရတယ်၊ ဘာလို့လည်းဆိုတော့ အဲဒီအချိန်ကလေး လွတ်သွားမှာ စိုးလို့ ပေထိုင်ပြီးတော့ ဆရာစကားပြောတာကို တောက်လျှောက်နားထောင်ရတာလေ။ အဲဒါ စာရေးဆရာ ကဗျာဆရာတွေကို စတွေ့စက ကိုယ့်ရဲ့ သဘောကျမှုတွေပေါ့။ နောက်ကျတော့ စာတွေ ကဗျာတွေ ရေးဖြစ်လာတယ်၊ စာတွေ ကဗျာတွေ ရေးဖြစ်ဖို့က  ပရိသတ်ကို ပြောတဲ့ စကားလေးတွေက စလိမ့်မယ်ထင်တယ်။ ဥပမာ ကျိုက်ခေါက်ပွဲမှာ ကတယ်ဆိုလို့ရှိရင် ကိုယ်က ဘယ်လို ပြောလည်းဆိုတော့ နတ်ရှင်နောင်ဟာ ကျိုက်ခေါက်ဘုရားကြီး ဘုရားတိုင်ရတုရေးပြီးတော့ ဓါတုကလျာကို ဖွဲ့ဆိုပြီးတော့ သူ့ မေတ္တာကို တောင်းခဲ့တယ်ပေါ့ ။ ကျနော်ကတော့ ကျိုက်ခေါက်ဘုရားကြီးကို တိုင်တည်ပြီးတော့ ဓာတုကလျာရဲ့ အချစ်ကို မတောင်းပါဘူး။ ပရိသတ်ကြီးရဲ့ မေတ္တာကို တောင်းပါတယ်ဆိုတဲ့ အဲဒီလို ပရိသတ်ကို ပြောဖို့ရာ စကားလေးတွေ ဖွဲ့နွဲ့သီကုံးရင်းနဲ့ စိတ်က ရေးမိတာ အများကြီးပဲ။ နောက်ကျ အဲဒါကနေ ကဗျာကို ကူးသွားတာ။ ကဗျာဆရာတွေလည်း အနားမှာပါနေတော့။ ကဗျာစရေးမိတာကတော့ ပထမဆုံး ကိုယ့်ရဲ့ ကဗျာကိုဖတ်ရတာကတော့ မောင်ချောနွယ် ပါပဲ။ သူလည်းရှိနေတယ်၊ မယ်လမုဘုရားမှာထင်တယ်၊ မွေးနေ့လက်ဆောင် ဆိုတဲ့ ကဗျာလေးရေးပြီးတော့ သူ့ကိုပေးဖတ်တော့ သူလည်း သဘောကျတယ်ဆိုတာနဲ့ ရုပ်ရှင်အောင်လံ ပေးပြီးတော့ ကဗျာလောကကို စတင်ဝင်ရောက်တယ်ပေါ့လေ။ အဲဒီကဗျာမရေးခင်မှာ ကလေးရုပ်ရှင် ဆိုတဲ့ဟာလေး ရေးတယ် ။ ဆရာအောင်ပြည့်ကို သွားပေးတော့ သူက ချယ်ရီမဂ္ဂဇင်းမှာ ဖော်ပြတယ်။ အဲဒီအမျိုးအစားက သူတို့ဆီက အရင်ကလည်း တသီးတသန့်မရှိတော့ ဒီဟာကို ထည့်ဖို့အတွက် သူက ခံစားမှုစာစုဆိုပြီး ကဏ္ဍလေးတစ်ရပ်ဖွင့်ပြီး ကလေးရုပ်ရှင်ကို ဖော်ပြတယ်။ နောက်လည်း တခြား တခြားသူတွေရေးတဲ့ ခံစားမှုစာစုတွေကို ဆက်ဖော်ပြတာပေါ့။ နောက်တစ်ခါ ရေးဖြစ်တာကတော့ ဥစ္စာရူးဆိုတာလေး ရေးဖြစ်တယ်။ အဲဒါလေးတွေကို မောင်ရန်ပိုင် တို့ ဘာတို့ ပေးဖတ်တော့ သူတို့က သဘောကျတယ်။ ခုနက ကဗျာရွတ်တာဆိုလို့ ဖြူးမှာ ပွဲကတုန်းက စားရင်းပြုရင်းနဲ့ ကဗျာရွတ်ကြတာပေါ့လေ။ ကိုချောနွယ် ကဗျာရွတ်နေစဉ်မှာ ဟိုဘက်စားပွဲက အဝေးပြေးကားမောင်းတဲ့သူတွေက ထမင်းစား အရက်သောက်ပေါ့လေ၊ ထိုင်နေကြတယ်။ ကိုချောက မာန်ပါပါ အသံနေအသံထားနဲ့ ရွတ်တာကို ဟိုဘက်က လူက ကဗျာလို့ မသိဘူးလေ ၊ သူက ဘာလှမ်းပြောလဲဆိုတော့ စကားပြောတာ တိုးတိုးပြောလည်းရပါတယ်ဗျာ ဆိုပြီး ဒီဘက်ကို မကြည့်ဘဲနဲ့ လှမ်းအော်တော့ ဒီဘက်က လူက ထိုင်ရမှာလိုလို ထရမှာလိုလိုပေါ့။ ကဗျာက လူထဲမှာ ခံယူဖို့ နားလည်ဖို့ စိမ်းတဲ့အချိန်ပေါ့။ အခုချိန်မှာ နည်းနည်းလေး ကဗျာရွတ်တယ်ဆိုတာကိုတော့ သိလာကြပါပြီ။ နောက် အကိုကြီးမောင်သင်းခိုင် လိုက်လာတဲ့အချိန်မှာ မီးနဲ့လုပ်တဲ့မုန့် တို့ ရေးဖြစ်တယ်။ ပျဉ်းမနား ၊ ရေတာရှည်၊ ပျဉ်းမနားနားက မြို့တွေ ရွာတွေမှာ ပါနေသေးတယ်။ ပါနေတော့ ကဗျာလေးတွေ ရေးဖြစ်တယ်။ ကဗျာဆရာတစ်ယောက်ရောက်လာရင် စိတ်ကို နှိုးကြားစေတယ်၊ ရင်ထဲက ပြာလဲ့လဲ့ တိမ်တိုက်တွေ မိုးရွာမချခင် တို့ ဘာတို့ဆိုရင် အနားမှာ စလင်းမောင်ဌေးကြည်ရှိတယ်။ စကားပြောတယ်။ ပြီးရင် ပေးဖတ်တယ်။ ပေးဖတ်တဲ့အခါမှာ ရတာ၊ မရတာ အဲဒီလိုလေးတွေ ဆွေးနွေးပေးကြတော့ ကဗျာဆရာတစ်ယောက်အဖော်တစ်ယောက်ရှိရင် ကိုယ့်အတွက် ပျော်စရာကြီးပဲ။ အိမ်က လူကြီးတွေကျတော့ ကဗျာဆရာလာရင် စိတ်ညစ်တာ ။ ဘာလို့လည်းဆိုတော့ မအိပ်တော့ဘူးပေါ့နော်။ တခါ ပြည်ထောင်စုပွဲမှာ ကိုယ်က ကိုအောင်ချိမ့်ကြီးကို သီချင်းတွေ အပ်ထားတာ၊ အဲဒီတုန်းကလည်း ကိုအောင်ချိမ့် က သီချင်းတွေ ဘာတွေရေးနေတာပေါ့လေ။ သံစဉ်ကတော့ ပင့်ဖလွိုက်က သံစဉ်တွေပါပဲ။ အဲဒါကို မြလက်စွပ်နဲ့ ဖောက်ထွင်းဝိဇ္ဇာဆိုတဲ့ အော်ပရေးတစ်ခုလုပ်မယ်လို့ ကိုယ့်ဘာသာကိုယ် တွေးထားတဲ့အထဲမှာ ထည့်တဲ့ သီချင်းလေးတွေပေါ့။ ကိုသုခမိန်လှိုင်ရေးပေးထာတာ ရှိတယ်။ ကိုအောင်ချိမ့်ကိုလည်း ထပ်အပ်ထားတော့ ဇာတ်ရုံလာတာပေါ့ ။ ပွဲသိမ်းချိန်လာတာပေါ့။ ပွဲသိမ်းချိန်ဆိုတာ မင်းသားက အိပ်ရတော့မှာလေ ။ အဲဒီအချိန်ကျမှ သူကလာတော့ အိမ်က မကြည်ဘူးပေါ့လေ။ မကြည်တော့ သူ့ကို ခပ်တိုးတိုးလေး ‘အကို လာလာ’ ဆိုပြီး သူ့ကို အခန်းထဲ ခေါ်ပြီး ပေးစရာရှိတာ ပိုက်ဆံပေးတာပေါ့လေ ။ သူက မြို့ထဲမှာ ရောက်တော့ ‘ကောင်လေးက ငါ့ကို ပိုက်ဆံပေးတာ အခန်းထဲ ခေါ်ပေးသကွ၊ ဘာလည်းမသိဘူး’ ဆိုတော့ ဒုက္ခပဲ။ နောက်မှ အဖေက သူ့သားအိပ်တဲ့အချိန်လာလို့ သိပ်ကြည်တာမဟုတ်လို့ တိတ်တိတ်ပုန်းပေးရတာလို့ ရှင်းပြရတယ်။ 

ရဲရင့်ဆု - အနုပညာမှာ အသစ်အဟောင်းကိစ္စ အငြင်းပွားကြတာတွေရှိပါတယ်။ မောင်သိန်းဇော်အနေနဲ့ သစ်ခြင်း၊ ဟောင်းခြင်းကို ဘယ်လို ခွဲခြားကြည့်မလဲ။ 
မောင်သိန်းဇော် - ကိုယ်က ဇာတ်သဘင်ကြီးနဲ့ တွေ့တာလည်း ကံကောာင်းထောက်မမှုတစ်ခုပဲ။ ဘာလို့လည်းဆိုတော့ အဟောင်းထဲမှာ မိုးလင်းမိုးချုပ်နေထိုင်ရတာကိုး၊ အဲဒီအချိန်တုန်းက လူငယ်ဖြစ်နေတယ်။ အဟောင်းနဲ့လည်း နေရတယ်၊ အသစ်ကိုလည်း ဆာလောင်မွတ်သိပ်တဲ့ သဘာဝရှိတဲ့လူငယ်ဖြစ်နေတယ်။ တနည်းတွေးပြန်ရင်လည်း အကိုက အစွန်းနှစ်ဖက်မှာနေရတယ်ပေါ့နော်။ အခု ကဗျာ... ကဗျာဆိုတော့လည်း အသစ်တွေကို စဉ်းစားကြ တွေးခေါ်ကြ ရေးကြတယ်။ သဘင်ကျတော့လည်း ရှေးဟောင်းတွေကို ထိန်းသိမ်းရတယ်ဆိုတော့ ဟောင်းခြင်းနဲ့ သစ်ခြင်း အစွန်းနှစ်ဖက်ကြားမှာ ဒုက္ခကလည်း နှစ်မျိုးယူရတာပေါ့နော်။ အဲဒီတော့ တစ်သက်လုံး ဘယ်သူမှ မပေးလည်း ကိုယ်ယူထားတဲ့ တာဝန်က အဲဒီအသစ်နဲ့အဟောင်းကို ပေါင်းစပ်တာ တနည်းအားဖြင့် အရသာတွေကူးလို့ရအောင် ဖလှယ်ချိတ်ဆက်တာဟာ ကိုယ့်ဘ၀ရဲ့ အဓိကတာဝန်လို့ တွေ့ရှိလာတယ်။ ကဗျာနဲ့ပတ်သတ်လို့ အဓိကထား ယုံကြည်တာကတော့ ကဗျာဖြစ်မှုပါဘဲ ။ အပေါ်က ဘယ်ပုံသဏာန်ပဲဖြစ်ဖြစ်၊ ဘယ်ခေတ် ဘယ်ကာလ ဘယ်အမှတ်အသားပဲဖြစ်ဖြစ် ကဗျာက ကဗျာပဲ ၊ ကဗျာ မဟုတ်တာက ကဗျာမဟုတ်တာပဲ ။ဒီဘက်ခေတ်အနုပညာတွေမှာ အသစ်အသစ်တွေ ပေါ်လာတဲ့အခါမှာ အသစ်တစ်ခုပေါ်လာတိုင်းအဟောင်းတွေက နေရာမရှိသလို၊ တန်ဖိုးပျောက်ကွယ်သလို ဒါကတော့ မဖြစ်စကောင်းဘူး ။ ဥပမာ ကဗျာဆရာအသစ်သစ်တွေပေါ်လာတယ် ရှေးရှေးကရှိတဲ့ စာဆိုတွေ၊ ကဗျာဆရာတွေ ခေတ်အလိုက်ပေါ်ခဲ့တဲ့  တန်ဖိုးတွေက အဲဒီအသစ်ပေါ်လာတာနဲ့ အငွေ့ပျယ်သွားမှာမဟုတ်ဘူး၊ ပျောက်ဆုံးသွားမှာမဟုတ်ဘူး သူ့တန်ဖိုးနဲ့ သူ့အနေအထားနဲ့သူ ရှိတယ်။အသစ်ကလည်း အသစ်အတိုင်းပဲ နေမယ် ။ အဲဒီတော့ အဲဒါတွေကို ပုံသဏာန်တွေ ၊ခေတ်တွေနဲ့ မပိုင်းခြားဘဲနဲ့ ကဗျာဆိုတဲ့ ကဗျာဖြစ်မှု ၊ ကဗျာဖြစ်တည်မှုဆိုတဲ့ သဘောနဲ့ပဲ ခြုံငုံသုံးသပ်ရင် အားလုံးကရှင်းပါတယ်။ အချိန်တိုင်းမှာ လူသားတွေရဲ့ အတွေးတိုင်းမှာ ကဗျာက ပေါ်ပေါက်ခဲ့တယ်၊ ဖူးပွင့်ခဲ့တယ်။ ဒီကဗျာတွေကို သမိုင်းစဉ်အလိုက် မြတ်နိုးနေကြရတာပဲ။ နောက်ပြီးတော့ Installation တို့ Performance ဆိုတဲ့ အသုံးအနှုန်းတွေ ဒီဘက်မှာ လှိုင်လှိုင်သုံးလာတယ်ပေါ့။  ပြုံးနေတဲ့ သံဆူးကြိုးလေးမှာ မျက်နှာဖုံးတွေ ဘာတွေရိုက်တယ်၊  ဒီ စကားလုံးတွေနဲ့ ကိုယ်တို့က အလှမ်းဝေးနေတုန်းမို့။ ဒါပေမယ့် စိတ်ဟာ အဲဒီကတည်းက မျက်နှာမှာ ဘယ်လိုဆေးခြယ်မယ် ဘယ်လိုရိုက်ကူးမယ် အထဲမှာ လုပ်ထားတဲ့ဟာတွေ၊ သူများပြောလို့ အကို လိုက်ပြောတာက အကိုက စမပြောဘူး။ အဲဒီအခါကျတော့ လူ့ကမ္ဘာကြီးမှာ ဒီလို တင်ဆက်မှုတွေ သမိုင်းစဉ်တစ်လျှောက်လုံးရှိခဲ့တာပဲ။ ဟိုတလောက ဖြစ်သွားတဲ့ စက်တင်ဘာ ၁၁ ။ လေယာဉ်ပျံကြီးက တိုက်ကြီးဝင်တိုက်လိုက်တယ်။ တိုက်ကြီးမှာ လေယာဉ်ပျံကြီး စိုက်နေတယ်။ ဒါ အင်စတော်လေးရှင်းလို့ ပြောမလား၊ ဒါ ပါဖောမန့်လို့ ပြောမလား။ ကြော်ငြာတဲ့သူ လိုမလား။ ဒါကို သတ်မှတ်ပြီးတော့ ပြောတဲ့သူ လိုမလားပေါ့နော်။ ရှေးကပြန်ကြည့်ရင်လည်း အမတ်ကြီးဦးပေါ်ဦးပေါ့။ သေတဲ့အခါ လက်ကြီးထုတ်ပြသွားတယ်၊ ဖြန့်ပြသွားတယ်။နောက်ပြီး ဦးကျည်ပွေ့။ ကျည်ပွေ့မှာ အတက်ပေါက်ပြီ ဆိုပြီးလုပ်ပြသွားတာ။ ဒါ Installation လား Performance လား။ အဲဒီခေါင်းစဉ်တွေမပါဘဲနဲ့လည်း ကမ္ဘာလောကကြီးမှာ ဒီတင်ဆက်မှုတွေက သမိုင်းစဉ်တစ်လျှောက်လုံးရှိနေခဲ့တာဘဲ။ အနုပညာက လူသားပေါ်ကတည်းက ရှိတာ ဒါပေမယ့် အမျိုးအစားတွေ သတ်မှတ်တာက၊ နောက်မှ သတ်မှတ်တာ ။ ကဗျာကိုတွေ့ခဲ့တယ်။ ဖိုးသူတော်ဦးမင်း၊ လူဦးမင်းလည်း တွေ့တယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းလည်း တွေ့တယ်၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဆရာတင်မိုးတွေ့တယ်။ ဒီဘက်ခေတ်မှာ ကိုအောင်ချိမ့်၊ ကိုချောနွယ်၊ ကိုသုခမိန်လှိုင်၊ ဖော်ဝေး စသည်အားဖြင့်။ အဲဒီလိုတွေ တွေ့ကြတယ်။ ဒီဘက်ခေတ်လူငယ်တွေ ဆက်တွေ့နေကြတယ်။ အသစ်ဆိုတဲ့ အပြောင်းအလဲလေးတစ်ခုပေါ်လာတိုင်း ပေါ်လာတိုင်း အဟောင်းတွေရဲ့ ဂုဏ်ကိုလည်း ကျော်ကျော်လွှားလွှား မဖြစ်စေချင်ဘူး ။ ကမ္ဘာကြီးက ဒီအတိုင်း ဆက်တိုက်ပေါ်နေတာပဲ ။ ဒါတွေနဲ့လည်း ရပ်မသွားဘူး။ နောက်ထပ် ဒီထက် ဆန်းတာတွေပေါ်ဦးမယ် ။ အဲဒီတော့ အနှစ်ပါဖို့ အရေးကြီးတယ်။ အနှစ်မပါရင်တော့ ဆရာမောင်စွမ်းရည် ပြောတဲ့စကား ကြာပါပြီ ဒါပေမယ့် ထပ်ပြောရဦးမှာပဲ။ သူများထက်ဆန်းအောင် ခြေထောက်ပန်းပန်ပြတာမျိုးပေါ့ ။ ဘာကွာခြားလည်းဆိုတော့ ခံစားမှု နဲ့ အနှစ်အရသာ မချိတ်မိလို့ရှိရင် အပြောင်းအလဲလုပ်တာက ဆန်းရုံသက်သက်ပဲ။ ရင်ထဲကို အလုပ်မပေးဘူး ။ အရသာမပေါ်ဘူးဆိုတဲ့သဘောမျိုးလေးပြောတာပါ။ 
ရဲရင့်ဆု - ကဗျာဆရာတွေ တစ်ယောက်ချင်းစီမှာ ကဗျာနဲ့ ပတ်သတ်တဲ့ ခံယူချက်တစ်ခုစီရှိကြတယ်၊ တူတော့ မတူကြဘူးပေါ့။ မောင်သိန်းဇော် အတွက် ကဗျာဆိုတာ ဘာလဲ။
မောင်သိန်းဇော် - အတွေးကို အလှနဲ့ ထုပ်ပိုးသိမ်းဆည်းတာပေါ့။ အတွေးလေးဖြစ်ပေမယ့်လည်း မလှလို့ရှိရင် မမှတ်မိဘူး၊ မစွဲဘူး၊ မထိရောက်ဘူး၊ အဲဒီတော့ ဒီ အတွေးလေးကို အလှတရားလေးနဲ့ ထုပ်ပိုးသိမ်းဆည်းတာပေါ့။ ကိုယ်ကတော့ အဲဒီလိုလည်း ခံစားတယ်၊ နောက်ပြီးတော့ ကဗျာနဲ့ ပတ်သတ်လို့ကတော့ ကဗျာဆရာ ၊ ကဗျာထဲမှာပဲ ပေးချင်တာကို အကုန်ပေးလိုက်၊ လိုချင်တာလည်း အကုန်ရအောင်ယူလိုက်တတယ်ကျန်တဲ့ဆီက ဘာမှ ထပ်မမျှော်လင့်နဲ့ပေါ့။ ကဗျာဆရာအဖြစ် အသိအမှတ်ပြုတာ မပြုတာ၊ ကဗျာဆရာအဖြစ် ဘာတွေထပ်ရတာ၊ အောင်မြင်တာ အဲဒါတွေက သိပ်ပြီးတော့ မရှင်းပါဘူး။ အဲဒီတော့ ကဗျာတစ်ပုဒ်မှာ ကိုယ့်စိတ်က လုပ်ချင်တာကို လုပ်နိုင်အောင်လုပ်ပါတယ်။ ကိုယ်ကတော့ ကဗျာမှာ အားကျမှုနဲ့တို့ ၊ ကိုယ့်ကိုယ်ကို အထင်ကြီးအောင်တို့၊ တအားကို လူကြိုက်များအောင်တို့ အဲဒီလို စဉ်းစားနေပြီဆိုကတည်းက အဲဒီကဗျာဆရာ မလွတ်လပ်တော့ဘူး။ အဲဒီတော့ ကိုယ်လုပ်ချင်တာကိုပဲ လုပ်ပါပေါ့။ အဲဒီထဲကနေပြီး ကိုယ်ပေးချင်တာကိုလည်း  ပေးလိုက်၊ ပြီးရင်လည်း အဲဒီက ဖြစ်ပေါ်သွားတဲ့အရသာကိုလည်း ကိုယ် ကြိုက်သလောက်ယူလိုက်ပေါ့။ ကျန်တဲ့ဆီက ဘာ ရကောင်းသရွေ့မအောက်မေ့နဲ့။ အဲဒါဆိုရင် ကဗျာနဲ့ ချမ်းသာစွာနေထိုင်နိုင်တယ်။ ဒီလိုမဟုတ်ရင် ပင်ပန်းပါတယ်။



ကဗျာအသံ အစီအစဉ်   မှ

Labels: , ,

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home