11 September, 2016

လိုင်းနိုင်းမှာ တစ်ယောက်ဆင်းမယ်

သတင်းခေါင်းစဉ်မှအစ -
ဘောင်နဲ့ ပတ္တာပြုတ်နေတဲ့ တံခါးရွက်ကြားက
ဝင်လာနေတဲ့ အလင်းတန်းကို
ဖမ်းဆီးနိုင်ရင် ဈေးဘယ်လောက် -
ယနေ့ ရာသီဥတု သာယာမည်အဆုံး
မပျက်မကွက် တက်ရောက်ကြရမည် ဖြစ်ပါကြောင်း
ငြင်းပယ်ခြင်းမဟုတ်တဲ့ အသိအမှတ်ပြုခြင်းရဲ့
ဖြစ်နိုင်ချေအလားအလာတွေအဝဝ
တံခါးဝမှာ အားပါးတရ ဖက်လှဲတကင်း ကြိုဆိုသည်
သို့သော်လည်း ဒါပေသည့်နှင့်တကွ ပသို့ဆိုစေကိုပါ
ရိုသေလေးစားစွာ ဖိတ်ကြားအပ်ပါတယ်
“ဒါမှမဟုတ်သေးရင်
ဘာမှမဟုတ်တော့ဘူး
ကိုယ့်အလုပ်သာ ကိုယ်စေးစေးပိုင်ပိုင်ဆက်လုပ်
အလုပ်ဟာလည်း သူ့အလုပ်သူ ဆက်လုပ်မယ်”
အဲသလို နားစွန်နားဖျား
ကြားလိုက်မိသလိုလို ဘယ်သူပြောသွားလဲ
ဒါပေမယ့် ဆက်အိပ်ကြစို့
မနက်ဖန်မှာ ရောင်နီလာမယ်တဲ့
မိတ်ဆွေတို့ရေ... စိတ်ချ
သမိုင်းဌာနရဲ့ စာကြည့်တိုက်ထဲ
ပျောက်နေတဲ့ စာရင်းတွေထဲက လူတစ်ယောက်
အရှင်လတ်လတ် ထွက်လာတာ
တွေ့လိုက်မိသလား ကိုယ့်လူရဲ့
ဒီကိစ္စကိုတင်ပြဖို့
နာမဝိသေသနအချို့
မရှိသေးကြောင်းပါဘုရား
ဟောဒီမှာ သင့်အတွက်
စိတ်ကြိုက်ရွေးချယ်စရာ မနက်ဖန်တွေ
ပြီး အရံမနက်ဖန်တွေ
အရံနက်ဖန်တွေရဲ့ အရံတွေ
မှန်မှန်ကန်ကန် ရွေးချယ်ဖို့တော့ လိုမယ်နော်
“အမှန်တရားပါရင် ထားခဲ့ပါ”

ဇေယျာလင်း
သီတင်းကျွတ်လပြည့်နေ့
အောက်တိုဘာ ၂၀၀၄

Labels:

ရပ်ကွက်ထဲကတေးဘုမ္မာ

ကန်ဇွန်းရွက်တစည်းသုံးရာဟာလည်း
ငါတို့အစာအိမ်ကို အကြမ်းဖက်တိုက်ခိုက်ခံရတာပါပဲ။
ငြိမ်းချမ်းရေးစာချုပ်ကြီးတွေ ကယ်ပါ။
မိုင်းထိမှ၊ ရွာမီးရှို့ခံရမှ ပြည်တွင်းစစ်မဟုတ်ပါဘူး
ငါတို့မီးဖိုချောင်တွေ လက်နက်ကြီးနဲ့အပစ်ခံနေရတာလည်း ပြည်တွင်းစစ်ပါပဲ။
ငြိမ်းချမ်းရေးစာချုပ်ကြီးတွေ ကယ်ပါ။
ငြိမ်းချမ်းရေးအတွက် ကိုယ်ဘာပေးနိုင်မလဲ စဉ်းစားလိုက်တော့
ပြတ်နေတဲ့ခြေတွေလက်တွေ
ကျောင်းထားမပေးခဲ့ရတဲ့သားသမီးတွေ
လုယက်မီးရှို့ခံလိုက်ရတဲ့ ဘ၀ရဲ့အကောင်းဆုံးအချိန်တွေ
ကိုယ့်ဖာသာဆုံးဖြတ်ရွေးချယ်ပြီး စွန့်လွှတ်ပေးဆပ်ခဲ့ကြတာတွေကို အကြွေးလိုလာမတောင်းပါနဲ့ဆိုတဲ့ ဆိုဆုံးမခံရမှုတွေ
အငြိုးထားငြင်းပယ်ခံနေရတဲ့ ပြည်တော်ပြန်ခွင့်တွေ
ပြီးတော့ လယ်မဲ့ယာမဲ့ အလုပ်လက်မဲ့ လက်နက်မဲ့တို့ရဲ့
ရေထဲဗွက်ထဲ အမှိုက်ပုံထဲမြုပ်နေတဲ့ကျုးကျော်ရပ်ကွက်တွေနဲ့
စုတ်ပြတ်သတ်နေတဲ့ဘ၀တွေ အူဟောင်းလောင်းတွေ။
ငြိမ်းချမ်းရေးစာချုပ်ကြီးတွေ ကယ်ပါ။
တိုင်းနိုင်ငံလုံး တိုက်ရိုက်ရှုမော အံ့ဘွယ်ချီးပခမ်းနားလက်ဖျားခါကြကုန်
ရွှေညီလာခန်းဆောင်မှာ သဉ္စာညောင်စောင်းပမာ လျောင်းစက်နားတော်မူကြပုံ
ပိုးဖဲကတ္တီပါ မီးရောင်ပြိုးပြက် မင်းပေါင်းစုံညစာသဘင်ဝယ်
နှစ်ခြောက်ဆယ်ဂန္ဓ၀င်မဟာဂီတ ပြည်တွင်းစစ် အရေးအခင်းစုံ အရိုးတွန်သံများတေးဘုမ္မာ အသံမဲ့ကျယ်လောင်ကြွေးသီလှုပ်ခါတုန်။
နှစ်ဆယ့်တစ်ရာစု ကယ်ပါ။
ဒေါင်းသခင်စိတ်နဲ့လည်းမထောင်လွှား
ခေါင်းစဉ်တံဆိပ်နဲ့လည်းအချောင်မစား
မကောင်းမြင်စိတ်နဲ့လည်း မလှောင်ဟား
ဘာသာလူမျိုးဘယ်လိုကွဲပြား မကွဲမပြားတာ
အမြဲနင်းတိုင်းပြား အဖိနှိပ်ခံအာက်ခြေလူတန်းစား
ဒီညနေအိမ်အပြန်ကားခဟာ သူတို့ရဲ့အမျိုးသားရင်ကြားစေ့ရေး
ဒီည ညစာဟာ သူတို့ရဲ့ငြိမ်းချမ်းရေး
နှစ်ဆယ့်တစ်ရာစု ကယ်ပါ။
မျက်တောင်တဆုံးတောင်
မှုန်ဝါးဝါးပဲမြင်နိုင်ကြသူတွေပါ
လုံးလိုက်ပြားလိုက်ကမ္ဘာကြီးဟာ
သူတို့အတွက်တော့ တူးလေနက်လေ
ညစာ၀၀တနပ် ခြင်ထောင်အကောင်းတလုံးဟာ
သူတို့လိုချင်တဲ့ ငြိမ်းချမ်းရေး
ပင်လုံမှာပဲဖြစ်ဖြစ် နေပြည်တော်မှာပဲဖြစ်ဖြစ်
နှစ်ဆယ့်တစ်ရာစုမှာ သူတို့ လူဖြစ်ချင်လှပါပြီ
လူတလုံးသူတလုံးဖြစ်ချင်လှပါပြီ။
တီဗွီရှေ့မှာ ထိုင်ငိုက်ရတာ ခြင်ကိုက်တယ်
လက်မှတ်ထိုးမယ်ဆို ခေါ်လိုက်
အလှူခံဆို ကန်တော့ပါသေးရဲ့
ငါ့မှာ ဘာထည့်ထည့် ချဉ်သွားတဲ့ ချဉ်ဖတ်အိုးကြီးတလုံးရှိတယ်ဆိုပါစို့
နှစ်ဆယ့်တစ်ရာစု တစုလုံးကိုထည့်လိုက်ရမလား
ကန်ဇွန်းခင်းကြီးတခင်းလုံးကိုထည့်လိုက်ရမလား
ဒါမှမဟုတ်
ငါတို့မျိုးဆက်တဆက်လုံးကိုထည့်လိုက်ရမလား။

နှင်းခါးမိုး

Labels:

01 September, 2016

ကလေးများနှင့်လူကြီးများ

ကလေးတွေမှာ
ကြယ်တွေအများကြီးရှိတယ်
လူကြီးတွေမှာ
သမုဒ္ဒရာတွေအများကြီးရှိတယ်
ကလေးတွေကတောက်ပကြ
လူကြီးတွေကနစ်မြုပ်ကြ ။

သုခမိန်လှိုင်

Labels:

အဆိပ်


ငါ့အဆုတ်ထဲမှာ
ကာဗွန်ဒိုင်အောက်ဆိုဒ်
၁၀၀%နှုန်းနဲ့ ။

အသီးအရွက်တွေကလည်း
အရွက်ဖျန်းဆေးတွေနဲ့၊ အသီးဖျန်းဆေးနဲ့
ပိုးသတ်ဆေးတွေ ဒင်းကြမ်းနဲ့။

ရယ်ဒီမိတ်တွေကလည်း
ဆိုးဆေးတွေ၊ မသိုးဆေးတွေ အလျှံပယ်နဲ့ ။

မိန်းမကလည်း
ဒီစားအုန်းဆီနဲ့
ဒီအချိုမှုန့်နဲ့ ။

ငါသောက်နေတဲ့ ရေက
အာဆန်းနစ် နန်းချင်းနဲ့  ။

အသက်ကို
အသက်ရှူ ရပ်မသွားရအောင်
ဖြည်းဖြည်းဖွဖွလေး ရှူနေရတယ်။

အောင်ဘညို

Labels:

အလွမ်း

ဧဒင်ဟာသူ့ဆံပင်တွေကြားမှာရှိလိမ့်မယ်လို့
မပီဝိုးတဝါးရေရွတ်ကြည့်တဲ့အခါ
မိုးကိုကြောက်တဲ့စပျစ်ကင်းလေးလို
ဝန်းကျင်ကိုမော်မကြည့်ရဲတော့ဘူးပေါ့။
မျှော်လင့်ခြင်းဝါးရွက်တွေတဖွဲဖွဲသက်..
လယ်ကွင်းအစပ်ကနေ..
တံလျှပ်တွေကိုပဲငေးနေမိတော့တယ်။

အနီ

Labels:

သစ်သီးပုပ်များသေဆုံခြင်း

ပင်လယ်ဟာသေဆုံးပုပ်ပွပြီး
ပင်လယ်ထဲမျောသွား။
တောစံပယ်နံ့တွေလှိုင်နေတဲ့တောအုပ်လေး
ငါ့သွေးကြောထဲပြေးလွှားနေ။
မနေ့ကငါးကြော်အကြောင်းတွေးမိတော့
ကြောင်အိမ်တံခါးကိုပြန်ပြင်ခဲ့။
ငါမွေးထားတဲ့လယ်ကွင်းတွေ
ငါ့မျက်စိအောက်မှာကြီးမားကျယ်ပြန့်လာပုံကရင်သပ်စရာ။
ငါ့ကိုအရူးလို့ပြောတဲ့သူအားလုံးလည်းအရူး။
တနင်္ဂနွေနဲ့ဒိုင်ယာရီစာအုပ်တွေရဲ့ဈာပန
လက်ပြနှုတ်ဆက်ပြီးငါလှည့်ပြန်။
ခြံဝမှာချစ်စဖွယ်ငှက်ငယ်လေး
ငါတို့သီချင်းအတူတူလွေးကြမယ်။

အနီ

Labels:

စာတွေသိပ်မဖတ်ပါနဲ့

စာတွေသိပ်မဖတ်ပါနဲ့။

ဘာတွေပြီးရင်ဘာတွေလာမယ်ဆိုတာ
ကြိုသိနေရတာပျင်းစရာ။

စာတွေသိပ်မဖတ်ပါနဲ့။

မျက်ဝန်းပြတင်းပေါက်တွေကို
တောက်လျှောက်မြင်နေရတာ
ခြောက်သွေ့နေတဲ့ကမ္ဘာ။

စာတွေသိပ်မဖတ်ပါနဲ့။

မနက်ဖြန်ပန်းကလေးပွင့်မှာကို
ကြိုသိနေတာငါတို့ဆုံးရှူံးမှုပါ။

စာတွေသိပ်မဖတ်ပါနဲ့။
ကြက်ဥထဲကနေ
ကြက်ကလေးတွေထွက်လာတာကိုအံ့သြရင်ခုန်ပါ။

စာတွေသိပ်မဖတ်ပါနဲ့..
စာတွေသိပ်မဖတ်ပါနဲ့..
စာတွေသိပ်မဖတ်ပါနဲ့..
စာဖတ်ခြင်းဟာအန္တရာယ်ရှိတဲ့အလင်းတိုင်ကြီးပါ။

အနီ

Labels:

ပင်လယ်

ပင်လယ်ဟာ
သူသေလွန်တဲ့အခါ
ငါ့လိုငါးတစ်ကောင်ဖြစ်ချင်သတဲ့။
သူဘယ်တော့မှမသေတော့
ငါ့လိုငါးတစ်ကောင်ဖြစ်ခွင့်မရတော့ဘူးပေါ့။

ပျော်စရာပဲလား
နာကျင်စရာပဲလား
သောင်ပြင်ကခြေရာတွေဟာ
နောက်တစ်နေ့မှာသဲမြေမွများသာ။ ။

အနီ

Labels: