08 October, 2021

ပေါင်မုန့်အကြောင်း စဉ်းစားတော့

ပေါင်မုန့်အကြောင်း စဉ်းစားတော့
နေပူစပ်ခါး ရယ်သံတွေကို ကြားရတယ်။
နေပူစပ်ခါး ရယ်သံတွေအကြောင်း စဉ်းစားတော့
ချွေးသံရဲရဲ လူတွေကို တွေ့ရတယ်။
ချွေးသံရဲရဲ လူတွေအကြောင်း စဉ်းစားတော့
သေရေးရှင်ရေးနေ့တွေကို မြင်ရတယ်။
သေရေးရှင်ရေး နေ့တွေအကြောင်း စဉ်းစားတော့
တောကြီးမျက်မည်း ညတွေကို တွေ့ရတယ်။
တောကြီးမျက်မည်း ညတွေအကြောင်း စဉ်းစားတော့
ပေါင်မုန့်တလုံးရဲ့ ရယ်သံကို ကြားရတယ်။ ။

အိုအောင်
(၁၉၉၈)

Labels:

ဆားတစ်ပွင့်ဆီကစာ

မင်းစွန့်စားမယ်ဆိုတော့ ငါတိတ်တဆိတ်ငေးကျန်ရစ်တယ်
မင်းစွန့်လွှတ်တော့ ငါရှက်စိတ်နဲ့စကားလုံးတွေကျကွဲသွားတယ်
မင်းလွမ်းဆွတ်တော့ ငါကြေကွဲနေတယ်
မင်းသတိရတော့ ငါတမ်းတနေတယ်
မင်းငိုရင်ငါရှိုက်မိမှာ
မင်းဖျားတော့ ငါနာရတယ်
မင်းဒဏ်ရာရတော့ ငါ့မှာနာကျင်ရပါတယ်
မင်းကျဆုံးရင် ငါကြွေလွင့်သွားမှာ
မင်းက တောထဲတောင်ထဲသင်တန်းကို ပင်ပန်းတယ်လို့မထင်
ငါက မင်းလမ်းပေါ် ခြေရာမထင်
မင်း ဖက်ရွက်ပေါ်က ထမင်းကို အားရပါးရစားနေတာမြင်တော့
ငါ့ ပန်းကန်ထဲက ထမင်းက ငါ့လည်ချောင်းမှာတစ်နေတယ်သူငယ်ချင်း
မင်းတို့ မိုးထဲရေထဲ မလုံမခြုံအိပ်စက်ရတော့
ငါ မွေ့ယာပေါ် ပူလောင်နေတာပါ
အိပ်မရတဲ့ညတွေကို ကဗျာရေးပစ်တယ်
ကဗျာရေးလို့မရတဲ့နေ့တွေကို ပန်းချီရေးပစ်တယ်
တောင်ခြစ်မြောက်ခြစ်ပန်းချီမဖြစ်မှန်းသိတယ်
ပန်းချီမဖြစ်တဲ့ပန်းချီတွေကို အားပေးရင်း
အားဆေးတိုက်နေတဲ့မိတ်ဆွေတွေကိုလည်းကျေးဇူးတင်တယ်
ငါ့ အားဆေးတွေနဲ့ မင်းကိုအားမွေးပေးချင်တာပါ
မင်းကချောက်ကမ်းပါးအစွန်းမှာ
ခါးမှာကြိုးချည်ပြီး တစ်ဖက်ကမ်းကိုခုန်ကူးဖို့ကြိုးစားနေတယ်
မင်းသွယ်တန်းတဲ့ကြိုးတန်းနဲ့ အားလုံးကိုလွတ်မြောက်စေဖို့တဲ့
မင်းသွယ်တန်းတဲ့ကြိုးတန်းကို ငါဘယ်လိုစိတ်နဲ့ ကူးရက်ပါ့မလဲ သူငယ်ချင်း
ငါတိတ်ဆိတ်နေတယ်ဆိုတာလည်း
တိတ်တဆိတ်တော်လှန်နေတာပါပဲ
ဟင်းလေးအိုးကြီးထဲ
ဆားတစ်ပွင့်ခပ်လိုက်တာပါပဲ
ဒီစာ မင်းဖတ်စေချင်လိုက်တာ
ဒီစာ ငါပို့နိုင်ပါ့မလား
ဒီစာ မင်းဖတ်ရပါ့မလား

ကိုရွေး
၂၇ ၉ ၂၀၂၁

Labels:

06 October, 2021

မမလီဆာ လိုင်ဇာရောက်ဘူးလား

မမလီဆာဟာ ‘ဒိုင်းနမိုက်’ပဲ
ကျွန်တော် ကရင်တပ်သားလေးဘဝထဲက မမလီဆာကို စွဲခဲ့တာ
ဂစ်တာသံတွေ တဒိုင်းဒိုင်းကြားရင်းနဲ့ အိပ်ပျက်ခဲ့ရတယ် မာနယ်ပလောမှာ
ခရစ္စမတ်ပွဲတော်နေ့မှာလည်း လိုင်ဇာဟာ ဒိုင်းနမိုက်ပဲ
လက်ဝါးကပ်တိုင်ပေါ်က ခရစ်တော်ဟာ လောင်ချာစာမိသွားတယ်
‘ဒိုင်းနမိုက်’ ၊ တိုင်းရင်းသားကိုချစ်တဲ့အရသာ ‘ဒိုင်းနမိုက်’
လမ်းဘေးမှာ တန်းစီနေတဲ့ ဒုက္ခသည်တွေ ၊ နိုင်ငံခြားကမတင်သွင်းဘူး
စစ်လေယာဉ်တွေ မောင်းလာတဲ့ ကိုကိုဗိုလ်ကြီးတွေကိုလည်းချစ်
မမလီဆာက ခါးမှာ သေနတ်နှစ်လက်နဲ့ ကျည်ဆံခါးပတ်ချိတ်ပြီး
‘ဒိုင်း ဒိုင်း ကောင်းဘွိုင်လိုပဲ ၊ သေနတ်နဲ့ ပစ်မယ်ချစ်သူရယ်’
အဲဒီကျည်ဆံတွေဟာ ကျွန်တော်တို့ချစ်ရသူတွေမှာ အပေါက်တွေချည့်ပဲ
တောင့်တခဲ့တာ ငြိမ်းချမ်းရေးမဟုတ်ရင် နောက်ဖေးယင်လုံအိမ်သာလေး
‘ဒိုင်းနမိုက်’၊ မမလီဆာဟာ ကျွန်တော့်ရဲ့ sex symbol ပဲ
တစ်ခါ ၊ ‘ပြည့်ဝ’မှာ မမလီဆာက ကျွန်တော့်ကိုပဲ လက်ညှိုးထိုးပြီး
‘မောင်’သီချင်းဆိုခဲ့တာ သူတို့တွေကျွန်တော့်ကို အညှိုးနဲ့ ကြည့်ကြ
မမလီဆာကို သူတို့အကြမ်းဖက် ၊ အချောဖက် ၊ ငွေဖက် ၊ အာဏာဖက်
အချင်းချင်းလက်ဆောင်ပေးဖက် ၊ ကျွန်တော်ပေါက်ကွဲပေါ့ ၊ ဒိုင်းနမိုက်
‘သေနတ်နဲ့ ပစ်မယ် ချစ်သူရယ်’
လက်နက်ကြီးတွေ ၊ စစ်လေယာဉ်တွေ ၊ ရဟတ်ယာဉ်တွေ ၊ တပ်ကြောင်းတွေ
လိုင်ဇာက လိုင်ချီးသီးတွေ တစ်ဘက်နိုင်ငံထဲ ခိုလှုံသွားကြတယ်
ဖားကန့်မှာ တစ်တွင်းနဲ့ မကြည်ရင် ခေါက်လိုက်မယ်
နောက်တစ်တွင်းလာလိမ့်မယ်။ ဖေါရင်းကလာတဲ့
ပစ္စည်းမဟုတ်တော့ စစ်အတွက် သေတွင်းဟာ မဆန်းဘူး၊
ဒိုင်းနမိုက်။ မာလာဆောင်ပြည်လမ်းရဲ့ ရှေ့မှာ ၊ ဒိုင်းနမိုက်
မမလီဆာ၊ ကျွန်တော်လက်နက်ချလို့ အလင်းဝင်ခဲ့ပါပြီ
ခြေတု၊ လက်တုကအစ အတုတွေတပ်ဆင်ထားတဲ့ ဘဝကြီးမှာ
စင်ပေါ်လည်း တင်ဆက်ဖျော်ဖြေပေးရတယ် ၊ ချစ်ကြည်ရေး
စင်အောက်လည်း တင်ဆက်ရပြန်တယ် ၊ ဒိုင်းနမိုက်
လမ်းဘေးမှာ တန်းစီနေတဲ့ တိုင်းရင်းသားတွေ
နိုင်ငံခြားမှာ ကျွန်သွားခံကြတယ်။ ပင်လုံဆေးရုံမှာ
ကျွန်တော်သန့်ရှင်းရေးဝန်ထမ်းပါ ၊ သေနတ်ကို
တံမြက်စည်းနဲ့ လဲလှယ်ခဲ့ပါတယ် ၊ ဒိုင်းနမိုက်
မမလီဆာဟာ ဦးစီးချုပ်ကြီးတွေနဲ့ တစ်လှည့်စီ
ဆွေးနွေးညှိနှိုင်းအိပ်ပေးရင် ပြည်ထောင်စု အထွဋ်အထိပ်
ရောက်မလား ၊ ဒိုင်းနမိုက် ၊ အိပ်ယာထဲမှာ ဒိုင်းနမိုက်
ဖေါရင်းက လာတဲ့ ပစ္စည်းမဟုတ်တော့
တန်ဖိုးနည်း တိုင်းရင်းသားတွေလား
တစ်နိုင်ငံလုံး ချမ်းသာဖို့၊ ဒိုင်းနမိုက်တွေ သတ်သေကြပါစို့
ဒိုင်းဒိုင်း ကောင်းဘွိုင်လိုပဲ
လက်နက်ကြီးတွေနဲ့ ချေမှုန်းပစ်လိုက်မယ်၊ ချစ်လို့ပါကွယ်
မမလီဆာ ၊ ကျွန်တော့်နှလုံးသားထဲက ကျည်ဖူးထုတ်ပေးလိုက်ပါတယ်
အဲဒါအပျော့စား ဒိုင်းနမိုက်၊ တစ်ဒိုင်းဒိုင်းနဲ့ မိုက်တဲ့ ဒိုင်းနမိုက်။ ။

ဇေယျာလင်း
1 – Jan – 13

Labels: