15 September, 2018

မိုင်ရှည်ခရီး၊ ဆက်ပြီးလျှောက်ဆဲ


ကက်ဆက်ထဲက
စိုင်းထီးဆိုင်အသံ
ပလက်ဖောင်းပေါ် အန်ကျ
လူတွေ ခလုတ်တိုက်သွားကြတယ်။
အရက်ဖြစ်သွားတဲ့ နာရီ

(မောင်သင်းခိုင်)

ဒီကနေ့ တနင်္ဂနွေနေ့။ ညနေပိုင်း၊ မိုးကလေး တဖွဲဖွဲ၊ အေးအေးဆေးဆေး လက်ဘက်ရည်ဆိုင်ဘက် ထွက်ခဲ့တယ်။ ထိုင်ခုံပုလေးတွေနဲ့ လက်ဘက်ရည်ဆိုင်ကလေး တစ်ဆိုင်တလေ မရှိတော့ဘူးလား။ လက်ထဲမှာ ကျော်အောင် ဘာသာပြန်တဲ့ ဟဲမင်းဝေးရဲ့ ပါရီရုပ်ပုံလွှာ။ လွန်ခဲ့တဲ့ နှစ်တစ်ရာနီးပါးက အရိပ်တွေ၊ အရောင်တွေ။ လမ်းပေါ်မှာ ဆိုက်ကားများ၊ လူများ၊ ရွံ့ရေ စက်လက် အတွေးထဲ သီချင်းသံတွေ အန်ကျလာသလို ထင်မိ မြင်မိ။ ဖတ်မိတဲ့ စာမျက်နှာများ။ ကဖေးရှေ့တွင် အဝါရောင်ဆိုင်းဘုတ်တစ်ခု၌ လမ်းထဲအရက်မူးလျှင် မည်သည့်ဥပဒေနှင့် အရေးယူမည်ဟူသော စာများ ရေးသားသတိပေးထားသည်။ စာများမှာ မှေးမှိန်နေပြီ။ မည်သူကမျှလည်း ဂရုမစိုက်။
မောင်သင်းခိုင် ရဲ့ ကဗျာလေးကို သတိရမိတယ်။
ကျွန်တော့်အဆင်ပြေမှုလား မပြေမှုလား မသိ၊ မိုဘိုင်းဖုန်းမှ ရင်းတုန်းကို လိုက်ပြောင်းနေမိတယ်။ မိုးက သည်းလာတယ်။ ဆိုင်ထဲကို မိန်းကလေးတစ်ယောက် ဝင်လာတယ်။ ပြတင်းနားက စားပွဲမှာ ဝင်ထိုင်လိုက်သည်။ ပါရီရုပ်ပုံလွှာကို ဖတ်လိုက်၊ လမ်းမပေါ် ငေးရီလိုက်၊ လမ်းရဲ့ ဟိုတစ်ဘက်မှာ စက်တွင်းလမ်း ရှိတယ်။ အောင်ပြည့်စုံတို့ စိုင်းဝင်းမြင့်တို့ အပိုင်လမ်းတွေပဲ။ ခုတော့ သူတို့လည်း အဲဒီမှာမရှိ။ ကျွန်တော်တစ်ယောက်တည်းသာ ယောငပေယောင်ပေနဲ့ အတိတ်ကို စွဲမက်စွာ။ မောင်သင်းခိုင်ရဲ့ နောက်ထပ်ကဗျာလေးတစ်ပုဒ်ကလည်း “လက်ဘက်ရည်ဆိုင်”တဲ့။ ဟိုတလောက ၀ယ်ခဲ့တဲ့ စပယ်ဖြူ မဂ္ဂဇင်းအဟောင်းကလေးထဲပါတာလေ။

လမ်းမကို
တစ်ရင်းတနှီး မြင်ရတဲ့
ချောင်ကျကျ နံရံဘေးက
ထိုင်နေကျ
နေရာကလေးပါပဲ။
. . . . . .
အေးစက်နေတဲ့
လက်ဘက်ရည်တစ်ခွက်ကို
သောက်ဖို့ ယူလိုက်တဲ့အခါ
( နံရံကို လက်သီးနဲ့ ထိုးမိတယ်
နံရံကို လက်သီးနဲ့ ထိုးမိတယ်)
ကျယ်လောင် စူးရှရှ
ကက်ဆက်ထဲကအသံ
ဝေ့ပျံလို့ရောက်လာခဲ့
သြော် . . မီးလာလို့ ထင်ပါရဲ့။
၁၉၈၀ ကျော်နှစ်များကတည်းကတိုင်း ခုလည်း ကျွန်တော် အဲသလိုလက်ဘက်ရည်ဆိုင်ကလေးမှာ ထိုင်နေဆဲ။ သူငယ်ချင်းမိတ်ဆွေတွေကို သတိရနေမိတယ်။ ကက်ဆက်ခွေကလေးတွေကို ခါးကြားမှာထည့်ထိုးရင်း လက်ဘက်ရည်ဆိုင် ကောင်တာမှာ ကိုယ့်အလှည့်ဘယ်တော့ ရောက်လာမလဲ။ ဖွင့်ပေးပါတော့ဗျာ ဝေးခဲ့ပြီပန်းခရမ်းပြာ၊
ဖွင့်ပေးပါတော့ဗျာ နွဲ့ဆိုးရယ်ကျေနပ်တယ်၊ ဖွင့်ပေးပါတော့ဗျာ ပလက်ဖောင်းမင်းသား။
အရိပ်ရှာသည်
ရင်မှာအေးမြ တစ်ခဏသာ
လောကပူမြဲ ပူလောင်၏ 
ဒေါင်းနွယ်ဆွေ

ဒေါင်းနွယ်ဆွေ ရဲ့ ကဗျာတစ်ပုဒ်ထဲကနေ ဖြေးဖြေးရေးရေးလေး ရေရွတ်နေမိတယ်။ နွေရက်တွေတောင်မရောက်သေးပါဘူး။ စက်တင်ဘာရဲ့ နှောင်းပိုင်းရက်တွေဆိုတော့ မိုးက ပါးသွားပြီလေ။ သို့သော် ဆောင်းစဆောင်းနကလည်း မတွေ့သေး။ လူကလည်း စက်ရုပ်လို တစ်နေ့ပြီးတစ်နေ့ လှည့်ပတ်ပြေးလွှားနေရတဲ့ အဖြစ်တွေနဲ့ အသားကျနေခဲ့ပြီဆိုပေမယ့် တစ်ခါတစ်ရံ လမ်းမအလယ်မှာ ရုတ်တရက် ရပ်မိလျက်သားကနေ တွေတွေငေးငေး ဖြစ်နေမိတတ်ပါတယ်။ အဲဒီလိုအချိန်တွေမှာ ကဗျာအတွေးလေးတွေလည်း ၀င်လာတတ်တယ်လေ။ ဒါကို ဘာဖြစ်လို့ပြောရသလဲဆိုတော့ ဒီကနေ့မနက်မှာပဲ ကဗျာစာတမ်းဖတ်ပွဲတစ်ခုကို ရောက်တုန်း၊ ကဗျာစာတမ်းတွေနားထောင်ရင်း၊ ကဗျာဘယ်လိုရေးသလဲဆိုတဲ့အကြောင်းတွေ၊ ခေတ်ပေါ်ကဗျာ၊ခေတ်ပြိုင်ကဗျာ၊ အွန်လိုင်းကဗျာ စသဖြင့် မေးကြဆွေးနွေးကြတဲ့အထဲမှာ ကဗျာအတွေး၊ ကဗျာစိတ်ကူးအကြောင်းတွေ ပြောကြဆွေးနွေးကြတာ သိပ်မတွေ့ရလို့ပါပဲ။ ဒီတော့လည်း ကျွန်တော့်အတွက်တော့ ခပ်ခြောက်သွေ့သွေ့လို ဖြစ်မိရတယ်။

ဒီလိုဆွေးနွေးပွဲတွေကို ကျွန်တော်တို့ မလုပ်ဖြစ်ကြတာ ကြာပြီလေ။ ခုလုပ်တဲ့ဆွေးနွေးပွဲလေးကိုလည်း ဝေဖန်သံတစ်ချို့ ဖေ့ဘွတ်ပေါ်မှာ ပြောကြဆိုကြတာ ကြားဖတ်ဖတ်ရပြန်တယ်လေ။ ကျွန်တော့်အတွက်ကတော့ ဆွေးနွေးတဲ့သူတွေ ဆွေးနွေးတာ ကောင်းတာပါပဲ။ ကျွန်တော်တို့ ရေးကြသူတွေကလည်း ကိုယ်ရရှိတဲ့ကဗျာ ကိုယ်ရေးနေကြဖို့ပါပဲ။ ကျွန်တော်တို့ရေးနေတဲ့ကဗျာတွေအပေါ် ဆွေးနွေးပွဲကလေးတွေလည်း လိုအပ်တာပဲလို့ ကျွန်တောကတော့ ထင်မိမြင်မိပါတယ်။ ကျွန်တော့တစ်ယောက်ထဲအတွက်ကတော့ ဒီလို ဆွေးနွေးပွဲလေးတွေနဲ့ မဆုံကြရတာ ဆယ်စုနှစ်တစ်ခုလောက်တောင် ရှိပါပြီ။ ဆယ်စုနှစ်တစ်ခုဟာ သစ်ရွက်ကြွေတွေကို အတော်ကိုအထပ်လိုက်ဖြစ်စေတာပဲ။ လက်နဲ့ ကိုင်တွယ်နီးစပ်လို့လည်း ဘယ်လိုမှ မရနိုင်တော့တဲ့ ကြွတ်ဆတ်မှုတွေ။ ကျွန်တော့်အတွက်တော့ သူ့အတိုင်းလေး ထားလိုက်တာဟာ အကောင်းဆုံးပါပဲ။

အိပ်ရာထဲမှာ
လဲနေနေ၊ ထိုင်နေနေ
မိုင်ရှည်ခရီး၊ ဆက်ပြီးလျှောက်ဆဲ
အာရုံထဲမှာ။
ကုက္ကိုကိုင်းထက်
ဖော်ကွဲတဲ့ငှက်လေ
နားလျက် ကျီကျာကျာ
ဘာပြောနေလဲ၊ ဝေခွဲကြည့်မိ . . .
         ကြည်တင်ဦး

ကျွန်တော်တို့ မသိမသာ ဖြတ်ကျော်ခဲ့ရတဲ့ နှစ်ကာလတွေ ရှိခဲ့ပါလားဆိုတာ ဒီကဗျာအပိုင်းအစလေးတွေကို လှန်လှောရွတ်ဆိုရင်း အာရုံထဲမှာ တဖျတ်ဖျတ်နဲ့ စာရွက်တွေကို လှန်လှောကျော်ပစ်လိုက်သလို ခံစားမိစေပါတယ်။ ဒီတော့မှ ပြီးပြီလို့ ပြည့်ဖုံးကားချခဲ့ပြီလို့ ထင်ခဲ့တဲ့ကိစ္စတွေဟာ တော်ရုံတန်ရုံနဲ့ ကျွန်တော်တို့မမြင်နိုင်တဲ့ အလွှာထဲမှာ ဆက်လက်တည်ရှိနေတုန်း၊ ဆက်လက်စီးဆင်းနေတုန်းပါပဲလား လို့ ထင်မိမြင်မိပြန်တယ်လေ။ ဒီတော့မှ ပတ်ဝန်းကျင်ကို သတိထားမိလာတယ်။ မိုဘိုင်းဖုန်းရဲ့ မျက်နှာပြင်ကိုပဲ ပွတ်သပ်ကိုင်တွယ်ရှပ်တိုက်ရင်း ငှက်တွေ ပျံနေ၊ နားနေတာလေးတွေကို မော့မကြည့်ဖြစ်တာ ဘယ်လောက် ကြာပြီလဲ။ ဒီကဗျာစာသားတွေကိုဖတ်မိတော့မှပဲ ကိုယ်ကိုယ်ကိုယ်လည်း ပြန်မြင်လာတယ်။ ကိုယ်ဟာ လူသားတစ်ယောက်နဲ့တော်တော်ဆင်ပါလားဆိုသလိုလည်း ဖြစ်မိတယ်။ တွေးမိတယ်။ အကွန့်တက်မိရပြန်တယ်လေ။ ဒီငှက်ကလေး ဒီအကိုင်းမှာ နားနေတာ ဘယ်လောက်ကြာပြီလဲ၊ ကိုယ်မြင်နိုင်တဲ့အကိုင်းမှာ လာနားနေတဲ့ ငှက်ကလေးကို ကိုယ်မမြင်ခဲ့ရတဲ့နေ့ရက်တွေဟာလည်း တကယ်ရှိခဲ့တာပါလား၊ ဒီလိုလည်း ဆွေးမိပြန်တယ်လေ။

အလင်း၏လက်
နံနက်ကိုကျောသပ်
လောကဓာတ်ရှုခင်း
အချစ်သီချင်းများ ကြားစပြုပြီ 
မြေချစ်သူ

မြေချစ်သူရဲ့ကဗျာတွေကိုလည်း ဖတ်ဖူးခဲ့ကြရမှာပေါ့။ ကဗျာကိုဘယ်လိုရေးမလဲ ဆိုတာထက် ကဗျာကိုဘယ်လိုတွေးသလဲ လို့ တွေးမိပါတယ်။ မြေချစ်သူရဲ့ကဗျာတွေဟာ အခြားကဗျာတစ်ပုဒ်ပုဒ်ကို စံထားနည်းနာယူရေးထားတယ် မထင်ရလောက်အောင် သီးခြားဖြစ်နေတဲ့ အမြင်တွေ၊ သုံးစွဲပုံတွေကြောင့် အသစ်ဖြစ်ရပါတယ်။ အဲသလို ကားတစ်စီး အပြင်းမောင်းနှင်သွားတယ်။ ဒီတော့မှ အာရုံရုပ်တွေတစ်ထပ်ကြီးနဲ့ ဒီလိုကဗျာမျိုးတွေ ရေးဖွဲ့တတ်တဲ့ ကဗျာဆရာတွေကို သတိရစေပြန်ပါတယ်။ သြော် . .ခေတ်ကြီးပြောင်းသွားပြီတဲ့လား။ သို့သော်လည်း ဒီကဗျာမျိုးတွေကို ပြောင်းသွားတဲ့ ခေတ်ကြီးထဲ မှာ လျှပ်စီးလက်သလို ထင်းကနဲ ထင်းကနဲ ထထပြက်တာ ကျွန်တော်တို့တွေ့နေနိုင်တာပဲ။ ဒီလိုမျိုးတွေ တွေ့တွေ့နေရတဲ့အခါ ဘာ့ကြောင့်ကဗျာဆိုတာကို ကျွန်တော်တို့ သွားသွား သတိရမိပါလိမ့်။ ကွယ်လွန်သူများကို ကဗျာမှာ ရှင်လျက်တွေ့နိုင်ပါတယ်လေ . .။

မိုးဝေး
28-9-2015

Labels:

14 September, 2018

ဓါတ်ပုံများ ကြည့်ရေးခြင်း ၅



ပြန်လာဦးမလား
ပြန်ယူသွားပလား
ဘယ်ရောက်သွားပြီလဲ
ခုထိ ရှိနေတုန်းလား
တိမ်တွေ ခုထိ ရပ်တန့်နေမယ်လား

အားလုံးကို သတိရလျက်
မေ့လျော့ခဲ့ပါတယ်

မိုးဝေး

Labels:

ဓာတ်ပုံများ ကြည့်ရေးခြင်း ၎


ဒီတိုက်င်္ကြးရဲ့ ဟိုးတစ်ဖက်မှာ
သစ်တောဝင်း ဆိုတာလေး ရှိခဲ့ဖူးတယ်
သစ်စက်၊ ပရိဘောဂစက်ရုံ၊ အရာရှိအိမ်ရာ၊
အလုပ်သမားတန်းလျား၊ အရက်ပုန်းဆိုင်၊
ရထားသံလမ်း၊ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်၊
ကျူးကျော်ရပ်ကွက်၊ တိတ်ခွေ-စာအုပ် အငှားဆိုင်၊
သစ်ရိပ်မှ ဆိုက်ကားဂိတ်များ၊ ရပ်ကွက် ဓမ္မာရုံ
၊ မြေနီလမ်း၊ သစ်ဆိပ်၊ ဆုံခဲ့သမျှ ကျကျန်ခဲ့ပြီလား၊
ဟောဒီခန်းနားမှုများရဲ့ နောက်မှာ. . .။

မိုးဝေး

Labels:

ဓါတ်ပုံများ ကြည့်ရေးခြင်း-၃


ကရင်ခြံပေါ်ကနေ ဆင်မင်းလမ်းဘက်
ဆင်းတဲ့ လမ်းကလေး ဖြစ်တယ်
အရင်တုန်းကတော့ မြေနီလမ်းပဲ
ပြောင်ချောမွတ်နေတဲ့ အုတ်ခဲအတိုအပိုင်းတွေနဲ့
ဘယ်ဘက်ကလည်း တံတိုင်းမရှိသေးဘူး
စာရေးကိရိယာဆိုင်ကလေးတွေလည်း မရှိဘူး
ထိပ်မှာတော့ ကရင်ကလေးတစ်ယောက်ရဲ့
ဆေးလိပ်ကွမ်းယာဆိုင်လေး ရှိတယ်
အဲဒီတုန်းက သူက ၇ တန်း ကျနော်က ၉ တန်း
ရေနံချေးတွေ မှောင်မဲပြီး မိုးပေါ်ထိုးနက်နေတဲ့
ဘုရားကျောင်းအမိုး ရှည်မျောမျော ချွန်မြမြ
နာဂစ်တုန်းက အတော် ပျက်ဆီးသွားတယ်
ပြန်ပြင်ထားတာ အရင်လို ကြည့်မကောင်းတော့ဘူး
ဘောလုံးကွင်းထဲလည်း
ကားဘော်ဒီ ထုသံနှက်သံတွေနဲ့
ခုဆို ရထားလမ်းနဲ့ကြားမှာ အုတ်တံတိုင်း
ခတ်ထားတာတွေ့ရပြန်တယ်
အသက်ရှုရတာ အရင်လို မလွတ်လပ်
မကျယ်ပြောတော့ဘူး
ကျနော့်ရှေ့မှာ အဖိုးအိုတယောက်
သူ့နောက်မှာ အဖိုးအိုဖြစ်လာတော့မယ့်တစ်ယောက်
စိန်ပန်းနီနီတွေကတော့ အရင်အတိုင်းပဲ
ဟိုတစ်ကွက် ဒီတစ်ကွက်
ဓါတ်ပုံထဲတော့ ပါမလာပြန်ဘူးလေ။

မိုးဝေး
၂၃-၅-၂၀၁၈

Labels:

ဓါတ်ပုံများ ကြည့်ရေးခြင်း -၂



ရေနွေး ဝယ်ထားတယ်၊
စတီးဇလုံနဲ့ ထမင်းလည်း တန်းစီထားတယ်
ဖော့ဘူးက လက်ဆောင်ဝယ်လာကြတာ
ဖျာခင်းထားတာက မကြာခင် ညရောက်တော့မယ်လေ
ဆွဲခြင်းထဲမတော့ အစုံပဲ
ငံ့ပြာရည်ချက်၊ ဘာလချောင်ကြော်၊ ဆေးဘူး
ခြင်ဆေးခွေ၊ တစ်ရှူး
ပြတင်းပေါက်ကတော့ ဖွင့်တယ်လို့ကို မရှိတာ
နံရံကတော့ မြင်တဲ့အတိုင်းပဲ
ရှေ့မှာ မမြင်ရတာက ရေမြောင်းနဲ့ ပုပ်အဲ့အဲ့အနံ့
ရေပိုက်ထဲ ရေ ရှိသလား ဆိုတာနဲ့
နောက်ကအခန်းထဲ လူရှိသလားစဉ်းစားရတာ အတူတူပဲ
ခြင်တွေက လာလာကိုက်တယ်
မြင်တော့ မမြင်ရဘူးလေ။

မိုးဝေး

Labels:

ဓာတ်ပုံများကြည့်ရေးခြင်း ၁



နံရံမှာ တီရှပ်တစ်ထည် ချိတ်ထား
ပြီးရင် ဝတ်ရမယ်
မီးခလုတ်ဘုတ်မှာ စကူတစ်ချောင်း
ပြုတ်နေတယ်
ဒါကြောင့် အခန်းထောင့်တွေ
မီးအလင်းရောင် မရောက်ဘူး
အဲသလိုပဲ
အေးမြမြဆောင်းကို
အဲကွန်းရီမုတ်က ငေးစိုက်နေပုံ
မြင်ကြဖူးပါလိမ့်မယ်
တင်ထားတဲ့ ဘရေကာ
ပြုတ်မကျမချင်း အမ်မေးဂျင်း
သီချင်းသံတွေ ကြားနေရဦးမယ်
တွေ့လား
ကပ်ခွါ ချိတ်လေးတစ်ခု ကွာကျနေတယ်
နောက်တစ်ခုမှာ အားသွင်းကြိုးတွေ
တွဲလောင်းကျနေတယ်။

မိုးဝေး
၎-၁-၂၀၁၈

Labels:

ထိခိုက်ခံစားသက္ကရာဇ်များ



ဘ၀ဟာ
အငြိမ့်စင်ပေါ် ရောက်နေတဲ့အခါ
သေခြင်းတရားဆိုတာ
ပုဆိုးအကွက်တုံးနဲ့
ရယ်စရာပြက်လုံးတစ်ခုပေါ့
တိုးသက်(ဟိုပုံး)

မနက် နိုးလာတာနဲ့ ညကဖတ်မိတဲ့ ကဗျာလေးကို ပြန်သတိရလာတယ်။ ဒီရက်ပိုင်းအလုပ်တွေကလည်းရှုပ်နေတာပါပဲ။ ပြန်စဉ်းစားတော့ ၀ယ်ထားတဲ့ သတင်းစာတောင် မဖတ်လိုက်ရဘဲ ဒီကနေ့ မနက်ကိုရောက်လာတာဖြစ်နေတယ်။ ဒီမနက်မှာသတင်းစာရောက်လာပါလိမ့်ဦးမယ်။ ကျနော်လည်းကိုယ့်ဘာသာအလုပ်တွေ အလုပ်တွေလို့ အော်ရင်းသတင်းစာနဲ့ ထိပ်တိုက်တွေ့ဆုံကြတာပေါ့လေ။ ရယ်စရာပါပဲ။ အငြိမ့်စင်ပေါ်ပဲရောက်နေသလားကိုယ့်ဘာသာသံသယ ၀င်၊ အတွေးပွား၊ လူဆိုတာဒီလိုများ . .အဲသလိုတွေ စဉ်းစားရင်းဟိုးတုံးကရေးခဲ့ဖူးတဲ့ စကားပြေမျိုးတွေ ခုမရေးနိုင်တော့တာရယ်စရာ ဖြစ်နေတာလား။

နွေဦးကာလ
မြူ သိပ်ထတဲ့ မြို့လေ
ဖြတ်ကျော်ခဲ့ကြရမှာပေါ့
မြို့ခံတွင်းဝက
မေ့မှာစိုးလို့ ရေးမှတ်ထား
'ကြိုဆိုပါ၏' . .ဆိုလား
အဲဒါပဲ
သူ့ခရီးဦးကြိုစကား
ခင်ဗျားတို့ ရင်ခုန်လိုက်ကြသေးလား။ 
မောင်ဖူးဝေ(ထီလာ)

သြော် . .မြို့တွေကိုဖြတ်တိုင်းတွေ့နေကျ ဆိုင်းဘုတ်ကလေးတွေအကြောင်းသတိရမိပြန်တယ်လေ။ တစ်ခါတလေဆိုင်းဘုတ်အဟောင်းနဲ့ ဆိုင်းဘုတ်အသစ်ကိုခပ်လှမ်းလှမ်းမှာတစ်ခုနဲ့တစ်ခုမျက်ရိပ်မျက်ခြေ ပြနေကြတယ်ထောင် ထင်မိသေး။ မောင်ဖူးဝေ-ထီလာကတော့ မိတ္ထီလာ မြို့အကြောင်းဖွဲ့တာပါပဲ။

ဘာမှမထူးပါဘူး
တခြားမြို့တွေလိုပါပဲ
ခင်ဗျားတို့ ရောက်မလာခင်
ပြာပြာသလဲ
လျှော်ဖွပ်
အရောင်တင်
မီးပူတိုက်
မြို့ပြ၀တ်စုံ ကောက်ရှိုလိုက်တာပါ
ပြီးတော့ . .မျက်နှာကိုလည်း
မိတ်ကပ်နည်းနည်းဖို့ထားမယ်ပေါ့။

ဒီနားရောက်တော့ ဒီလိုအဖွဲ့အနွဲ့မျိုးတွေ အဲဒီအချိန်အခါတွေတုန်းကများခဲ့တာသတိထားလာမိတယ်။
မိတ်ကပ်ဖို့တာတို့၊ မြို့ပြ တို့ဆိုတာတွေပါပဲ။ ကဗျာကဖတ်သူတိုင်းနီးပါးနားလည်လွယ်တဲ့ စကာလုံးတွေပါပဲ။
ဒါပေမယ့် ဒါကိုကဗျာလိုခံစားဖို့ကျတော့ စကားလုံးတွေ ဘယ်လောက်လွယ်လွယ် မလွယ်ပါဘူး။ ရင်ထဲမယ် ဆွေးမြေ့မြေ့ဖြစ်အောင်ဆိုတက္ကသိုလ်ကျောင်းတော်တွေကကဗျာဖတ်နည်းတွေနဲ့ မလုံလောက်ပါဘူး။
နောက်ထပ် စာမျက်နှာတစ်ခုမှာဆက်ဖတ်မိတာကညီသွေးရဲ့ ငိုပြီးစ မြို့ ဆိုတဲ့ ကဗျာပါ။

. . .
မီးရောင်လင်းလက် ညဥ့်နက်သန်းကောင် မြင်ရ
နောက်ညမှာတော့
မြို့ဟာပိန်းပိတ်အောင် မှောင်လျက်
အဲဒီမှာအိပ်မက်တစ်ခုသာထပ်တလဲလဲမက်
ငါးတစ်ကောင်မျှ မရသည်ချည်းသာ
. . .

အဲသလိုကဗျာလေးတွေလည်းဖတ်ခဲ့ရတာပါပဲ။ အိပ်မက်ဆိုတဲ့ သင်္ကေတတွေသာခဏခဏသုံးစွဲခွင့်ရှိခဲ့ကြတဲ့ ကာလတွေပါပဲ။ မိုးတွေသာအထပ်ထပ် လင်းခဲ့ကြရပါတယ်။ ဘယ်တော့မှ အရွယ်မရောက်ခဲ့ကြရတဲ့ ကျနော်တို့ရဲ့ မြို့ပြဘ၀များ။ အချိန်များ၊ အလျားလိုက်လည်းမဟုတ်၊ ဒေါင်လိုက်လည်းမဟုတ်ပါပဲ၊ ဝေ့ကာဝဲကာ လှည့်လည်ခဲ့ရသောမီးခိုးအူအူ နှစ်ကာလများပါပဲလေ။ ခုရောဘာထူးလို့လဲလို့ မိတ်ဆွေတို့ မပြောခင် ကျနော့်ကိုဒီအိပ်မက်ကလေးသာထပ်မက်ခွင့်ပေးပါလို့ ပြောထားပါရစေ။ ညနေညနေတွေဟာအိပ်မက်ဆီသွားတဲ့ လမ်းတွေပေါ့။ လမ်းတွေမှာဘာတွေတွေ့ဦးမလဲ။

မေးခွန်းအတိုအစတွေ
အိမ်ရှေ့က ဗာဒံပင်ထိပ်
သစ်ရွက်တွေ ချိတ်လို့
နွေတစ်နေ့ပေပေါ့။ 
နေမျိုး

ကျနော်တို့ရဲ့ လူငယ်ဘ၀တွေအတွက် ဆန်းသစ် ထိမိတဲ့ အဖွဲ့အနွဲ့တွေပါပဲ။ ကမ္ဘာကြီး၊ ထူးခြားဆန်းကြယ်လှတဲ့ကမ္ဘာကြီးပေါ် ရောက်စ နှစ်တွေ လတွေ တောင်တန်းတွေနွေရာသီတွေပါပဲ။ အဲဒီအချိန်တုန်းကကမ္ဘာကြီးကိုကျနော်တို့မေးခွန်းထုတ်ခဲ့ပုံများပါလေ။ ခုတော့လည်းမထူးခဲ့ပြီဖြစ်သောကမ္ဘာကြီး၊ နင်နေငါသွားကမ္ဘာကြီးလို့ပဲပြောရတော့မှာပဲ။ သို့သော်လည်းပြောချင်တာကကမ္ဘာကြီးနဲ့သာ ပြန်မဆုံချင်တယ်၊ ဒီလိုကဗျာမျိုးလေးတွေတော့ ပြန်လွမ်းမိတာ ၀န်ခံကြရမှာပဲ။ ကျနော်တို့ရဲ့ တခြားအကြောင်းပြောဆိုခြင်းတွေဟာကဗျာတွေ ဖြစ်ပါတယ်။

ကမ္ဘာကြီးရဲ့
ရေလွှာထဲကစူးစူးရဲရဲ
အေးခဲမည်းနက်အရောင်
အမှောင်ဓာတ်ဟာ
အကြောက်တရားမှာဖိစီး။
. . . 
ညွန့်သစ်

ကမ္ဘာကြီးဟာသူ့ကိုဖွဲ့ဆိုသူဒီလိုကဗျာဆရာမျိုးတွေကိုလည်းမမေ့သင့်ပါဘူး။ ဘ၀ဟာ မှိန်ဖျော့ဖျော့ကောင်းကင်အောက်မှာကဗျာဆရာဟာ ကြီးမားတဲ့ မီးမောင်းကြီးများပါပဲ။ သစ်ရွက်လေးတစ်ရွက် ကြွေသွားတာတောင် အမှတ်တရဂုဏ်ပြုတတ်တာကဗျာဆရာပါပဲ။ ကျနော် ဒီလိုပြောလို့ များသွားပြီလား၊ လွန်သွားပြီလား၊ ဒီလိုဆိုကဗျာဖွဲ့လေ၊ မိတ်ဆွေ။ ဒါမှမဟုတ် ကဗျာဖတ်လေ။

ငင်ဆဲကြိုးပြတ်
ဘ၀ရိတ်သိမ်းသွားတဲ့အခါ
ထိတ်လန့်ဘွယ် မြန်လွန်း
ကြွေဆဲနှင်းတို့ အော်
ညကိုခေါ်ထူး
ပြန်မလာတော့ဘူးတဲ့။

လင်းသစ်

သတင်းစာတွေ ပေါတဲ့ ဒီလိုနေ့ရက်တွေမှာဒီလိုကဗျာလေးတွေ ဖတ်ဖို့ တိုက်တွန်းချင်ပါတယ်။ စိတ်ကူးတွေကိုချိန်ဆရာမှာကဗျာဟာအကောင်းဆုံးပါပဲ။ ကဗျာဖတ်နည်းတွေအမျိုးမျိုးရှိပါတယ်။ ကဗျာဖွဲ့နည်းတွေလည်းနည်းမှမနည်းပဲလေ။ ဒါကြောင့် ကဗျာဟာအကွဲကွဲအပြားပြားပါပဲ။ ညတွေလည်း ဖြတ်ခဲ့ကြရတာမနည်းဘူးလေ။ ကျနော် အခုဖော်ပြခဲ့တဲ့ ကဗျာအပိုင်းအစတွေဟာကျနော့်အနားမှာလက်လှမ်းမီရာမဂဇင်းအပိုင်းအစတွေထဲကသင့်ရာအပိုဒ်တွေပါပဲ။ ပြောချင်တာကသေသေချာချာကြီးဒီကဗျာအကြောင်းကိုဒီလိုရေးမယ်၊ ဒီကဗျာကဘာကိုဆိုလိုတယ်၊ ဘာမယ် မဟုတ်ပါဘူး။ ခရီးသွားဟန်လွဲသဘောမျိုးပဲဖြစ်ဖြစ် ကဗျာစာအုပ်လေးတွေ၊ စာစောင်လေးတွေထဲကဗျာလေးတစ်ပုဒ်တစ်လေပါရင် ခရီးသွားဟန်လွဲဖတ်ကြစေချင်လို့ပါပဲ။ ကဗျာလေးတစ်ပိုဒ်လောက် ဖတ်ပြီးဘတ်စ်ကားလေးငါးမှတ်တိုင်စာလောက် တွေးရငေးရရင်လည်းမဆိုးဘူးလေ။

. . .
လေငြိမ်တန့်ရပ်
အိုက်စပ်ပူပြင်းတဲ့
ဝါကျင့်ကျင့်နေ့ခင်းဟာ
ပျင်းစရာ။

ကိုကောင်း

သြော်. .ကျနော့်မှာလည်းမိုးရာသီအလည်တည့်တည့်ကြီးထဲပျင်းစရာ နွေရက်တွေအကြောင်းကဗျာကိုမှ ဘာ့ကြောင့် ဖတ်မိလျက်သား ဖြစ်သွားတယ် မသိပါဘူး။ အပြင်မှာတစ်ကိုယ်လုံးမိုးရေတွေစိုရွှဲနေသေည်လည်း
စိတ်ထဲအိုက်စပ်စပ်နေ့ရက်များပေါ့။ လူကမိုးရွာထဲလျှောက်နေတာ၊ စိတ်ကအပူလှိုင်းထဲမှာ။ ချိတ်ဆက်ကြည့်လို့တော့ အရသား။ သို့သော် ကွင်းဆက်လေးတွေကဟနေတယ်။ ကမ္ဘာကြီးရဲ့ တစ်ချို့နေရာလေးတွေဟာလည်းအဲသလိုမျိုးလေးတွေနဲ့လည်းလှနေတတ်ပါတယ်။

မိုးဝေး
၂၈-၈-၂၀၁၅

Labels: