မိုင် ဒရယ်လ်ဂူလာ ချောနွယ်
![]() |
တင်မြင့်ကြွယ်(ပဲခူး)၊ မင်းမိုး၊ အောင်ထိပ်၊ မောင်ဖီလာ၊ မောင်ချောနွယ်၊ ခရမ်းပြာထက်လူ၊ စစ်တင် |
( ဝမ်း )
ခုနှစ်တွေတော့ မမှတ်မိတော့ပါဘူး။ အဲ့ဒီဒရယ်လ်ဂူလာကြီး တောင်ထိပ်ပန်းရောက်နေပြီဆိုတော့ ကျွန်တော်ရယ် နင်းကြမ်းရယ် တာရာငြိမ်းရယ် တောင်ပေါ်တက်ဖို့သွားကြတော့တာပဲ။ အာလား ရေတံခွန်ကတွန့်လိမ်လို့ပဲ ဂျင်းဘောင်းဘီနဲ့ နေ့ရက်တွေတော့ မမှတ်မိတော့ဘူး။ သမိုင်းဝင်မယ့်နေ့ကို သမိုင်းရေးနေတာမှာမဟုတ်ပဲ။ ကဗျာဆရာ မင်းမိုးရဲ့ စာအုပ်ဆိုင်လေးမှာ ပင်လယ်မဂ္ဂဇင်းထုတ်မယ်ဆိုပြီး တိုင်းပြည်ပတ် ကဗျာတောင်းဖို့ရောက်လာတဲ့ဝန်ကြီး သူ့ကို ကဗျာဝတ္ထုတွေနဲ့ ကောင်းကောင်း ဝိုင်သမကြတာပေါ့ သူ့သာဝက စစ်တင်ဆိုတဲ့ အရက်ဖြူ ၅ ကျပ်ဖိုးသောက်ရတာကို နယူးယောက်လမ်းမကြီးပေါ် ဟာလီဒဗဆင် ဆိုင်ကယ်တွေနဲ့ လမ်းသရဲတွေ အော်ဟစ်ဆူညံမှုမျိုးကိုမြည်တမ်းပြီ ဆရာအောင်ထိပ်ရဲ ဘီ အက် စီ ဆိုင်ကယ်လ်ကြီးနောက် အော်ဟစ်သွားပုံကို သတိရမိသေး။ အဲ့ဒီ ဒရယ်လ်ဂူလာကဗျာဟာ တစွပ်စွပ်ဗျ အများကြီးလည်းမဟုတ် ခဏခဏတော့ ဖြစ်မယ်။ ကျွန်တော့် ကျေးဇူးရှင်များ အိမ်မှာမရှိတဲ့အခါ ရပ်ဝေးမှာ အလုပ်ကိစ္စရှည်ရှည်ဝေးဝေးပြေးနေတဲ့အချိန်မှာ သူနဲ့ ပြေမြင့်ရောက်လာကြတယ်။ ကျွန်တော်အိမ်မှာ တစ္ဆေကကျွန်တော် ဒရယ်လ်ဂူလာဟာ နားနားနေနေနားနေချင်တဲ့သဘောပဲ ။ ကျွန်တော့် ပြတင်းပေါက်အဟောင်းလေးနဲ့ ကုတင်အစုတ်လေးမှာ သူအိပ်တယ် လဲလှောင်းနားခိုတယ်ပေါ့ ။ အဲ့ဒီတုန်းက ကျွန်တော့်မိဘတွေရဲ့ တနယ်တကြေး ခရီးနင်မှုကို အခွင့်ကောင်းယူပြီး လူငယ် အယောက် ၂ ကျိပ်လောက်ဟာ နေ့ညမပြတ် ဝင်လိုက် ထွက်လိုက် ရှူလိုက် ရှိုက်လိုက် ရှိနေခဲ့ကြတာ အဲ့ဒီတုန်းက ကျွန်တော်က မြူဇီရှမ်တွေနဲ့ ပေါင်းတာဗျာ ပိုအက်တွေမရှိဘူး နင်းကြမ်းရယ် ကိုယ်ရယ် အဓိက ဒီလောက်ပဲ ။ အဲ့ဒီအခြေအနေမှာ ဒရယ်လ်ဂူလာ ရောက်လာတာဗျ တစ်နေ့ အိမ်ရဲ့ ကြမ်းပြင်ပေါ်မှာ ကဗျာ တစ်ဖက် ၄ , ၅ ရာနဲ့ ကောင်းဖို့ ကြံနေတုန်း ညှို့နှုတ်ခွန်း ( မျိုးအေး )နဲ့ ပါရာဒိုက်စ်က ပလေယာတွေ ရောက်လာကြတယ် ကျွန်တော့်ရဲ့မြို့ခံ ဂစ်တာနဲ့ ဗိုကယ်လ်လစ်တွေပေါ့ ။ အဲ့ဒီအချိန်မှာ ကိုချော ကိုချော ကိုနေဝင်း ကိုမောင်မောင် ကိုရဲလွင် ကိုရဲ (ပဲခူး) သီချင်းတွေနဲ့ ပဲခူး ဂီတဥယာဉ်မှာ လူသိများတဲ့ ညှို့နှုတ်ခွန်းတို့ လာနေပြီဆိုတော့ ကိုချောဘာလုပ်သလဲ ထင်လဲ ဝမ်းလျားမှောက်လဲလျောင်းနေရာကလေ လူးလဲထပြီး အိမ်မှာတစ်ခုတည်းရှိတဲ့ ဝရန်တာက အီးဇီးချဲယ် ပက်လက်ကုလားထိုင်ဆီ ကသုတ်ကရက်ထပြေးပြီး ထိုင်ချလိုက်တော့တာပဲ ။ ကျွန်တော်နဲ့ နင်းကြမ်း ရယ်လိုက်ရတာ ဖတ်ဖတ်မော ရင်ဘတ်နောက်ကကျောပဲ တကယ့် ချစ်စရာ့ ကမ္ဘာလုံးကြီးပါပဲ။ မလာခင်က တော့ ကျွန်တော်တို့က ကိုယ့်မြို့သားနဲ့ မဇ္ဈိမလှိုင်း တွဲတွဲပြီးကြော်ငြာရိုက်ရောင်းနေတုန်းတော့ စိတ်မဝင်စားသလိုလို နဲ့ မောင်ရင်တို့ရာ တစ်ခါလာလည်း ပန်းပွင့် တစ်ခါလာလည်း စမ်းချောင်းနဲ့ အသစ်မဖြစ်ပါဘူးကွာဆိုပြီး ပဲလှော်ဝါးနေတာ လာပြီဆိုတော့ အဲ့ဒီလို ပြေးလွှား ဖြုတ်ချလိုက်တာကို ကျွန်တော်တို့မှာ နှစ်နဲ့ချီ ရယ်လို့မဆုံးပေါ့ဗျာ ။နင်းကြမ်းရယ် ကျွန်တော်ရယ် သူ့ကို လူငယ်ကြိုက်များနဲ့ ဝဲလ်ကမ်းကြတယ်။ ဆေးခြောက်ကို အိမ်မှာသောက်ပြီး အရက်ကို အိမ်အပြင်မှာ ရှူသွင်းကြတယ်။ ထုံးစံအတိုင်း ကဗျာအကြောင်းပဲပေါ့ မေးစရာမရှိပါဘူး ကျွန်တော်တို့မှာက နားတွေပဲရှိတာ။ တာရာငြိမ်းမှာ သူပထမဦးဆုံးရွတ်သွားတာက တစ်ညလုံးအိပ်မရတဲ့ ညကြီးရဲ့ကောင်မလေးဗျ။
နင်းကြမ်းကတော့ သူ့ကိုရေရေလည်လည်ဖီးလ်ပဲ။ အဲ့ဒီ ဒရယ်လ်ဂူလာကလည်း ကစ်လိုက် လွှင့်လိုက် ဆူညံမှုဆိမ့်ဆိမ့်လေးတွေဗျာ။ မောင်သိန်းဇော်ပွဲနေ့တွေ ဟိုးတုန်းက စိပ်စိပ်လေးဗျ။ ကျွန်တော်တို့လည်းတိတ်တိတ်လေး ဇာတ်ခုံပေါ်မှာ ကေဇော်ကလည်း တစ်ပုဒ်က တစ်ပုဒ်ရွတ်ဗျာ။
ကိုသိန်းဇော် ချစ်ပြုံးနှင်းဆီပြီးရင် ဒီထက်ပိုဝေးလည်း ဒီထက်ပိုမဝေးတော့ပါဘူး က,ဗျာ ဆိုရင် ကတော့တာပဲ။ အသံချိုလေးနဲ့ ဝေ့ဝဲ လိပ်ပြာလေးနောက် သူ့ပရိတ်သတ်ကလည်း လွင့်လူးလိုက်သွားတော့တာပဲ။ မောင်သိန်းဇော်လာပြီဆို ဒရယ်လ်ဂူလာက ကပ်ပါလာတော့တာပဲ။ ပြီးရင် ကျွန်တော်တို့ ဇာတ်ရုံရဲ့နောက်ဖေး
အခင်းသွားရာနဲ့မီတာ ၅၀ လောက်အကွာမှာ ဖျာကြမ်းတစ်ချပ်ခင်းပြီး ကဗျာပြင်ကြတော့တာပဲ ဘီလူးသံတမြိုင်မြိုင် ကြယ်တစိုစိုနဲ့ပေါ့ဗျာ။ တစ်ညလုံးအိပ်မရတဲ့ ညကြီးရဲ့ကောင်လေးတွေပေါ့ဗျာ။ ဒီသရဲမှာ လိပ်ပြာလွင့်နေကြတာလေ။ တစ်နှစ်ရဲ့ တစ်ညက ပင်လယ်ကို စလုပ်တဲ့ပဲ့ထိန်းတစ်ယောက်ပါလာတယ်ဗျ။
ဆလိုင်းရန်လိန်မှုံးတော့ မဟုတ်ဘူး ဥရောပအခင်းအကျင်းနဲ့ ပေါ့ပေါ့ပါးပါးဖြတ်ဖြတ်လတ်လတ် ဇေယျာလင်းဗျလူတွေညှပ်နေတဲ့ ပွဲဈေးတန်းထဲက ကိုယ်နဲ့သိပ်မဆိုင်တဲ့ ဆိုင်လေးတစ်ဆိုင်မှာ အသုတ်စားကြတယ် ထင်ပါတယ် ကိုဇေယျာလင်း ကိုချော မောင်ဖီလာ ကျွန်တော်ပေါ့ ။ ရှေ့က ဖြတ်သွားတဲ့ ရေဆေးငါးအမကြီးတစ်ကောင်ကိုတွေ့တော့ အဲ့ဒီ ဒရယ်လ်ဂူလာက မျက်လုံးနဲ့ပစ်မှားလိုက်လို့ တစ်ခါတည်း ကိုယ်ဝန်ရသွားမယ်လို့ ပလုတ်ကျင်းလိုက်ရော နင်းကြမ်းကတော့ ဟာကွာ ဆိုပြီး ခွေးခြေနဲ့ သူ့ခေါင်းသူ or တစ်ခေါင်းခေါင်းကို ရိုက်မိမတတ်ပဲပေါ့။ အဲ့ဒီလို မစဉ်းစားခြင်းသေတ္တာထဲက မေးခွန်းမရှိပဲထွက်ကျလာတဲ့ အဖြေတွေအကြောင်း ဖြူးက မိုးအောင်သန်းဌေးလို့ ခေါ်တဲ့ N ကြယ်မင်း ဆိုတဲ့ ဘောလုံးကို ကျွန်တော်တည်ကန်ကြည့်တော့ ဘာဟုတ်သေးလဲ အဲ့လိုလုပ်ချင်လို့ တစ်ည သူ့ကို မြစ်ဆိပ်ခေါ်သွားပြီး ပင်လယ်ထဲတွန်းချမလို့ကြံစည်ကြတယ် လမ်းမှာ ကိုချောရေ အဲ့ဒီလမင်းကြီး ကိုနာမည်ပေးပါဦးဆိုပြီး မေးခွန်းပေးတော့ "သလိပ်ဖတ်ကြီး" ဒဲ့ကြီး သူတို့ ကျွတ်သွားခဲ့ကြတာ။ ဖြူးမှာ သရဲခြောက်သွားတာတွေ အများကြီးပါပဲဗျာတဲ့။ ပဂိုးမှာ အဲ့ဒီသရဲက ၃၁ ဘုံနီးပါး ခြောက်သွားတာဗျ။ ဂုဏ်သရေမရှိတဲ့ ရိုးရှင်းတဲ့ဆိုင်လေးတွေမှာ ကျွန်တော်တို့ ထိုင်ဖြစ်ကြတယ်။ ဟိုတည် ကဗျာကို ဒီမှာရေးသွားတယ်။ သွားကိုက်ခြင်းမှလွဲ၍ အခြားအကြောင်း ဘာမှမရှိပဲ ခုန်ချသွားတာကို ဒီမှာပြောသွားတယ်။ ပင်လယ်လေသွားရှူဦးမယ်ဆိုပြီးထွက်သွားတဲ့ ကမ္ဘောဒီးယား ချာတိတ်လေးအကြောင်းကို သူပဲ ချောက်တွန်းပေးလိုက်သယောင်ယောင် ပြောသွားတာတွေ အဲ့ဒီ ကာလာမဝင်တဲ့ အဖြူအမဲဆိုင်လေးတွေမှာဗျ။
ပြီးတော့ ပြောသေးတယ် "ဟေ့ရောင်တွေ ခုပြောတဲ့ဟာတွေ မင်းတို့ ကဗျာထဲထည့်မရေးနဲ့နော် ငါလုပ်မလို့ တဲ့"
ကြာလာတော့ နေရတာပျော်ပေ ရွှင်ပေမယ့် ကျွန်ုပ်တို့က ကျောင်းတက်နေဆဲ ကောလိပ်ကျောင်းသားတွေဆိုတော့ ညောင်းလာတာပေါ့ ရေခမ်းမိုးခမ်း တွေဖြစ်လာတော့ တာပေါ့ ဒါပေမယ့် တတ်နိုင်သလောက်ခုခံပေါ့ တစ်ယောက်ယောက်ဆီက ဆွဲလားရမ်းလားပေါ့ ကိုယ်နဲ့မတွေ့ရင် ကိုယ့်ဝပ်ကျင်းအထိလိုက်လာပြီး မက်ဆေ့ထားခဲ့ပေါ့ အသက် ၆၀ကျော်အမေက သတင်းပေးပေါ့ "ဟဲ့ ဆံပင်ဖားလျား ဘောင်းဘီဖင်ကျပ်နဲ့ ကိုချောဆိုလား လာသွားတယ်" ဘယ်မှာရှိနေမယ်ပေါ့။ ပြီးတော့ အမေ့အိုကညည်းသေးတယ် "လူကတစ်မျိုး နာမည်ကတစ်မျိုး ကိုချောတဲ့ မောင်ထွေး ပေါက်ကရတွေလျှောက်မလုပ်နဲ့နော်" တဲ့ "အာ အမေ အဲ့ဒီလို မပြောရဘူး အဲ့ဒါ တကယ့်ဆရာကြီးဆိုတော့ ဘာဆရာလဲတဲ့ လက်သမားဆရာလားတဲ့ ဒါဆို နင့်အဖေ သူငယ်ချင်းပေါ့တဲ့" ( ကျွန်တော့်အဖေက လက်သမား ဆရာလေ ) ဒုက္ခပါပဲ အလုပ်ကိစ္စလာတာနဲ့တူတယ် ငါ့ယောက်ကျားတော့ဆူတော့မှာပဲဆိုပြီး စိတ်ပူတော့မှ မဟုတ်ပါဘူးအမေရဲ့" ကဗျာဆရာပါ " ဆိုတော့မှ " သေနာကောင်တဲ့ " ကျွန်တော့်ပြောတာလား ကိုချောကိုပြောတာလား မသိပေမယ့် အမေ့ဆီက ပိုက်ဆံတောင်းပြီးပြန်ထွက်မယ်လုပ်တော့ ဟဲ့ ဘယ်လဲတဲ့ ဒီပိုက်ဆံနဲ့ ကိုချောကို လက်ဖက်ရည်သွားတိုက်မလို့ ဆိုတော့ နောက်ကသေနာကောင်တစ်ကောင်က ဝှစ်ကနဲ ထပ်ပါလာတယ်။ ရန်ကုန်ရောက်ဖြစ်ရင်တော့ လေထန်ကုန်းကို မရောက်မဖြစ်နဲ့ ၃၃ လမ်း မှာ ဒရယ်လ်ဂူလာဟာ မရှိမဖြစ် လမ်းစောင့်နတ်ကြီးပေါ့။ ခွေးခြေပုပုလေးတွေပေါ်က ကဗျာမြင့်မြင့်ကြီးဟာ လမ်းပေါ်ကဖြတ်သွားတဲ့ အမျိုးကောင်းသမီးလေးတွေရဲ့ လှယဉ်ကျေးမယ်ကို ပါးစပ်နဲ့ကဗျာရေးပြီး ချစ်ခင်သူ မိတ်ကောင်းဆွေကောင်း သူ့အမျိုးသားကောင်းတွေကို သင်တန်းပေးနေတယ်။
ဘာတဲ့" တစ်လုံးချင်း ခုတ်မောင်းသွားတယ်တဲ့"ကျွန်တော်တို့နဲ့တွေ့တဲ့အခါ "ဟေ့ ခရမ်းပြာကြီး ဘယ်တုန်းကရောက်သလဲ" ဘုရားသခင်ကလည်း ဒီနေ့မှ ဘယ်မှာ ဝိုင်သွားမူးနေမှန်းမသိဘူး ကိုယ် ညနေစာ မစားရသေးဘူးတဲ့ " သိပါပြီဖျာ့ လို့ဆိုရလောက်အောင် ပါသွား လိုက်သွားရတော့တာပဲ မဆွတ်ခင်က ညွှတ်ချင်တဲ့ ကျွန်တော်တို့ကိုး ကောင်းကောင်းကြွေးချင်မွေးချင်လို့မရပါဘူးဗျာ သောက်လို့ရမယ့်သူခေါ်မယ့်နေရာပဲ အညံ့ခံလိုက်ရတော့တာပဲ။ ပဂိုးမှာ ကျွန်တော်နဲ့ မောင်ဖီလာ ( နင်းကြမ်း ) ခြေကုန်လက်ပမ်းကျပြီး ကျုံးရိုးတန်းထိပ် အမှတ် ၃ အမျိုးသားကျောင်းရှေ့က ရန်ကုန်ကားဂိတ်ကို မကျေနပ်ကျေနပ်နဲ့ သူ့ဘယ်အပြန်ကိုမှန်းမသိလိုက်ပို့ ခဲ့ရတဲ့တစ်နေ့ကို မေ့မရခဲ့သလို သူမရှိတော့တာဟာ အမေ အသက် ၈၆ နှစ်နဲ့ ၂၀၀၈ ခုနှစ်မှ ဆုံးသွားသလို လောလောစယ် ဒီ ၂၀၁၆ ခုနှစ်ရဲ့ တန်ဆောင်မုန်းလပြည့်နေ့အပြီး နောက်တစ်နေ့မှာ ကျွန်တော့်ကိုထားပြီး ထွက်သွားတဲ့ ကျွန်တော့်ခွေးကလေး အာနိုး မရှိတော့သလိုပဲ အခံရခက်လှပါတယ်။
တကယ့် ချစ်စရာအတုံးအခဲကြီးပါ ကဗျာရော လူရော ချစ်စိတ်အဝင်ခံရတဲ့ လူကြီးပါ ကျွန်တော့်ကို အမြဲ ခြောက်နေနိုင်တဲ့ ကဗျာဒရက်ကူလာ မြို့စားကြီးပါ။
( တူး )
သူမရှိတော့ သူဟာ ကျွန်တော်တို့အတွက် နိုင်ငံ့အရေးကြီးပဲ သူကိုမဖြတ်ပဲ ဒီဘက်ကမ်းကူးဖို့ရာ တံတားတွေကိုယ်တိုင်က ဘိုင်အိုဂျက်ဆစ်လောက်တော့ သောက်ရတာပဲ။
လာခဲ့ပြီ
ကဖို့
မြို့ရွာတို့ ကဖို့လာခဲ့ကြပြီ။ ။
မြင်ကွင်းကြီးတစ်ခုကို ၁၉၈၈ မှာ ခင်ဗျားရှိခဲ့နေရင်တော့ ဒီ ဝတ်မှုန်ထဲ ခင်ဗျားတို့ဝင်ကူးခဲ့မှာပဲ။
ကျွန်တော်တို့ ဝတ်မှုန်ကူးခဲ့ကြပါတယ် တကယ့်ကို
" သွေးလေမြန်ဆန်တဲ့ မြို့ကြီးတွေနဲ့ " လေ။
လမ်းပေါ်က ကဗျာဆရာ လမ်းထဲကကဗျာဆရာ ရထားပေါ်က ကဗျာဆရာနဲ့ ဈေးထဲအရပ်ထဲက ပြည်တွင်းဖြစ် နိုင်ငံခြားအရက်လည်း ဖြစ်ပါတယ်။ နိုဘယ်လ်ဆုပေးရင်လည်း အထိန့်တလန့် ထမငြင်းပါ မထူးခြားသလို လက်ခံရမှာပေါ့ပဲလေလို့ ပြောခဲ့တဲ့ ကဗျာဆရာပါပဲ။
ခင်ဗျားအကြောင်းပြောရင် သူ့အကြောင်းပါလာပြီး သူ့အကြောင်းပြောရင် ခင်ဗျားအကြောင်းပါလာတာဟာ ဝဋ်နာကံနာလို့ ထမပြောလိုက်ပါနဲ့ပေါ့ဗျာ လွန်လေပြီးသော ခင်ဝမ်း မောင်ချောနွယ်ဆိုတာ ကျွန်တော့် ဓာတ်စာပေါ့ဗျာ မမချစ်နဲ့ မုန်တိုင်း စင်ရော်နဲ့ တိုက်ဖွိုက်ဖြစ်ပြီး အိပ်ရာက နလန်ထခဲ့သလား ၇ တန်းကျခဲ့သလား ကျွန်တော်မသိတော့ပေမယ် မျှော်လင့်ခြင်း ထမင်းသိုးများစားပြီ ပင်မှည့်တေးသောက်ခဲ့တာ လည်း မမှတ်မိတော့ပါဘူးလေ။ မမှတ်မိတာကို မှတ်မိသယောင်ပြန်ပြန်ခေါ်ပြီးသတိတရ ဝေးဝါးနေရတာကိုက ပျော်စရာ ကြည်နူးစရာ အနုပညာကမ္ဘာများလားပေါ့ သော့မရှိတဲ့တံခါးတွေ မင်းတုန်းမရှိတဲ့ပြတင်းပေါက်တွေက တကယ့်ဖီးလ်ပါ။ ကြယ်တွေနဲ့ ကိုယ့်မျက်လုံးတွေ ဝင်လိုက် ထွက်လိုက်က မိုက် ပေါ့။
ခင်ဗျားနဲ့နေရတာ လမ်းဘေးအုတ်ခုံ ကန်ဘောင်ညများ မီးကင်တဲနဲ့ ဇရပ်နဲ့ အိမ်ထောင်သားမွေးပြုရသလို ကျေနပ်ရတယ်။ စိုရွှဲခြင်းမိုးရာသီပဲ ခင်ဗျားဟာ ဆိုက်ဘေးရီးယားမြေအောက်မှာမြှုပ်ထားတဲ့ အလောင်းပဲ။
ကဗျာတွေ ဘယ်တော့မှမသိုးပေါ့။ မသိုးကဗျာတွေနဲ့ သိုးတစ်ကောင်ကိုချစ်ရသလို ချိုပါတယ် ကိုချောနွယ်ရေ။
ပြောရရင်တော့ ကိုယ်တို့ရဲ့ တကယ့်မြစ်ဆုံကြီးပါ။ လပြည့်ညတွေသွန်ချပြီး သူကိုယ်တိုင်ကျ အမှောင်ထဲ ဝင်ထိုင်နေသူပေါ့။ မြို့ရဲ့မြောက်ဘက်ကဓူဝံကြယ်ကိုခူးပြီး သူ့သမီးလေးရဲ့နားရွက်တစ်ဖက်မှာ နားဆွဲလုပ်ပေးချင်ပေမယ့် ထမင်းလုပ်တစ်ခြမ်း အမှောင်ချထားခဲ့ရတဲ့ ကမ္ဘာထဲ သူက စီးဆင်းသွားနေရတာ။
ဂျင်းဘောင်းဘီပေါ်က ဓားဒဏ်ရာကို လူတွေမြင်နိုင်ရင်တောင် ဂျင်းဘောင်းဘီအောက်က သေနတ်ဒဏ်ရာကိုတော့ သတိထားနိုင်လိမ့်မယ်မထင်ဘူး။ သူက လောကဓံ သိပ်ပြီးအချစ်ခံရတဲ့သူလား။
လောကဓံကိုစီးပြီး သစ္စာရှာထွက်ခဲ့တဲ့သူလား။
ဟောဒီမှာ
ကွဲအက်စူးရှစွာ မှုတ်တင်လိုက်တဲ့
အသံ
ငွေဟာ သက်ရှိဖြစ်တယ်
လူဟာ သက်မဲ့ ဖြစ်တယ်...တဲ့ ။ ။
ကြေကွဲဘွယ် စကြဝဠာ အတွင်းသံကြီးပါ။ မေလမှာ သစ္စာပန်းများကိုစိုက်ပျိုးနိုင်သူ နတ်သားကြီး။
အဲ့ဒီဘဲကြီးက အရမ်းနပ်တာ ကဗျာနဲ့ပတ်သက်ရင် အရမ်းလည်တာ ကဗျာနဲ့ပတ်သက်ရင် အရမ်းမိုက်တာ ကဗျာနဲ့ပတ်သက်ရင် လူလည် လူနပ် လူမိုက်ကြီးပေါ့ဗျာ ကဗျာနဲ့ ပါတ်သက်ရင်။ ကဗျာနဲ့ပါတ်သက်ရင် သူနဲ့ပါတ်သက်ရင် မကျွတ်တရားကြီးရသွားဖို့သာရှိရဲ့ တစ်ယောက်ကို တစ်ယောက်ဝိုင်း share ရင် ဒီနေ့ ရောက်လာတာပဲကြည့်။
မဆုံးဘူး သမ္မတတွေ မိန်းမတွေ မြို့တွေ သွေးဆုံးသားဆုံးပေမယ့် ကဗျာကတော့ မဆုံးဘူး ရောက်တဲ့နေရာကပြန်ပြန်စ မဆုံးဘူး။ မျှော်လင့်ခြင်း ထမင်းသိုးခဲ့တဲ့ကျွန်တော်တို့မဆုံးသလိုပေါ့။ ကဗျာမဆုံး မောင်ချောနွယ်မဆုံးပေါ့ ။
စောင့်မျှော်ခြင်းနာရီတွေသာ
ခရီးထွက်သွားမယ်ဆိုရင်တောင်
ခုလောက်ဆို
နယူးယောက်မြို့ကိုရောက်လောက်ပြီလို့ သူတွေးခဲ့တယ်။
သူမတွေ့ခဲ့တာတွေ သူမရခဲ့တာတွေဟာ ကျွန်တော်တို့မတွေ့ခဲ့ မရခဲ့တာတွေပဲ ဆိုရင်
ကလေးရော စောင်ပါ ဖျားနာနေခဲ့ပါပြီ။
ရင်အုပ်နီနီဆတ်သွားကိုရေးခဲ့တဲ့ ကမ္ဘာကြီးရဲ့ ကဗျာဆတ်သားကြီးပါ။ ခွေးနဲ့ရော ကလေးနဲ့ပါ အဆင်ပြေခဲ့တဲ့နိုင်ငံတော်ကဗျာအလံကြီးပါ။ ရန်သူမရွေးချစ်ခဲ့နိုင်တဲ့ ညအမည်းကြီးပါ။ ကြယ်ပေါက်စနလေးတွေ တက်တက်ဆော့ခံရတဲ့ ကတ္တီပါအနက်စကြီးပါ။ အာဂျင်တီးနားဂန္ထဝင်ကြီးမာရာဒိုနာကပြောတယ် ကဗျာတွေကို မှော်နဲ့ ရေးခဲ့တဲ့ သူ့လက်ကိုကိုင်ပြီး ကျုပ်ဂိုးသွင်းခဲ့တာပေါ့ကွာတဲ့။
ဗိုလ်ချုပ်အောင်ဆန်း ကျန်နေသေးရင် နိုင်ငံတော်ကြီးဘာဆက်ဖြစ်မလဲ
မောင်ချောနွယ် ကျန်နေသေးရင် ကဗျာလောကကြီး ဘာဆက်ဖြစ်မလဲ
ကျွန်တော်ကတော့ ဗိုလ်ချုပ်အောင်ဆန်းအတိတ် ခင်ဗျားအရိပ်နဲ့ဆက်သွားနေမိတုန်း
ဆော်ကားသူများအရပ်နဲ့ မော်ကားနေသူများဇရပ်မှာ ကျွန်တော်လည်း တောလည် မောနေတုန်းပါပဲ ကိုကဗျာချောရယ်။ ။
( သရီး )
ရှေ့ဟောင်း ဂရိပြဇာတ်ရေးဆရာ "ဆိုဖိုကယ်လ်" ( SOPHOCLES ) ( ၄၉၈ - ၄၀၆ ဘီစီ ) သည် စကားဝိုင်းတစ်ခုတွင် မိမိသည် ကဗျာ သုံးပုဒ်ကို သုံးရက်တိတိ ရေးခဲ့ရသည်ဟုပြောမိသည်။ ဤစကားကိုကြားသော် ရွက်ကြမ်းရေကြိုအဆင့်သာရှိသော ကဗျာဆရာတစ်ယောက်က အထင်သေးသံဖြင့်ပြောသည်။
“ သုံးရက် ဟုတ်လား။ ကျုပ်ဆို အဲဒီလောက်အချိန်ရရင် အပုဒ်တစ်ရာတောင်ရေးနိုင်ပါရဲ့”
ဆိုဖိုကယ်လ် ပြန်ပက်သည်။
“ ဖြစ်နိုင်ပါတယ် ဒါပေမယ့် အဲ့ဒီကဗျာတွေဟာ သုံးရက်ပဲခံလိမ့်မယ်ဗျ”
( မောင်ကောင်းထိုက်ရဲ့ သူတို့လည်း ရယ်စရာပြောတတ်သည်မှ )
အနုပညာမရခင် လူလည်လုပ်နည်း အရင်တတ်နေတဲ့ကောင်တွေလို့ ခင်ဗျားပြောသွားတာကိုလည်း ရုံပြည့်ရုံလျှံ ကြားယောင်လို့။ အဲ့ဒီ သုံးရက်ခံကဗျာတွေကိုလည်း “ -း ” ကို မင်ဆွတ်ရေးရင်တောင် တစ်နေ့ကို အပုဒ်တစ်ထောင်လောက်ရတယ်လို့ ခင်ဗျားကြီးပြောသွားခဲ့ပုံကိုလည်း အုပ်ရေ သုံးရာ ကဗျာဆရာ သုံးသိန်း တိုင်းပြည်မှာ ဖာတစ်လုံးခေါင်းကြားလို ခေါင်းပြားအောင် အော်လိုက်ချင်ရဲ့ “ အို... အသင် လောကကဗျာ ” ။ ။
ခရမ်းပြာထက်လူ
December 15 , 2017 at 11:54 PM
(ခရမ်းပြာထက်လူ ၏ facebook စာမျက်နှာမှ ကူးယူဖော်ပြသည်)
Labels: ခရမ်းပြာထက်လူ, အမှတ်တရများ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home