ေတာင္ေပၚ အညာ
လူမ်ိဳး မခြဲဘူး
လူမ်ိဳး စြဲ
ေဒသစြဲ ေတြနဲ႔
႐ွမ္း အညာ...။
႐ိုးရာမပ်က္တဲ့ေျမမွာ
လမ္းေတြလည္း ႐ိုးလြန္းေတာ့
သြားပါမ်ားေပမယ့္
ခရီး "အ"ခဲ့ရၿပီ။
ေသနတ္သံေတြနဲ႔
ဝါးပိုးဝါး ေခါက္သံေတြနဲ႔
အျမဲလိုလို တပ္လွန္႔ ေနရလို႔
အညိဳေရာင္နယ္ေျမက အခ်ိန္မေရြး
အမည္းေရာင္နယ္ေျမ ေျပာင္းသြားႏိုင္ပါတယ္၊
လမ္းေပၚမွာ အသြားအလာမရိွ
လူသံေတြ တိတ္လို႔ အေၾကာက္တရားက ဆိတ္ပါ့မလား။
ၿမိဳ႕တံခါးေတြ မပိတ္ေသးဘူး
အေနာက္ဘက္ ေတာင္ၾကားမွာ
ေနက ဝင္သြားၿပီ။
ၿမိဳ႕ကေလးကို ေပြ႔ခ်ီထားတဲ့ "နမ့္ယြမ္း”ေခ်ာင္း
ဘယ္ေတာ့မွ မေညာင္းဘူး
စီးျမဲ စီးေနတယ္။
ေဘးပတ္ပတ္လည္က ေတာင္ေတြ
ေမာ့ မၾကည့္မိဘူးဆိုရင္
ဇီး(ဆီး)နဲ႔ မန္က်ည္းနဲ႔
အုန္းနဲ႔ ထန္းနဲ႔
သနပ္ခါးနဲ႔
ေတာ္ဝင္ပိေတာက္ပန္းနဲ႔
ေျမျပန္႔က အညာအလား
ေတာင္ေပၚ အညာ။
ေစ်းဝယ္ လာတာလား လို႔မေမးဘူး
ေစ်းလည္ လာတာလား တဲ့
ဪ...ေစ်းေန႔
တစ္ေန႔မွ မေမ့။
ေတာင္ေနၾကာေတြလို
ေတာင္ေပၚ အေနၾကာခဲ့ၿပီမို႔
"နန္း"ကို ခ်စ္မိမွေတာ့
ပဲပုပ္ကိုလည္း ခ်စ္ရမွာေပါ့။
အနံ႔ ၾကားရတယ္လို႔ ေျပာေလ့ရိွတာမို႔
"နန္း" ေျပာတဲ့စကားက ပန္းစကားပဲ။
ေမႊးတယ္ ဆိုတဲ့စကားလံုး ဘယ္ေနရာ သံုးမွာလဲ
သနပ္ခါးမွာလား
ပါးမွာလား။
ျပန္ေတာ့မယ္ ဆိုေတာ့
"ျဖည္းျဖည္း" တဲ့
ေဒသိယစကားေပမယ့္
ေျခလွမ္းေတြ
ေလးလို႔
ေျခလွမ္းေတြ
ေႏွးလို႔...၊
သြားပါမ်ားေပမယ့္
ခရီး"အ"ခဲ့ရၿပီ။
လင္းမိုးေစြ
၄/၈/၂၀၁၆
(ပင္လယ္ေရမ်က္ႏွာျပင္အထက္ အျမင့္ေပ ၁၆၃၀ သာရိွတဲ့
ေတာင္ေပၚအညာၿမိဳ႕ကေလး ေမာက္မယ္...သို႔)
[Unicode Version]
တောင်ပေါ် အညာ
လူမျိုး မခွဲဘူး
လူမျိုး စွဲ
ဒေသစွဲ တွေနဲ့
ရှမ်း အညာ...။
ရိုးရာမပျက်တဲ့မြေမှာ
လမ်းတွေလည်း ရိုးလွန်းတော့
သွားပါများပေမယ့်
ခရီး "အ"ခဲ့ရပြီ။
သေနတ်သံတွေနဲ့
ဝါးပိုးဝါး ခေါက်သံတွေနဲ့
အမြဲလိုလို တပ်လှန့် နေရလို့
အညိုရောင်နယ်မြေက အချိန်မရွေး
အမည်းရောင်နယ်မြေ ပြောင်းသွားနိုင်ပါတယ်၊
လမ်းပေါ်မှာ အသွားအလာမရှိ
လူသံတွေ တိတ်လို့ အကြောက်တရားက ဆိတ်ပါ့မလား။
မြို့တံခါးတွေ မပိတ်သေးဘူး
အနောက်ဘက် တောင်ကြားမှာ
နေက ဝင်သွားပြီ။
မြို့ကလေးကို ပွေ့ချီထားတဲ့ "နမ့်ယွမ်း”ချောင်း
ဘယ်တော့မှ မညောင်းဘူး
စီးမြဲ စီးနေတယ်။
ဘေးပတ်ပတ်လည်က တောင်တွေ
မော့ မကြည့်မိဘူးဆိုရင်
ဇီး(ဆီး)နဲ့ မန်ကျည်းနဲ့
အုန်းနဲ့ ထန်းနဲ့
သနပ်ခါးနဲ့
တော်ဝင်ပိတောက်ပန်းနဲ့
မြေပြန့်က အညာအလား
တောင်ပေါ် အညာ။
ဈေးဝယ် လာတာလား လို့မမေးဘူး
ဈေးလည် လာတာလား တဲ့
ဪ...ဈေးနေ့
တစ်နေ့မှ မမေ့။
တောင်နေကြာတွေလို
တောင်ပေါ် အနေကြာခဲ့ပြီမို့
"နန်း"ကို ချစ်မိမှတော့
ပဲပုပ်ကိုလည်း ချစ်ရမှာပေါ့။
အနံ့ ကြားရတယ်လို့ ပြောလေ့ရှိတာမို့
"နန်း" ပြောတဲ့စကားက ပန်းစကားပဲ။
မွှေးတယ် ဆိုတဲ့စကားလုံး ဘယ်နေရာ သုံးမှာလဲ
သနပ်ခါးမှာလား
ပါးမှာလား။
ပြန်တော့မယ် ဆိုတော့
"ဖြည်းဖြည်း" တဲ့
ဒေသိယစကားပေမယ့်
ခြေလှမ်းတွေ
လေးလို့
ခြေလှမ်းတွေ
နှေးလို့...၊
သွားပါများပေမယ့်
ခရီး"အ"ခဲ့ရပြီ။
လင်းမိုးစွေ
၄/၈/၂၀၁၆
(ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၆၃၀ သာရှိတဲ့
တောင်ပေါ်အညာမြို့ကလေး မောက်မယ်...သို့)
Labels: လင္းမိုးေစြ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home