
၂၀. ၂. ၂၁ မန္တလေး.....။
ရတနာပုံသင်္ဘောကျင်း သတင်းတွေ Facebook ပေါ် တက်လာတော့ ကျွန်မမောင်တွေကို ချက်ချင်း ဖုန်းဆက်မိတယ်။ သည်အရပ်က ကျွန်မမိဘများနဲ့အတူ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ အရပ်ကိုး။ သည်ရပ်ကွက်ကလေးကို ချော်ဆိပ်လို့ခေါ်ကြပေသိ ဂေါဝိန်၊ စိန်ပန်း၊ ချော်ဆိပ်၊ ဧရာထွန်း၊ ရှမ်းကလေးကျွန်းဆိုတာ မြောက်ကတောင်ကို တစ်ဆက်တည်းရှိကြတာပါ။ ဂေါဝိန်စက်ရိပ်က ရပ်ကွက်တွေ ပြောပါတော့။ တစ်ခါက မန္တလေးအနောက်တောင် (မနတ) လို့ ခေါ်ခဲ့ကြတဲ့နေရာ။ အခုတော့ မဟာအောင်မြေ မြို့နယ်ဖြစ်နေပြီ။
ရတနာပုံသင်္ဘောကျင်းဆိုတာက ကျွန်မတို့ရပ်ကွက်နဲ့ မနီးမဝေး သမိုင်းဝင်နေရာပါ။ မင်းတုန်းမင်းရဲ့ညီတော် ကနောင်ကိုယ်တော်ကြီးနဲ့ မက္ခရာမင်းသားကြီးတို့ အအုပ်အချုပ်ရှိခဲ့တဲ့ မြန်မာ့ အထင်ကရ သင်္ဘောကျင်းကြီး။ သင်္ဘောကျင်းဆိုတာ သင်္ဘောတွေ ပြင်ရဆင်ရ ထိန်းရသိမ်းရတဲ့ ဝပ်ရှော့ဆိုပါတော့။ အင်္ဂလိပ်လို Dock ဆိုတဲ့စကားကလာလို့ ဒေါက်ကျင်းလို့ခေါ်ကြသလို သင်္ဘောတွေ လွန်းတင်တဲ့နေရာမို့ Shipyard လို့လည်းခေါ်ကြတယ်။ သင်္ဘောကျင်း၊ လွန်းကျင်းပေါ့။
သည်သင်္ဘောကျင်းက ဧရာဝတီမြစ်အရှေ့ဘက်ကမ်းနဖူးမှာရှိလို့ ကျွန်မကျောင်းသွားကျောင်းပြန် မြင်နေရတဲ့နေရာပါ။ ရှေးက သင်္ဘောစက်ရုံတော်အဖြစ် ခန့်ခန့်ထည်ထည်ရှိခဲ့တယ်။ ခေတ်မီစက်ကိရိယာတွေ တပ်ဆင်ထားလို့ သူ့ခေတ်သူ့အခါ သိပ်ကိုခေတ်မီတဲ့ အလုပ်ရုံကြီး။ကျွန်မမိဘများက လှေ၊ မော်တော်နဲ့အသက်မွေး ဝမ်းကြောင်းပြုကြတာမို့ သည်သင်္ဘောကျင်းနဲ့ မကင်းခဲ့ပါဘူး။
အင်ဂျင်နီယာမှူးကြီး ဦးချာလီသန်း ရှိစဉ်က ကျွန်မတို့ ဆရာ့ရုံးခန်းကို မကြာခနရောက်လေ့ရှိတယ်။ သီပေါဘုရင်ပါတော်မူတုန်းက အင်္ဂလိပ်က မန္တလေးကိုသိမ်းဖို့ ဖွဲ့လာတဲ့ ပြည်သိမ်းသင်္ဘောစုတွေနဲ့ပတ်သက်လို့ အကြောင်းအရာရော ဓါတ်ပုံမှတ်တမ်းတွေပါ ပြသရင်း စိတ်ပါလက်ပါ ရှင်းပြခဲ့တဲ့ဆရာ့ကို သတိရမိပါတယ်။
ဧရာဝတီ၊ ဓူဝံ၊ ကက်သလင်း၊ ရှင်စောပု၊ အလောင်းဘုရား၊ ရန်ကင်းတောင်၊ အာထရံ စသည်ဖြင့် လူစီးကုန်တင် ဧရာဝတီဖလိုတီလာ သင်္ဘောတွေကို စစ်သင်္ဘောစုအဖြစ် ဖန်တီးခဲ့တာတွေပါ သိခဲ့ရပါတယ်။ မြန်မာပိုင် သင်္ဘောတော်တွေအကြောင်းလည်းပါရဲ့။
***
သင်္ဘောကျင်းဆိုတာ တကယ်တော့ လွန်းကျင်းသက်သက်ပါ။ ကျွန်မတို့ ရွာပြန်တိုင်း စီးရတဲ့ လူစီးသင်္ဘောတွေ၊ ကုန်စည်ပို့ဆောင်တဲ့သင်္ဘောတွေက ဌာနအလိုအားဖြင့် ရေကြောင်းပို့ဆောင်ရေးဌာနက ကိုင်တယ်။ သင်္ဘောကျင်းနဲ့ မဆိုင်ဘူး။
ဧရာဝတီသွားသင်္ဘောကြီးတွေမှာ သူ့ဖွဲ့စည်းပုံနဲ့သူ ဝန်ထမ်းတွေပါရမြဲပါ။ သင်္ဘောတစ်စင်း ရေထဲ သိက္ခာရှိရှိသွားနိုင်ဖို့က အတွေ့အကြုံကြီးတဲ့ ရေကြောင်းပြ၊ သင်္ဘောမောင်းကျွမ်းကျင်တဲ့ ဆလင်ကြီးတွေ၊ စက်ပိုင်းဆိုင်ရာကျွမ်းကျင်တဲ့ စက်ဆရာကအစ ထမင်းချက်အထိ ဝန်ထမ်းအပြည့်အစုံရှိရပါတယ်။ မော်တော်ယာဉ်များလို အခုချက်ချင်းထွက်ရော့လို့ လုပ်လို့မရပါဘူး။
ပြီးတော့ ခုလို ရေငယ်ခါလို့ခေါ်တဲ့ မြစ်ရေစစ်ချိန်မှာ ရေကြောင်းက အင်မတန် ကြပ်ပါတယ်။ မြစ်ထဲကျန်သမျှရေက သင်္ဘောရေစူးလွတ်လောက်တဲ့ မြစ်တွင်းချောက်တွေ လျှိုတွေထဲ လာစုရာက နည်းနည်း ရေနက်တဲ့ ရေလမ်းကြောင်းဖြစ်စေတယ်။ ဒါကို ငယ်ရိုး လို့ခေါ်ပါတယ်။
အဲသည် ငယ်ရိုးရေလမ်းကြောင်းကိုသိမှ သင်္ဘောက ရေလမ်းကြောင်းကို ရှာဖွေပြီးမောင်းရတာပါ။ ရေကြောင်းမသိရင် သောင်တင်တာ၊ ရေအောက်ငုတ်စူးထိုးတာ၊ သောင်စွန်းတွေနဲ့ငြိတာ၊ သင်္ဘောဝမ်းကွဲတာမျိုးတွေ ဖြစ်ဖို့ရှိမှာပဲ။ အန္တရာယ်သိပ်ကြီးပါတယ်။
***
သည်အရပ်၊ သည်ဒေသ၊ သည်အလုပ်အကိုင်၊ သည်အရပ်မှာ ဘိုးဘွားစဉ်ဆက်နေခဲ့ကြတဲ့ လူထု။ သည်လူထုရဲ့ အသက်မွေးဝမ်းကြောင်းမှု၊ သည်လူထုရဲ့ ဘဝတွေကို ကျွန်မ မမြင်ချင်လို့ မရဘူး။ မကြားချင်လို့လည်း မရဘူး။ မသိချင်လို့လည်း မရနိုင်ပါဘူး။
သဲထမ်းကြ၊ ကုန်ထမ်းကြ၊ သံထုကြ၊ သံရည်ကြိုကြ၊ သစ်လုံးတိုက်ကြ.....။ ရေးရင် များရော့မယ်။ ဘဝတွေ သိပ်စုံတဲ့နေရာပါ။ အင်မတန်မှ အခြေခံကျတဲ့ လူတန်းစားတွေနေတဲ့အရပ်ပါ။သေချာတာကတော့ သူတို့အလုပ် သူတို့ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေကြတဲ့သူတွေပါ။ သူတို့ဟာ ရိုးသားကြတယ်၊ ရှိသမျှနဲ့ရောင့်ရဲကြတယ်။ ကိုယ်လုပ်မှကိုယ်စားရမှာလို့ ဘဝပေးအသိရှိကြလေတော့ အလုပ်သိပ်လုပ်ကြတဲ့သူတွေ။ ဘဝတူချင်း ရိုင်းပင်းကူညီရှိကြသူတွေ။ ဘာသာတရားကိုင်းရှိုင်းကြသူတွေ။ တစ်ယောက် တစ်လက် တစ်အား ညီညွတ်ကြသူတွေ။
ကျွန်မ ကျောင်းဆရာမဖြစ်လာတော့ သည်မိဘတွေရဲ့သားသမီးတွေက ကျွန်မ စာသင်ပေးရတဲ့ တပည့်တွေဖြစ်ရပြန်တယ်။ သည်တပည့်တွေ အရွယ်ရလာကြတော့ ဘဝက နေရာချပေးတဲ့ အလုပ်သဘာဝအရထင်ပါရဲ့၊ သန်စွမ်းကြလွန်းလို့ အံ့ဩရတယ်။ ကျွန်မ မြို့သစ်ကိုပြောင်းသွားပြီးနောက် ရပ်ကွက်ကလေးဆီ အလည်ရောက်တိုင်း သူတို့တတွေကို မြင်နေရတာပါပဲ။ သစ်လုံးကြီးတွေရွှေ့ကြ၊ သံထည်တွေ ကားပေါ်ထမ်းတင်ကြ၊ သဲထမ်းကြ၊ ကားမောင်းကြ။ ကွမ်းတွေတဖွမ်းဖွမ်း၊ တစ်ချို့ အရက်နံ့ကလေးများပါသူက ဆရာမရယ်လို့ ကျွန်မကိုရှောင်ကြတယ်။ သူတို့လည်း သည်အရပ်မှာပဲ အိမ်ထောင်တွေကျ၊ သားသမီးတွေ ပွားစီး၊ ကုန်ထမ်းရင်း ဘဝဝမ်းကျောင်းကြ။
ကျွန်မကိုတွေ့ရင် သူတို့ပြောလေ့ရှိတဲ့ စကားရှိတယ်။ “ဆရာမတို့ အလေးအပင် ထမ်းစရာ ပိုးစရာရှိရင် သားတို့ကို လှမ်းသာခေါ်လိုက်ပါ...သားတို့ ထမ်းလှည့်မယ်” တဲ့။ ကျွန်မ မျက်ရည်ဝဲမိတယ်။ သူတို့လုပ်ပေးနိုင်တာကို စေတနာဖြူဖြူနဲ့ ပြောနေတာကို ခံစားမိလို့ပါ။ တကယ်လည်း ကျွန်မတို့အိမ် အပြောင်းအရွှေ့လုပ်တိုင်း သူတို့တစ်တွေကိုပဲ အားကိုးခဲ့ရတာပါပဲ။ ကျေးဇူးကြီးကြပါရဲ့။
သည်ရပ်ကွက်ကလေးကတော့ မန္တလေးဖွံ့ဖြိုးမှုကို အမီလိုက်ဖို့ရာ ဝေးသေးတာမှန်ပေသိ သည်လိုပဲ ရက်ကန်းစကားနဲ့ပြောရရင် တစ်လွန်းပေါ် နှစ်လွန်းဆင့် အေးအေးချမ်းချမ်း နေခဲ့ကြသူတွေချည်းပါ။
***
၂၀. ၂. ၂၁ နေ့ကလည်း သူတို့အလုပ် သူတို့လုပ်နေခဲ့ကြတာပါပဲ။ ဒါပေမယ့် ရပ်ကွက်ကလေးရဲ့ထုံးစံ ကိုယ့်ရပ်ကွက်မှာ တစ်ခုခုဖြစ်လာရင် ဝိုင်းကြဝန်းကြတဲ့သူတွေဆိုတော့ ရတနာပုံသင်္ဘောကျင်းကိစ္စမှာ သူတို့ ဝန်းရံကြတာ မဆန်းပါဘူး။
အဲသည်နေ့က သင်္ဘောကျင်းကို လက်နက်ကိုယ်စီကိုင်ရင်း ရောက်လာကြသူတွေနဲ့ ဝန်ထမ်းတွေရဲ့ အချေအတင်ဖြစ်မှုကစလိုက်တဲ့ပြဿနာဟာ အနီးဝန်းကျင်က သွားရောက်ဝန်းရံကြသူတွေ တာရိုးညွှတ်အောင် လုံးကြီးခဲရဖြစ်လာခဲ့သတဲ့။
သည်လိုနဲ့ .....
သေနတ်ပစ်မှုကြီး ပြိုကျလာသတဲ့။ လူငယ် နှစ်ယောက် ဆုံးပါးကြသတဲ့။ တစ်နိုင်ငံလုံး ချက်ချင်းပြန့်နှံ့သွားတဲ့ အဖြစ်အပျက်တွေက ကျွန်မရေးပြစရာမလိုလောက်အောင် Facebook ပေါ်မှာ အားလုံး မြင်တွေ့လိုက်ကြရတာမဟုတ်လား။ “သည်ကလေးကို တစ်ဈေးလုံးက နာမည်ရင်းတောင် မခေါ်ဘူး...ကောင်လေးလို့ပဲခေါ်ကြတာ...ကောင်လေး က ဈေးဝမှာ ကုန်စိမ်းကားလာရင် ကုန်တိုက်ဖို့ရာ လက်တွန်းလှည်းကလေးနဲ့ စောင့်နေရှာသူပါ...ခေါင်းကို ထိသွားတာဆိုတော့ ပစ်လဲသွားတယ်”
“နောက်တစ်ယောက်လည်း နေရာမှာတင် ဆုံးသွားခဲ့တယ်...ဒဏ်ရာရသူတွေ မနည်းဘူး...တစ်ချို့လည်း ကျွန်တော်တို့ ကယ်လိုက်နိုင်တယ်...တစ်ချို့လည်း ပါသွားကြတယ်...ဘယ်နှယောက်လဲ ဆိုတာတော့ ပြောဖို့ခက်တယ်”
ကျွန်မဆီရောက်လာတဲ့သတင်းစကားတွေပါ။ နောက်တော့ ရက်ကွက်တွေထဲအထိ ကစဉ့်ကလျား ပြေးကြရ လွှားကြရတဲ့အကြောင်း....။ မျက်ရည်ယိုဗုံးတွေအကြောင်း၊ ပေသီးလုံးတွေအကြောင်း၊ ကျည်ဆံခွံတွေအကြောင်း၊ လောက်လေးခွတွေအကြောင်း.....။
***
သည်ရပ်ကွက်ကလေးထဲမှာ နေထိုင်ခဲ့တဲ့ ကျွန်မအဖို့ရာ သူတို့အကြောင်းတွေ ဝတ္ထုတို တော်တော်များများ ရေးခဲ့ဖူးပါရဲ့။ အားလုံးက သည်လိုဘဝတွေချည်းလို့ မပြောသာပေသိ သူတို့ရဲ့ ဘဝနေထိုင်ရေးသဘာဝ၊ ဆက်ဆံရေးသဘာဝ၊ လူမှုသဘာဝတွေက မကွာခြားလှပေဘူး။ ဒါကိုရေးခဲ့တာပါ။
သင်္ဘောမြုပ်ဆယ်ရာက ပေါ်လာတဲ့ ဘွိုင်လာအိုးကြီးထဲ အိမ်လုပ်နေခဲ့ရတဲ့ သဲထမ်းသမား ကိုခင်တို့မိသားစုအကြောင်း (ဘွိုင်လာအိမ်ကလေး)၊ မြစ်ကမ်းနားက လက်ပံပင်အုပ်ကြီးမှာ ငှက်ထောင်စားရတဲ့ ကိုမြဒင်အကြောင်း (ငှက်ဖမ်းသမား)၊ ချစ်သူကို ရွှေနန်းထက်မှာထားချင်တဲ့ ငှက်ဆိုးတို့ ဝက်ကြီးတို့အကြောင်း (ကျူး)၊ ဆန်သူခိုးကို စောင့်ရှောက်တော်မူပါ့ လို့ ဆုတောင်းနေရတဲ့ အနှိပ်သည် အမေပေါက်စအကြောင်း (ဆန်သူခိုး)၊ သူတို့ဆင်းရဲတာ အင်းမြှုပ်ထားလို့ လို့ ဆိုတဲ့ ဘိုးတေတို့သားအဖတစ်တွေ အကြောင်း (အင်း)၊ ဧရာထွန်းတိုက်တန်း အောက်ထပ်မှာ မီးသွေးလုံးနေတဲ့ မလုံးတင်အကြောင်း (မီးသွေးလုံးများ)၊ အရပ်ထဲ ပဲပြုတ်လည်ရောင်းတဲ့ မကျေးလေး (ပိုလိုကားချပ်များ)၊
လက်လှော်လှေကလေးကို ပီနန်အိတ်မိုးပြီး ဧရာဝတီမြစ်ထဲ နေကြရတဲ့ မိဂျိုးတို့အကြောင်း (လှေအိမ်ကလေး)၊ ဂေါဝိန်ဈေးထဲကိုသီးနှံရောင်းသွားတဲ့ ရှင်ထွေးညိုနဲ့ ငှက်သမ္ဗာန်သမား ကိုလွန်းမောင်တို့ရဲ့ မေတ္တာဇာတ်လမ်း (ငှက်ခတ်သမား) စသည်ဖြင့်.....။
***
အဲသည်ညက ကျွန်မဖြင့် တစ်ညလုံး အိပ်လို့ မရခဲ့ဘူး။ ကျွန်မရေးခဲ့တဲ့ ဝတ္ထုတိုတွေထဲက ဇာတ်ကောင်တွေလည်း တာရိုးလမ်းပေါ်မှာ ပြေးလွှားနေကြရော့လား။ ခေတ်ဆိုးခေတ်ကြပ်တွေ အကြိမ်ကြိမ်ဖြတ်သန်းခဲ့ကြတဲ့ သွားလေသူ အဖေတို့အမေတို့ကိုလည်း စိတ်ရောက်မိရဲ့။ မိဘများရှိရင် ဘာများပြောကြလေမလဲ။ ဘယ်လိုခေတ်ဆိုးမှာမှ သည်ရပ်ကွက်ကလေးမှာ သည်လို အဖြစ်မဆိုးခဲ့ဘူးလေ။
မနက်မိုးလင်းလို့ ကျွန်မတို့ရပ်ကွက်ကို တစ်ခေါက်ရောက်သွားတော့ အရာအားလုံး တိတ်ဆိတ်နေကြတယ်။ မြစ်ရေစစ်ချိန်ဆိုတော့ ဧရာဝတီမြစ်က ခပ်ဝေးဝေးမှာ စီးဆင်းလို့။ သဲကွင်းကလည်း တိတ်လို့။ ဟေးဟေး ညံညံ အော်သံ ခေါ်သံတွေလည်း တိတ်လို့။
ဖြစ်ပုံပျက်ပုံတွေလည်း တစ်ယောက်တစ်ခွန်း ဖြည့်ကြရာက ပြည့်စုံခဲ့ပါရဲ့။
ကျွန်မတို့ အနောက်တောင်အရပ်ကို လောင်မီးမိုးကြိုးကျခဲ့ပါပကော။
မိုးကြီးချုပ်မှ ကျွန်မပြန်ခဲ့တယ်။ ရတနာပုံသင်္ဘောကျင်းက မြစ်နဲ့တာရိုးကြားမှာ။ ငြိမ်သက်နေတာပါပဲလေ။ သမိုင်းတွေပါ ကျိုးကြေသွားသလိုပါပဲ။
ဧရာဝတီမြစ်ကမ်းနဖူးက ကနောင်ကိုယ်တော်ကြီးရဲ့ လွန်းကျင်းကလေးက အခုတော့ လွမ်းကျင်းကလေး ဖြစ်ခဲ့ရပြီပေါ့။
ခင်ခင်ထူး
(ကျွန်မတို့ ပြည်သူအားလုံး ဘေးမခ အေးမြကြပါစေ)