အရေးတော်ပုံ
လူအုပ်ကြီးက ကြွေးကြော်သံတွေ သံပြိုင်ဟစ်ကြွေးကြပြီး အရှေ့စူးစူးကိုချီတက်သွားကြတယ်။ သူကလက်သုံးချောင်းထောင်ပြရင်း ချီတက်နေကြတဲ့လူထုကို ကြိုဆိုဦးညွှတ် အလေးပြုနေမိတယ်။ တို့ပြည်သူတွေ ဘေးရန်မခကြပါစေနဲ့။
သူ့စိတ်က ဒီရက်ပိုင်းမှာ အလံတွေ ပိုစတာတွေကိုင်စွဲတဲ့ပုံတွေ ပန်းချီမရေးချင်ဘဲ လောကပါလနတ်ပုံကို ရေးချင်စိတ်ပေါ်နေတယ်။ ဒါနဲ့ပုံကြမ်းတွေ ခြစ်နေမိတယ်။ ပုံကြမ်းတွေခြစ်နေတုန်းမှာ အဖျက်အနှောက်အယှက်က ဝင်လာတယ်။ ခြင်တစ်ကောင် သူ့ညာတံတောင်နား လက်မောင်းနား ရစ်သီရစ်သီနဲ့။ ခါပစ်ယမ်းပစ်လည်းခဏပဲ။
ဟော...ကားသံတွေ။ ဟင်...စစ်ကားတွေပါလား။ စစ်သားတွေရော ရဲတွေရော ကားတွပေါ်အပြည့်။ ရေအမြောက်ကား စက်သေနတ်တင် ဘရင်းကယ်ရီယာတွေလည်းပါတယ်။ ခုနက လူအုပ်ချီရာဘက်ကို ဦးတည်သွားနေကြပါပေါ့လား။ သူစိုးထိတ်မိတာအမှန်။
ခဲတံကိုပြန်ကောက်ကိုင် ပုံကြမ်းခြစ်ပေမယ့် အာရုံကနောက်သွားပြီ။ ခုနက သူ့ကိုနှောက်ယှက်တဲ့ခြင်ဆီစိတ်ရောက်သွားတယ်။ တံတောင်ဆစ်အထက်နားက ယားလာတာကိုး။ မအေပေးခြင်စုတ်။ အလစ်တွယ်သွားပြီ။
သူ့ပတ်ဝန်းကျင်ကို လိုက်ကြည့်တယ်။ လားလား...တွေ့ပြီ။ သကောင့်သား သွေးတွေဝပြီး အဝေးမပျံနိုင်ဘူး။ ဗိုက်ကားပြီး ကြမ်းပြင်ပေါ်မှာ၊ မထနိုင်ဘူး။ အဲဒီအကောင်ကိုရိုက်မယ်အလုပ်မှာ ငနဲသား ထပျံပြေးတယ်။ စိတ်ထဲအတော်ခံပြင်းသွားတယ်။ သူလျှောက်ရှာတော့ သကောင့်သား သူ့မျက်နှာသုတ်ပဝါအစွန်းမှာ အမောဖြေနေတာ။ ဒီတခါတော့ သတိနဲ့ ချဉ်းကပ်ပြီး လက်ဝါးနှစ်ဘက်နဲ့ရိုက်လိုက်တာ အားပါချက်က တစ်ဆယ်။ သူ့လက်ခုပ်သံက တော်ရုံလူ လိပ်ပြာလွင့်လောက်တယ်။
မန္တလေးမှာမွေး မန္တလေးမှာကြီးသူပဲ။ လက်ဖဝါးဖြန့်ကြည့်စရာမလိုဘူး။
ခုနကဖြတ်သွားတဲ့ စစ်ကားတွေ ဘရင်းကယ်ရီယာတွေ စစ်သားတွေ ရဲသားတွေဆီ စိတ်ကရောက်ဖြစ်အောင်ရောက်သွားသေးတယ်။
ညီပုလေး
Labels: ညီပုလေး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home