သတင်း
(ရာသီဥတုသတင်း)
အပြင်မှာနေသာနေသည်။
မိတ်ဆွေတစ်ယောက်လို ထွက်လာနိုင်ပါသည်။
ရန်သူတစ်ယောက်လို ထွက်လာနိုင်ပါသည်။
(ပတ်ဝန်းကျင်သတင်း)
ကျွန်တော်ရှိသည်။ လောကကြီးရှိသည်။
ပန်းများပွင့်နေ၏။
(ရပ်ကွက်သတင်း)
သဲထဲ ရေသွန်မိတော့လည်း
လေထဲ တိုက်အိမ်ဆောက်ကြတာပေါ့။
(မီးသတင်း)
မီးသေရင် ကမ္ဘာသေမယ်။
(ရေသတင်း)
ရေကြောင့် စစ်ပွဲမဖြစ်ဖူးသေး။
(လေသတင်း)
အသက်မရှူဘဲ ပက်လက်လန်ပြီးသေကြည့်တယ်
သေတယ်ဆိုတာ မလွယ်ကူဘူးပဲ။
(မြေကြီးသတင်း)
ပိန်လိုက် ဖောင်းလိုက်
ဖောင်းလိုက် ပိန်လိုက်။
(ပန်းသတင်း)
မနက်လင်းအားကြီးအချိန်တွင်ဖြစ်ပွားခဲ့သည့်
မွှေးရနံတို့၌ တစ်တပ်တစ်အားပါဝင်ခဲ့ပါသည်။
(လူသတင်း)
မှောင်နေရင် မီးထွန်းတတ်ပြီး
သုညကိုစတင်တွေ့ရှိကတည်းက
ကမ္ဘာမြေဂြိုဟ်ပြာပြာ စတင်ပျက်စီးတော့တာပါပဲ။
(နောက်ဖေးလမ်းကြားသတင်း)
အမှိုက်များ
မီးအရှို့ခံရန် စောင့်မျှော်နေကြပါသည်။
(ထမင်းသတင်း)
ထမင်းထက်အရသာရှိသည့်အစားအစာ
လူသားတို့ ထပ်မံမတီထွင်နိုင်သေး။
(ငွေကြေးသတင်း)
ငွေစက္ကူအသုံးပြုသည့်စနစ်အား
ဖျက်သိမ်းပါတော့မည်။
(မှုခင်းသတင်း)
ဥပဒေဆိုသည်မှာ လိုက်နာဖို့လိုအပ်သလို
ချိုးဖောက်ဖို့လည်းလိုအပ်ပါသည်။
(ပညာရေးသတင်း)
ဆရာကြီးတစ်ဆူလိုနေချင်လျှင်
မြင်မြင်သမျှ ဆရာတင်ရမည်။
(အတွေးအမြင်သတင်း)
ဆိုးကရေးတီး၏ သားသမီးမြေးမြစ်များသည်
ကားမောင်းသမားများ ပန်းစိုက်ပျိုးသူများ ဖိနပ်ချုပ်သမားများဖြစ်ကြပါသည်။
(ဘာသာရေးသတင်း)
ဘာသာတရားတိုင်းသည်
အကျိုးနဲ့မြှောက်ပြီး အပြစ်နဲ့ခြောက်ကြပါသည်။
(နည်းပညာသတင်း)
ကျောက်တုံးများ မျိုးသုဉ်းမပျောက်ကွယ်သေး။
(ယဉ်ကျေးမှုသတင်း)
ဖိုမဆက်ဆံရေးသည်
ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပါသည်။
ဖိုမ မဆက်ဆံသူသည်
မယဉ်ကျေးသူဖြစ်ပါသည်။
(အနုပညာသတင်း)
မည်သူမဆို ၁၅ မိနစ်နှင့်ကမ္ဘာကျော်ဖြစ်နိုင်ပါသည်။
(အန်ဒီးဝါးဟိုး)
(စာပေသတင်း)
စာကဗျာရေးသားဖွဲ့နွဲ့ခြင်းအလုပ်သည်
စိတ်မချမ်းမြေ့စရာကောင်းသည့်
အလုပ်ဖြစ်ပါသည်။
(စိုက်ပျိုးမွေးမြူရေးသတင်း)
လယ်ထွန်ကောက်ရိတ်
ကောက်လှိုင်းသွင်း တလင်နယ်
စပါးလှေ့ လှည်းမောင်း စပါးရောင်း
ထင်းခုတ် သက်ကယ်မိုး နွားကျောင်း။
(ကုန်ဈေးနှုန်းသတင်း)
သော့ခလောက်နှင့် ကြွက်ထောင်ချောက်များ
ပုံမှန်ရောင်းကောင်းလျက်ရှိ။
(ကျန်းမာရေးသတင်း)
ဈေးမှာရောင်းသည့် အသားငါး
အသီးအရွက်များထက် တောကောင်သားများ
ဖြစ်သည့် ဖား၊ မြွေ၊ ကြွက်၊ ပဒတ်၊ ယုန်များကို
ယုံကြည်စိတ်ချစွာ ပိုမိုစားသုံးသင့်။
(အားကစားသတင်း)
ဂရိတွေသည် စိတ်ကျန်းမာရေးအတွက်
နတ်ဘုရားတွေကို ဖန်တီးခဲ့ကြပါသည်။
ကိုယ်ကျန်းမာရေးအတွက်
အားကစားရုံတွေ တည်ဆောက်ခဲ့ကြပါသည်။
(တိုင်းရင်းသားသတင်း)
ကရင်တစ်ကျပ် ဗမာတစ်ကျပ်။
(စစ်ပွဲသတင်း)
စစ်တပ်ဆိုတာ
ဘယ်တော့မှ သေနတ်ကိုမိုးပေါ်ထောင်မဖောက်ဘူး။
(နိုင်ငံရေးသတင်း)
တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်။
(အမျိုးသားရေးသတင်း)
မျိုးချစ်စိတ်ဆိုတာ မျိုးသုဉ်းပျောက်ကွယ်သွားပါပြီ
တော်လှန်ပုန်ကန်သူတွေနဲ့ အာဏာရှင်တွေပဲ
ကျန်နေပါတော့သည်။
(အပြည်ပြည်ဆိုင်ရာသတင်း)
သမိုင်းနိဂုံးချုပ်သွားပြီ
တရားခံတွေ ကျန်ခဲ့သည်။
(နာရေးသတင်း)
ဘုရားသခင်သေပြီ။
(ထူးခြားသတင်း)
မည်သူမဆို အချိန်မရွေး နေရာမရွေး
အသားထဲက လောက်ထွက်နိုင်ပါသည်။
(စက်ရပ်သတင်း)
တစ်ယောက်ကိုတစ်ယောက်
လိမ္မာပါးနပ်စွာ စောင့်ရှောက်ကြရမည်။
(ဆုတောင်းသတင်း)
ကျွန်တော်တို့ ကြားခဲ့ မြင်ခဲ့ တွေ့ခဲ့ကြရတာတွေကို
နောက်လူတွေ မကြား မမြင် မတွေ့ကြပါစေနဲ့။
သတင်းများကို
ကြေညာလို့ပြီးပါပြီ။
နရနီ
Labels: နရနီ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home