10 August, 2015

အနာဂတ်သို့ ဆုတ်ခွာခြင်း


သွေးရူးသွေးတမ်းတွေ
ငါ့ဆီက မမျှော်လင့်ပါနဲ့တော့ ။

မင်းနှလုံးသားဆီ အရောက်လာဖို့အတွက်
အခက်ခဲဆုံးလမ်းကို ရွေးချယ်ခဲ့သမို့
ငါဟာ
စစ်သူကြီး ဟန်နီဘောလည်း ဟုတ်ရဲ့။

မစိုက်ပျိုးရသေးတဲ့
မျိုးစေ့တွေကို စောင့်ရှောက်သလိုမျိုး
ဘဝရဲ့ တန်ဖိုးတွေကို သယ်ဆောင်ပြီး
ငါရောက်လာခဲ့ပေါ့။

အမှန်တရားရဲ့နောက်
ဒုတိယမြောက်ကျဆုံးသူဟာ ငါပါ။

ဒိုင်နိုဆောတွေ
ဘာကြောင့်မျိုးတုံးခဲ့ရတယ်ဆိုတာကို
လူတွေ အငြင်းပွားနေရသလိုမျိုးပေါ့လေ ။

ကမ္ဘာမြေပေါ်က
မသိမှုအားလုံးကို တင်စားဖို့
ငါ့ကို မွေးဖွားခဲ့သတဲ့ ။

တကယ့်ကို ပါးပါးလွှာလွှာလေး လွဲချော်ခဲ့တာပါ
ဒါနဲ့ပဲ တို့ တစ်ဘဝလုံး ဝေးခဲ့ကြရ။

အနာဂတ်ဟာ
ဘယ်တော့မှ ငါ့ဆီကိုရောက်မလာနိုင်တော့ဘူး

ငါ့အချစ်ဟာ
လူ့သမိုင်းရဲ့ ဘယ်လိုခေတ်မျိုးမှာမှ
အစားထိုးလို့မရတဲ့ ကောင်းကင်ဆန်မှု မျိုးပါ။

စက်ဝိုင်းလို ပျံသန်းနေတဲ့
အချိန်တွေရဲ့ လောင်ကျွမ်းခြင်းထဲမှာ
မရေရာတဲ့ တန်ဖိုးတွေအတွက်
မရေရာတဲ့ ဘဝတွေကို ပေးဆပ်ရင်း
မင်းနဲ့ငါ ဝေးကြရပြီလား ။

မခိုင်မာတဲ့ထိပ်ဖျားပေါ်မှာ
ပြောင်းပြန်လှန်ပြီး စိုက်ထားတဲ့
ပိရမစ်ကြီးတစ်ခုလို
တစ်ဘိုင်းဘိုင်းလဲကျ
သုညကို စက်ဝိုင်းနဲ့ လွဲမှားခဲ့သူပါ။

ဇာတ်သိမ်းခန်းမှာတော့
ပင်လယ်ကမ်းခြေအတုတစ်ခုမှာ
ရမ်ပုလင်း အစစ်တစ်လုံးကို
မော့သောက်ပစ်လိုက်ရဲ့ ။ ။

ပိုင်စိုးဝေ
(ပန်းနုရောင် ဆံပင်များ၏ ချည်တိုင် …မှ..)

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home