25 April, 2023

နေ့လည်ခင်းအတွေး

မနက်က မိုးက ခပ်အုံ့အုံ့ပဲ
လူကလည်း ခပ်မှိုင်းမှိုင်းပဲ

ခြေတွေလက်တွေ ကွေးထားရ ကမ္ဘာမှ
ခြေညောင်းလက်ဆန့် ထွက်လာတဲ့တိမ်တွေ
တိမ်တွေထဲမှာ ဘဝတွေ
ဘဝတွေထဲမှာ ဗလာတွေ
ဗလာတွေထဲမှာ အဓိပ္ပာယ်တွေ

ငှက်တွေထံ ပြန်မလာတော့သော
ပျံသန်းခြင်းအတတ်ကို
ဆွေးလျက် မျှော်ခေါ်ရှာသူပါလေ

ရှိစေတော့ ရှိစေတော့
မရှိတာတွေလည်း ရှိပါစေတော့

မိုးဝေး
၁၁-၄-၂၀၂၃

Labels:

မြစ်ဝကျွန်းပေါ်နေ့ရက်များ - မိုးဝေး

မတွေ့တာ ကြာပြီနော် ကိုမိုးဝေး
ဆိုတာနဲ့
သစ်တောလမ်းထိပ် သွားရပ်နေမိတယ်
မဟုတ်ဘူး တဲ့
ဒါနဲ့ ဗျောက်တောတံတားထိပ် သွားရပ်လိုက်ပါတယ်
မဟုတ်ဘူး တဲ့
ဒါနဲ့ အလုံလမ်းဘူတာထဲ ဆင်းထိုင်လိုက်တယ်
မဟုတ်သေးဘူးတဲ့
ဒါနဲ့ ရွှေဟင်္သာတောရတိုက် ရောက်အောင် သွားလိုက်တယ်
မဟုတ်သေးဘူးတဲ့
ပြန်စရာ ရွာလည်း မရှိတော့ဘူးလေ ဆိုတော့
ဘဝဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာရတာလောက် မလွယ်တော့ဘူးတဲ့
ဘယ်သူက ပြောလိုက်မှန်းလည်း
မသိပါဘူး
မတွေ့တာ ကြာပြီနော် လို့ ပြန်ပြောလိုက်ပါတယ်

မိုးဝေး
၆-၄-၂၀၂၃

Labels:

နေနေ့များ

ဆေးသားထူပျစ်ပျစ်
တိမ်တုတွေ ပစ်တင်ထားတဲ့
ကောင်းကင် အောက်မှာ
ဓာတ်ဆီငွေ့ ပြာလဲ့
လမ်းတွေရဲ့ ဖုန်ထမှုမှာ
ရထားဟာ ကိုယ်လမ်းကိုယ် ရှင်းရင်း
သက်ပြင်းပူပူ
အသံဆူပွ
လေထု သက်မချနေရဲ့။

ဟယ်လို သတိရပါစ
ကမ္ဘာကြီးရေ
ပြေးလာတယ်
ပြေးလာကြတယ်
ပွဲဆီက ကူးစက်လာတဲ့ အတိတ်မေ့မှု
ငါ မပြုစုလို။

ငုဝါထိန်ထိန်
မရမ်းချိုချို
မျက်နှာအိုအို
နေညိုတာတောင် မအေးသေး။ ။

ဝင်းမြင့်

Labels: