28 March, 2016

ငါ့ သူငယ်ချင်းများနဲ့ ယန်ပေါဆတ်လက်ဖက်ရည်ဆိုင်

အာဟာရအသံတွေ လွင့်ဝဲနေပုံက
ကုန်ရှုံးလာတဲ့ သင်္ဘောရဲ့ ဥသြသံလို။
ပျင်းရိဖွယ်နေ့များ ညှော်ဝင်ခဲ့
အတောင့်လိုက်ပြာကျသွားတဲ့ နေ့လယ်ခင်းများ
ငါတို့မော့သောက်လိုက်တဲ့ လက်ဖက်ရည်နာမည်ဟာ
အတ္တဘ၀ အမှန်ဝါဒဖြစ်တယ်
တစ်ယောက်အပူကို
တစ်ယောက်က ညှိယူရှိုက်ဖွာနေရ။
"မိုးကလည်း ခေါင်လိုက်တာနော်"
"ဟိုကောင် ပိုက်ဆံကို အခုထိဘုရားထင်နေတုန်းပဲ"
"မွေးနေ့ကျော်ရင်တော့ ကံကောင်းပါပြီ" တဲ့
သီချင်းသံကို နားစွင့်မိတော့
ငါတို့အဖေခေတ်က ရေဒီယိုကြီးဖြစ်နေခဲ့
ရေနွေးပူလောင်ခဲ့တယ်။
လူဆိုတာ
ကိုယ့်လက်ဖက်ရည်ခွက်ထဲ ပြုတ်ကျတဲ့ ယင်ကောင်ကို
ရွံတတ်သလို
ကိုယ့်ကိုယ်ကို မသောက်ဘဲ ထပြန်လို့ရပါသလား
စီးကရက်တစ်လိပ်စာ အိပ်မက်ထဲမှာ
မီးခိုးတလူလူတွေရဲ့ လှုပ်နိုးမှုခံလိုက်ရချိန်
ဘ၀ဟာ လက်ဖက်ရည်တစ်ခွက်ဖြစ်တယ်
ဘ၀ဟာ ယင်ကောင်တစ်ကောင်ဖြစ်တယ်
ဒီနားလေး ခဏဆိုပြီးထွက်သွားတဲ့
မိတ်ဆွေတို့ကလည်း အခုထိပြန်မလာကြတော့။

ကြည်ဇော်အေး

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home