မိစ္ဆာမြို့သားများ
"ချွတ်မိရင် ငါ့ဓားက သွေးသောက်ရမှ"
ဘီလူးစီးနေတဲ့ ဓားမှာ ဘီလူးစည်း လူ့စည်း မရှိဘူး
ဓားမှာ ဒေါသ ရှိတယ်
ဓားမှာ အမုန်း ရှိတယ်
ဓားမှာ တော်လှန်ရေးတစ်ခုခုတောင် ရှိကောင်းရှိမယ်
နံရံမှာ သေနတ်တစ်လက်ကို ချိတ်ပြထားမိရင်
တစ်ချိန်မှာ ဒီ သေနတ်ကို မင်း ပစ်ပြရတော့မယ်
လက်ညှိုးလေးကွေးညှစ်လိုက်ရုံ
ပယောဂပူးနေတဲ့ ကျည်ဆန်ဟာ
ပစ်ကွင်းဆီ ရန်စွယ်နဲ့ငေါငေါ တိုးဝင်သွားလိမ့်မယ်
ကျည်ဆန်မှာ မျက်စိရှိတယ်
ကျည်ဆန်မှာ နားရှိတယ်
ကျည်ဆန်မှာ SAM 7 လို ကိုယ်ငွေ့ကို
အာရုံခံနိုင်တဲ့ အသိတရားတောင်
ရှိကောင်းရှိမယ်
လူတစ်ကိုယ်လုံး ဗုံးတွေချည်း
အဲဒီဗုန်းတွေက မုန်းသူတွေကို သတ်တယ်
အဲဒီဗုံးတွေက မမုန်းသူတွေကိုလည်း သတ်တယ်
ပြီးတော့ အဲဒီဗုံးတွေက ချစ်သူတွေကို သတ်တယ်
နောက်ဆုံး ကိုယ့်ကိုယ်ကိုယ်တောင် သတ်တယ်
လူဆိုတာ စစ်သွေးကြွ
လူဆိုတာ အကြမ်းဖက်သမား
လူဆိုတာ အသေခံဗုံးခွဲသမားတွေချည်း
ဗုံးဆိုတာ လူတွေနဲ့ ချက်ကြိုးချင်းညှိနေတဲ့ Clone
ဗုံးဆိုတာ ပေါက်ကွဲလိုက်ရင် Clone ဟာ ရောက်ရာအရပ်က Cluster တွေလို
တဝုန်းဝုန်း ဖောက်ခွဲပြလိမ့်မယ်
တစ်လောကလုံး အမှန်ကို ကန်းနေတဲ့ အခါ
လက်နက်တွေဟာ ပိုပြီး နတ်ကြီးလာကြတယ်
တလောကလုံး အမှန်ကို ထိုင်းနေတဲ့ အခါ
လက်နက်တွေဟာ ပိုပြီး ဓာတ်စီးလာကြတယ်
တစ်လောကလုံး အမှန်ကို ဆွံအနေတဲ့အခါ
လက်နက်တွေဟာ လျှပ်စီးတဝင်းဝင်းနဲ့ ပိုပြီး
သရဲမရဲ စီးလာကြတယ်
သွေးပွက်ပွက်ဆူနေချိန်
လက်နက်ဟာ ( မျက်လှည့်ပြလိုက်သလို )
လက်ထဲကို သွေးရူးသွေးတမ်းရောက်မယ့် ခေတ်ဟာ
မဝေးတော့ဘူး
လက်နက်မှာ လောဘရှိတယ်
လက်နက်မှာ မောဟရှိတယ်
လက်နက်မှာ သူ့ကိုယ်ပိုင် ဘုရားနဲ့……
သူ့ကိုယ်ပိုင် ဘာသာတရား တခုခုတောင် ရှိကောင်းရှိမယ် ။
ကိုသန်းထွန်း
Labels: ကိုသန်းထွန်း
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home