လူဝင်စားတွေထိုင်တဲ့ ကဖေး
ဂစ်တာတီးမယ်
ပန်းချီဆွဲမယ်
ကဗျာရေးမယ်
အောင်မြင်လာတဲ့ တစ်နေ့ကျ ပြန်ပေးမယ်
ငါတို့ကို ငွေရင်းစိုက်ထားစမ်းပါ ဘဏ်တိုက်ကြီးတွေရယ်
ဆေးပေါ့လိပ် ပါးစပ်မှာချိတ်
စိတ်ကူးတွေ တွင်းတူးကြ
ဇောက်နက်နက် လက်ဖက်ရည်ခွက်တွေနဲ့
နေ့နဲ့ညကို တွယ်တာကြ
ရေနံတွင်း ဆယ်တွင်းမှာ
တစ်တွင်းလောက်ပဲ သေချာပါသတဲ့
အရပ်ဆယ်မျက်နှာမှာ
လက်ဖက်ရည်တစ်ခွက်က ပိုကျိန်းသေကြ
ဟိုတုန်းက ပါရီလို
ကဖေးတစ်ခုခုမှာ ဆုံချင်ကြ
လူသစ်စိတ်သစ်နဲ့
ဘ၀တွေ ဘ၀ပြီး ဘ၀ပြောင်းကြ
မွန့်ခ်ျလား
ဆီလ်ဗီယာ ပလာ့သ်လား
မြို့မငြိမ်းလား
အခုတင် အမည်ပြောင်းပြီး
ထွက်သွားတယ်
အနုပညာဆိုတာ
ကျောသားရင်သားမခွဲခြားဘဲ
လူတောထဲ ပစ်ပယ်ခံဖို့
ငါတို့ ပြန်လာကြတာပေါ့
ဝင်းမြင့်
ရနံ့သစ်၊စက်တင်ဘာ၊၂၀၀၀
Labels: ဝင်းမြင့်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home