18 May, 2023

လက်ရေးလှ စာအုပ် - ဝင်းမြင့်


သစ်ကိုင်းခြောက်ထဲကနေ
မိုးစွေငှက်ကို တွေ့တယ်။

လိပ်စာမှာ နံရံလည်းရှိ
အမည်မှာ လမ်းကျဥ်းလေးလည်းရှိ
ဖုန်းနံပတ်မှာ ပုဇဥ်းရင်ကွဲ မြည်သံလည်းရှိ
သူ့ကြည့်ရတာ
ကျနော့်ကိုယ် ကျနော် ပြန်မှတ်မိသလိုပဲ။

ဒိန်ချဥ်ကို
ဂျယ်လီရောထာတဲ့ နံနက်ခင်းတမျိုးပေါ့
သူ့ရောဂါက
ငွေတဲ့
ကျနော်က ပန်းတိမ်ငိုတွေ ဝယ်လာမိတာနဲ့
တိုက်ဆိုင်တယ်။ ။

ဝင်းမြင့်

Labels:

25 April, 2023

နေ့လည်ခင်းအတွေး

မနက်က မိုးက ခပ်အုံ့အုံ့ပဲ
လူကလည်း ခပ်မှိုင်းမှိုင်းပဲ

ခြေတွေလက်တွေ ကွေးထားရ ကမ္ဘာမှ
ခြေညောင်းလက်ဆန့် ထွက်လာတဲ့တိမ်တွေ
တိမ်တွေထဲမှာ ဘဝတွေ
ဘဝတွေထဲမှာ ဗလာတွေ
ဗလာတွေထဲမှာ အဓိပ္ပာယ်တွေ

ငှက်တွေထံ ပြန်မလာတော့သော
ပျံသန်းခြင်းအတတ်ကို
ဆွေးလျက် မျှော်ခေါ်ရှာသူပါလေ

ရှိစေတော့ ရှိစေတော့
မရှိတာတွေလည်း ရှိပါစေတော့

မိုးဝေး
၁၁-၄-၂၀၂၃

Labels:

မြစ်ဝကျွန်းပေါ်နေ့ရက်များ - မိုးဝေး

မတွေ့တာ ကြာပြီနော် ကိုမိုးဝေး
ဆိုတာနဲ့
သစ်တောလမ်းထိပ် သွားရပ်နေမိတယ်
မဟုတ်ဘူး တဲ့
ဒါနဲ့ ဗျောက်တောတံတားထိပ် သွားရပ်လိုက်ပါတယ်
မဟုတ်ဘူး တဲ့
ဒါနဲ့ အလုံလမ်းဘူတာထဲ ဆင်းထိုင်လိုက်တယ်
မဟုတ်သေးဘူးတဲ့
ဒါနဲ့ ရွှေဟင်္သာတောရတိုက် ရောက်အောင် သွားလိုက်တယ်
မဟုတ်သေးဘူးတဲ့
ပြန်စရာ ရွာလည်း မရှိတော့ဘူးလေ ဆိုတော့
ဘဝဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာရတာလောက် မလွယ်တော့ဘူးတဲ့
ဘယ်သူက ပြောလိုက်မှန်းလည်း
မသိပါဘူး
မတွေ့တာ ကြာပြီနော် လို့ ပြန်ပြောလိုက်ပါတယ်

မိုးဝေး
၆-၄-၂၀၂၃

Labels:

နေနေ့များ

ဆေးသားထူပျစ်ပျစ်
တိမ်တုတွေ ပစ်တင်ထားတဲ့
ကောင်းကင် အောက်မှာ
ဓာတ်ဆီငွေ့ ပြာလဲ့
လမ်းတွေရဲ့ ဖုန်ထမှုမှာ
ရထားဟာ ကိုယ်လမ်းကိုယ် ရှင်းရင်း
သက်ပြင်းပူပူ
အသံဆူပွ
လေထု သက်မချနေရဲ့။

ဟယ်လို သတိရပါစ
ကမ္ဘာကြီးရေ
ပြေးလာတယ်
ပြေးလာကြတယ်
ပွဲဆီက ကူးစက်လာတဲ့ အတိတ်မေ့မှု
ငါ မပြုစုလို။

ငုဝါထိန်ထိန်
မရမ်းချိုချို
မျက်နှာအိုအို
နေညိုတာတောင် မအေးသေး။ ။

ဝင်းမြင့်

Labels:

18 March, 2023

ပျော်ရွှင်မှုသို့ တမ်းချင်း - မြေချစ်သူ (ဘာသာပြန်)


သင့်ရဲ့အချစ် အရေးနိမ့်တဲ့ အခါကျမှ
သင်ဟာချစ်နေရဲ့။
ရေဒီယိုခလုတ် ဆယ်ခုမှာ အရေးမလှပေမယ့်
တခြား ရေဒီယိုခလုတ်တစ်ခု ထပ်ကြိုးစားပါ။
ယုန် ၁၀၀ သေဆုံးသွားခဲ့တဲ့အခါ
နောက် ယုန် ၂၀၀ ထပ်မံစမ်းသပ်ပါ။
ဒါဟာ သိပ္ပံသက်သက်ပါပဲ။
လျှို့ဝှက်ချက်ကို သင်ကမေးတယ်
နာမည်တစ်ခုတည်းရှိပါတယ်။
"ထပ်လုပ်ပါ - - - -" တဲ့။

အဆုံးမှာတော့
ခွေးတစ်ကောင်ဟာ
ရေထဲမှာရှိတဲ့ သူ့အရိပ်ကို
သူ့ရဲ့ မေးရိုးများထဲမှာ ကိုက်ချီလိုက်တယ်။
လူတွေဟာ လမင်းအသစ်ကို
ပတ္တာရိုက်လိုက်တယ်။
မင်းကို ငါ ချစ်တယ်။
ခေါမ တိုင်လုံးကြီးများနှယ်
ကြွတက်နေတဲ့
ကျွန်တော်တို့ရဲ့ လက်မောင်းတွေဟာ
အချိန်ရဲ့ နှမ်းဖတ်ကျောက် အလေးထုကြီးကို
သယ်မထားတယ်။
ပြီးတော့ ရှုံးနိမ့်ခဲ့တယ်
ကျွန်တော်တို့ အမြဲတမ်း အနိုင်ရလိမ့်မယ်။

ဘာသာပြန် - မြေချစ်သူ
Miroslav Holub - Ode to the Joy

Labels: ,

မ ဆုတောင်းအပ်သော ဆုတောင်း - မောင်သင်းခိုင်

သမုဒ္ဒရာ၊ ခမ်းခြောက်ပါစေ
ကမ္ဘာမြေကြီး၊ မြည်ဟီးပါစေ
မျက်ရည်စီးတိုင်း၊ ညှိုနှိုင်းပါစေ
နွမ်းကြွေအသည်း၊ ကြေကွဲပါစေ
ကဝေမုသား၊ ပြုစားပါစေ
ခြေရာဦးနှောက်၊ ထုဖောက်ပါစေ
ခန္ဓာနာမ်ရုပ်၊ ချွေလှုပ်ပါစေ
သို့သေသို့လဲ၊ ပုလဲတဆစ်
"ရင်မှဖြစ်ရာအလင်္ကာများ"
ခိုးယူသွားလျှင် . . .
ပြာစင်နွဲ့မူ၊ ချစ်တဲ့သူရေ
မကြေမချမ်း၊ ဒေါသလွှမ်းတော့
လူကြမ်းလို့လည်း၊ မဆိုနဲ့နော်

မောင်သင်းခိုင်(ပျဉ်းမနား)

Labels:

အချစ်ရေး - သုခမိန်လှိုင်


အရှုံးပေးချင်စရာနေ့တွေ အတူရကြတာပါပဲ
ပစ်မပြေးတဲ့ အချစ်ရေးတွေပေါ့ကွာ။

ချာလီရေ
လွယ်တဲ့ အချစ်ရေးရှိလို့လား

သုခမိန်လှိုင်

Labels: