စစ္ႀကီးၿပီးရင္
ငါဟာ လည္လည္ဝယ္ဝယ္ရွိတယ္
ဝကၤပါပတ္တဲ့ေနရာမွာ
မယံုမရွိပါနဲ႔
နားထဲမွာလည္း နာက်ည္းစရာေတြအျပည့္နဲ႔သာ
ေျပးေနတဲ့ၾကယ္ကေလးမွာ ဘာမက္ေမာမႈမွမရွိ
ေကြးေနတဲ့ လ ကေလးမွာလည္း ဘာေမွ်ာ္လင့္မႈမွမရွိ
မင္းကို ဆန္းသစ္ေစခ်င္လိုက္တာ
အခုေတာ့ ငါ့ကို စမ္းသပ္ၾကည့္ဦးေပါ့
ေဆးရံုေပၚေရာက္မွ ကိုယ့္ကိုယ္ကိုယ္သတိရမိတဲ့ဘဝပဲ
ထမင္းပူပူကို အပူနဲ႔ထပ္နယ္စားရတဲ့ ေလာကဓံပဲ
လြမ္းစရာႀကံဳေပမယ့္ နာစရာရွာမရ
နာစရာႀကံဳေပမယ့္ လြမ္းစရာတစ္ကြက္မွမရွိတဲ့ တစ္ေယာက္ေပါ့
မနက္ေနမင္း ညေလညင္း
ဆိုပါေတာ့
မရွိတဲ့အရာကို တရတာကလည္း အရသာပါပဲ
လွလိုက္တဲ့ ပန္းကေလးေတြ
သူတို႔ကိုခူးဖို႔ရာ ကိုယ့္မွာ လက္ပါမလာသလို ဟန္ေဆာင္ထားရ
မေတာ္ ေၾကာက္ေနၾကမွာစိုးတယ္ေလ
ေန႔လယ္ေန႔ခင္းဆိုေပမယ့္
ရွိတာကလည္း မ်က္ႏွာက်က္နဲ႔ၾကမ္းျပင္
ေက်ာလံုဖို႔ထက္ အေတြးလံုဖို႔ကို ပိုမိုအားစိုက္ရပါတယ္
နားထဲမွာ ျမင္းခြာသံေတြ တဒိုင္းဒိုင္း
အေပါင္းအသင္းမွားလာတဲ့ ေလထဲမွာ
ခဲညႇီန႔ံကို ငါရတယ္
ငါဟာ သက္ရွိ
ငါ့ကိုယ္ငါကလြဲလို႔ က်န္တာအကုန္လံုး ျမင္ေနရတယ္
ေၾကာက္စရာပဲ
မခ်ိန္းဆိုဘဲ ေတြ႕ၾကရ
ႏႈတ္မဆကဘဲ ခြဲခြာရ
သံလမ္းက မစရေသးဘူး
ဥၾသသံက အခိုးတလူလူ
မၾကာခင္ လူးလြင့္ျပေတာ့မယ့္ အလံေလးကလည္း
ၿငိမ္သက္တိတ္ဆိတ္
ငါ့အတိတ္ကို သူ႔အထဲခဏထည့္ဖြက္ ထားလိုက္တယ္
ေရၾကည္ရာ ျမက္ႏုရာတဲ့
ႏွင္းေတာထဲ အျပင္းေမာင္းသြားတဲ့ရထားလံုးကိုၾကည့္ရင္း
ဘာေတြမ်ား အေရးႀကီးလို႔ပါလိမ့္လို႔ သူတို႔အတြက္ စိုးရိမ္စိတ္ဝင္မိ
ငါ့ရင္ဘတ္ကို ဖိလို႔ေလ
ဘာမဆိုင္ညာမဆိုင္
သူ႔လက္ဖဝါးသူ ဓားနဲ႔ျခစ္ေနတဲ့တစ္ေယာက္ကို သတိရ
ဘာမဆိုင္ညာမဆိုင္
ႀကံမဆိုင္ဟင္းခ်ိဳခြက္ထဲက ႏြမ္းေနတဲ့ႀကံမဆိုင္႐ြက္ကေလးကို သတိရ
လွည့္ရင္းလည္ရင္း
တျဖည္းျဖည္းထြားလာတဲ့ အာတာပူစီတစ္ခုလိုသာ
ေလတိုက္တာနဲ႔ တျဖည္းျဖည္း ပဲ့ေႂကြသြားေတာ့မွာ
စစ္ႀကီးၿပီးရင္ဘာလုပ္မလဲဆိုတဲ့ စာသားကိုဖတ္ရင္း
စိတ္ထဲမွာ တိုးတိုးေလးေရ႐ြတ္ေနမိတယ္
စစ္ႀကီးၿပီးရင္ စစ္ထဲဝင္မယ္လို႔ေလ
ဘဝဆိုတာ ဟာသပဲ
အခုေတာ့ မရယ္လိုက္ၾကပါနဲ႔ဦး ။
သားဦး
Beautyမဂၢဇင္း။ ေဖေဖာ္၀ါရီ။ ၂၀၁၈
စစ်ကြီးပြီးရင်
ငါဟာ လည်လည်ဝယ်ဝယ်ရှိတယ်
ဝင်္ကပါပတ်တဲ့နေရာမှာ
မယုံမရှိပါနဲ့
နားထဲမှာလည်း နာကျည်းစရာတွေအပြည့်နဲ့သာ
ပြေးနေတဲ့ကြယ်ကလေးမှာ ဘာမက်မောမှုမှမရှိ
ကွေးနေတဲ့ လ ကလေးမှာလည်း ဘာမျှော်လင့်မှုမှမရှိ
မင်းကို ဆန်းသစ်စေချင်လိုက်တာ
အခုတော့ ငါ့ကို စမ်းသပ်ကြည့်ဦးပေါ့
ဆေးရုံပေါ်ရောက်မှ ကိုယ့်ကိုယ်ကိုယ်သတိရမိတဲ့ဘဝပဲ
ထမင်းပူပူကို အပူနဲ့ထပ်နယ်စားရတဲ့ လောကဓံပဲ
လွမ်းစရာကြုံပေမယ့် နာစရာရှာမရ
နာစရာကြုံပေမယ့် လွမ်းစရာတစ်ကွက်မှမရှိတဲ့ တစ်ယောက်ပေါ့
မနက်နေမင်း ညလေညင်း
ဆိုပါတော့
မရှိတဲ့အရာကို တရတာကလည်း အရသာပါပဲ
လှလိုက်တဲ့ ပန်းကလေးတွေ
သူတို့ကိုခူးဖို့ရာ ကိုယ့်မှာ လက်ပါမလာသလို ဟန်ဆောင်ထားရ
မတော် ကြောက်နေကြမှာစိုးတယ်လေ
နေ့လယ်နေ့ခင်းဆိုပေမယ့်
ရှိတာကလည်း မျက်နှာကျက်နဲ့ကြမ်းပြင်
ကျောလုံဖို့ထက် အတွေးလုံဖို့ကို ပိုမိုအားစိုက်ရပါတယ်
နားထဲမှာ မြင်းခွာသံတွေ တဒိုင်းဒိုင်း
အပေါင်းအသင်းမှားလာတဲ့ လေထဲမှာ
ခဲညှီန့ံကို ငါရတယ်
ငါဟာ သက်ရှိ
ငါ့ကိုယ်ငါကလွဲလို့ ကျန်တာအကုန်လုံး မြင်နေရတယ်
ကြောက်စရာပဲ
မချိန်းဆိုဘဲ တွေ့ကြရ
နှုတ်မဆကဘဲ ခွဲခွာရ
သံလမ်းက မစရသေးဘူး
ဥသြသံက အခိုးတလူလူ
မကြာခင် လူးလွင့်ပြတော့မယ့် အလံလေးကလည်း
ငြိမ်သက်တိတ်ဆိတ်
ငါ့အတိတ်ကို သူ့အထဲခဏထည့်ဖွက် ထားလိုက်တယ်
ရေကြည်ရာ မြက်နုရာတဲ့
နှင်းတောထဲ အပြင်းမောင်းသွားတဲ့ရထားလုံးကိုကြည့်ရင်း
ဘာတွေများ အရေးကြီးလို့ပါလိမ့်လို့ သူတို့အတွက် စိုးရိမ်စိတ်ဝင်မိ
ငါ့ရင်ဘတ်ကို ဖိလို့လေ
ဘာမဆိုင်ညာမဆိုင်
သူ့လက်ဖဝါးသူ ဓားနဲ့ခြစ်နေတဲ့တစ်ယောက်ကို သတိရ
ဘာမဆိုင်ညာမဆိုင်
ကြံမဆိုင်ဟင်းချိုခွက်ထဲက နွမ်းနေတဲ့ကြံမဆိုင်ရွက်ကလေးကို သတိရ
လှည့်ရင်းလည်ရင်း
တဖြည်းဖြည်းထွားလာတဲ့ အာတာပူစီတစ်ခုလိုသာ
လေတိုက်တာနဲ့ တဖြည်းဖြည်း ပဲ့ကြွေသွားတော့မှာ
စစ်ကြီးပြီးရင်ဘာလုပ်မလဲဆိုတဲ့ စာသားကိုဖတ်ရင်း
စိတ်ထဲမှာ တိုးတိုးလေးရေရွတ်နေမိတယ်
စစ်ကြီးပြီးရင် စစ်ထဲဝင်မယ်လို့လေ
ဘဝဆိုတာ ဟာသပဲ
အခုတော့ မရယ်လိုက်ကြပါနဲ့ဦး ။
သားဦး
Beautyမဂ္ဂဇင်း။ ဖေဖော်ဝါရီ။ ၂၀၁၈
Labels: သားဦး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home