29 January, 2016

ငါ့နှစ်များ

တစ်ထောင့်ကိုးရာရှစ်ဆယ်
မိုးရွာသွန်းခြင်းအတက်
မေ့လျော့သွားတဲ့ တိမ်တိုက်များ
ငါ့ကောင်းကင်မှာ ကျက်စားတဲ့နှစ်ပေါ့

တစ်ထောင့်ကိုးရာ ရှစ်ဆယ့်လေး
ကိုယ့်ရနံ့ကို ရှုရှိုက်ပြီး
အကြီးအကျယ် မေ့မြောသွားတဲ့နှစ်လေ

တစ်ထောင့်ကိုးရာ ရှစ်ဆယ့်ရှစ်
သံပရာသီးနဲ့ ငါးမျှားတဲ့ နှစ်ဖြစ်တယ်

တစ်ထောင့်ကိုးရာ ရှစ်ဆယ့်ကိုး
သွေးနွေးပင်လယ်ကြီးများ
လောင်မီးကျနေတဲ့ ငါ့ကိုယ်ပေါ်မှာ တွားသွားတဲ့နှစ်ပဲ

တစ်ထောင့်ကိုးရာ ကိုးဆယ့်တစ်
ဝံပုလွေသွားတစ်ချောင်းကို ၀ယ်ယူမိတဲ့နှစ်ကွယ်

တစ်ထောင့်ကိုးရာ ကိုးဆယ့်သုံး
ဆပ်ကပ်ကြိုးတန်းပေါ်မှာ
သေရည်ပြင်းပြင်း မူးခဲ့တဲ့နှစ်ပါ

တစ်ထောင့်ကိုးရာ ကိုးဆယ့်ငါး
ကိုယ်ဝေတဲ့ဖဲ ကိုယ်ဘူကျတဲ့နှစ်ပ

တစ်ထောင့်ကိုးရာ ကိုးဆယ့်ခြောက်
လေကို ထွန်ယက်ပြီး
မုန်တိုင်းကို အကြီးအကျယ် စိုက်ပျိုးခဲ့တဲ့နှစ်ဖြစ်တယ်

နှစ်ထောင်ပြည့်
ပျော်ရွှင်မှုပုံပြင်မှာ
ရှိုက်သံတိုးတိုး ကြားရတဲ့နှစ်ပါ

နှစ်ထောင့်ကိုး
သဲပွင့်ကလေးထဲ ၀င်ရောက်
ငါ့အိမ်ဆီ ငါ ပြန်ရောက်သွားတဲ့နှစ်ပေါ့

နှစ်ထောင့်တစ်ဆယ်
ဝါကျအသစ်စက်စက်များ
လက်ဖ၀ါးထဲ ရောက်လာတဲ့နှစ်ပါတကား ။

နေမျိုး
ရုပ်ရှင်တေးကဗျာ ။ ဒီဇင်ဘာ ။ ၂၀၁၀

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home