10 August, 2015

ကျွန်တော့်အကြောင်းအရာများ


ကျွန်တော့် အရပ်ထက်မြင့်သော မိုးဥတု
ကျွန်တော့် ပတ်ဝန်းကျင်တစ်ခုလုံး
လေချွန်သံတွေ စိမ်းစိမ်းစို
ကျွန်တော် တွယ်ကပ်နေသော သစ်ပင်မှာ
လုံခြုံရေးမရှိ ..။

ကျွန်တော့်အပေါ် ၉၀ ဒီဂရီ
ကျဲကျဲတောက် ဆက်ဆံရေးများ
ကျွန်တော့်ခေါင်းကို ရိုက်ခွဲဖို့
လူစုနေတဲ့ လောကဓံ
ကျွန်တော့် မွေးမြူရေးခြံထဲ၌
ပုတ်သင်ညိုများ မပါရှိခဲ့ ။

ကျွန်တော် ဖောဖောသီသီ စုဆောင်းထားနိုင်သော
ဒုက္ခနှင့် ဒဏ်ရာများ
ကျွန်တော့်အတွက် မြင်မကောင်းအောင်
ဈေးကွက်ကျဆင်းနေဆဲ
ကျွန်တော်နဲ့ သုခမြို့တော်
ကျွန်တော်နဲ့ ချောက်ကမ်းပါးကြီးထဲက လူသားများ
ကျွန်တော်ရဲ့ ဟာမိုးနစ်များ ရစ်သမ်များ
ဂျင်းဘောင်းဘီများ ။

ကျွန်တော့်မျက်လုံးကြောင်ရက်များက
၁-၂၈၊ ၁-၃၀၊ ၁-၃၁
ကျွန်တော် အိပ်ပျော်မယ် ကတိထားတိုင်း
ငှက်ဆိုးအော်သံကို တက်နင်းမိ
ကျွန်တော် ရေတံခွန်ဝယ်ပြီး ဖွင့်နားထောင်တိုင်း
ခိုတစ်ကောင်ကိုကြားရ ။

ကျွန်တော်ဟာ
လူပြောသူပြောများလှတဲ့ နှံကောင်
ကျွန်တော့် ဆောင်းရာသီအတွက်
ကျွန်တော့်ရိက္ခာမှာ ပန်းချီကား
တေးဂီတနှင့် စာအုပ်များ။

ကျွန်တော်ဟာ ကန်းထရီးစတိုင်များကို သဘောကျသူ
ကျွန်တော်ဟာ ညံ့သောကောင်းဘွိုင်
ကျွန်တော့်ကို မြိနေအောင်
ဝိုင်းသွေးကြသူများမှာ ဝဝပြဲပြဲမြို့ကြီးများ
ကျွန်တော့်ဆီ အချိန်မတော်လာနေကျ

အန္တရာယ်ကိုယ်ငွေ့မှာ ၄၊ ၃၊ ၂
ကျွန်တော့်ကိုယ် ကျွန်တော်
ဒိုင်နိုဆော တစ်ကောင်လိုဖွဲ့စည်းထားခဲ့ပြီး
ကျွန်တော် ဆော့ခရတ္တိနဲ့ ရှယ်ရွန်စတုန်းကို တွဲပြီး
ရုပ်ရှင်တစ်ကားရိုက်မယ်

ကျွန်တော့် အိပ်မက်တွေ
လူမြင်တိုင်း လိုက်ဖွင့်ပြပေးနေဆဲ
ကျွန်တော့်လက်ကောက်ဝတ်ပေါ်မှာ
သွေးစုပ်ဖုတ်ကောင် စောင့်ကြပ်လို့နေဆဲ
ကျွန်တော် ပန်းတစ်ပွင့်ပေါ်ဆင်းမယ်
ရာဇဝင်ထဲက ယောကျာ်းတွေဟာ
နတ်သမီးလိုလှခဲ့ကြောင်း
ပြန်ပြောင်းတွေးနေမိရင်း လက်စနဲ့

ကျွန်တော် ပန်းတစ်ပွင့်ပေါ် ဆင်းတော့မယ်
ကျွန်တော့်ကိုယ်ထဲ ကျွန်တော်
ပြန်မဝင်မိခဲ့ခင် အဖြစ်အပျက်များ ။ ။

ခရမ်းပြာထက်လူ
ရနံ့သစ် မဂ္ဂဇင်း

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home