ပန်းချီကားများကို အမှတ်ရခြင်း
ဆေဇန်းရဲ့ ပန်းသီးတွေကိုသာ
ဗန်ဂိုးစားခွင့်ရရင်
အာလူးစားသူများ ပန်းချီကား
ဖြစ်ချင်မှ ဖြစ်လာမှာ
တဟီတီကျွန်းပေါ်
ဂေါ်ဂင် မရောက်ဘဲ
ဆူရတ်သာ ရောက်ခဲ့ရင်
ကျွန်းပေါ်က နေ့လယ်စာ ပန်းချီကား
ရေးဖြစ်ချင်မှ ရေးဖြစ်မှာ
ဆာဗေဒိုဒါလီရဲ့
အရည်ပျော်နေတဲ့ နာရီတွေကိုတွေ့လို့
အက်ဒဝပ်မွန့်ခ်ျက လန့်အော်ခဲ့တာလား
အက်ဒဝပ်မွန့်ခ်ျရဲ့ အော်သံကြားလို့
မာဆယ်ဒူးရွှန့်ရဲ့ မိန်းမပျိုလေး
လှေကားပေါ်က ပြေးဆင်းလာတာလား
ပီကာဆိုရဲ့
ငြိမ်းချမ်းရေး ချိုးငှက်များ
အရက်ဆိုင်မှာ အမြည်းဖြစ်ခဲ့ရ
ဘာပဲဖြစ်ဖြစ်
ကမ္ဘာကြီးရဲ့ မကြားဝံ့မနာသာတွေအတွက်
ဗန်ဂိုးက သူ့နားရွက်သူ ဖြတ်ခဲ့တာ
နှစ်တွေ ရာစုချီကြာခဲ့ပေါ့ ။
လှသန်း
Labels: လှသန်း
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home