21 August, 2015

မမလီဆာ လိုင်ဇာ ရောက်ဖူးလား


မမလီဆာဟာ “ဒိုင်းနမိုက်” ပဲ
ကျွန်တော် ကရင်တပ်သားလေးဘ၀ထဲက မမလီဆာကိုစွဲခဲ့တာ
ဂစ်တာသံတွေ တဒိုင်းဒိုင်းကြားရင်းနဲ့အိပ်ပျက်ခဲ့ရတယ်
မာနယ်ပလောမှာ
ခရစ္စမတ်ပွဲတော်နေ့မှာလည်း လိုင်ဇာဟာ ဒိုင်းနမိုက်ပဲ
လက်ဝါးကပ်တိုင်ပေါ်ကခရစ်တော်ဟာ လောင်ချာစာ မိသွားတယ်
“ဒိုင်းနမိုက်”၊ တိုင်းရင်းသားကိုချစ်တဲ့အရသာ “ဒိုင်းနမိုက်”
လမ်းဘေးမှာ တန်းစီနေတဲ့ ဒုက္ခသည်တွေ၊ နိုင်ငံခြားက မတင်သွင်းဘူး
စစ်လေယာဉ်တွေ မောင်းလာတဲ့ ကိုကိုဗိုလ်ကြီးတွေကိုလည်းချစ်
မမလီဆာက ခါးမှာ သေနတ်နှစ်လက်နဲ့ ကျည်ဆံခါးပတ်ချိတ်ပြီး
“ဒိုင်း ဒိုင်း ကောင်းဘွိုင်လိုပဲ၊သေနတ်နဲ့ပစ်မယ် ချစ်သူရယ်”
အဲဒီကျည်ဆံတွေဟာ ကျွန်တော်တို့ချစ်ရသူတွေမှာ အပေါက်တွေချည်းပဲ
တောင်းတခဲ့တာ ငြိမ်းချမ်းရေးမဟုတ်ရင် နောက်ဖေး ယင်လုံအိမ်သာလေး
“ဒိုင်းနမိုက်”၊မမလီဆာဟာ ကျွန်တော်ရဲ့ sex symbol ပဲ
တစ်ခါ၊ “ပြည်ဝ” မှာမမလီဆာက ကျွန်တော်ကိုပဲ လက်ညှိုးထိုးပြီး
“မောင်” သီချင်းဆိုခဲ့တာ သူတို့တွေကျွန်တော့်ကို အငြိုးနဲ့ကြည့်ကြ
မမလီဆာကို သူတို့အကြမ်းဖက်၊အချောဖက်၊ငွေဖက်၊အာဏာဖက်
အချင်းချင်းလက်ဆောင်ပေးဖက်၊ ကျွန်တော်ပေါက်ကွဲပေါ့၊ဒိုင်းနမိုက်
“သေနတ်နဲ့ပစ်မယ်ချစ်သူဖရယ်”
လက်နက်ကြီးတွေ၊စစ်လေယာဉ်တွေ၊ရဟတ်ယာဉ်တွေ၊တပ်ကြောင်းတွေ
လိုင်ဇာက လိုင်ချီးသီးတွေတစ်ဖက်နိုင်ငံထဲ ခိုလှုံသွားကြတယ်
ဖားကန့်မှာ တစ်တွင်းနဲ့မကြည်ရင် ခေါက်လိုက်မယ်
နောက်တစ်တွင်းလာလိမ့်မယ်။ဖောရင်းကလာတဲ့
ပစ္စည်းမဟုတ်တော့ စစ်အတွက် သေတွင်းဟာ မဆန်းဘူး၊
ဒိုင်းနမိုက်။မာလာဆောင်ပြည်လမ်းရဲ့ရှေ့မှာ၊ဒိုင်းနမိုက်
မမလီဆာ၊ကျွန်တော်လက်နက်ချလို့အလင်းဝင်ခဲ့ပါပြီ
ခြေတု၊လက်တုကအစ အတုတွေတပ်ဆင်ထားတဲ့ ဘ၀ကြီးမှာ
စင်ပေါ်လည်းတင်ဆက်ဖျော်ဖြေပေးရတယ်၊ချစ်ကြည်ရေး
စင်အောက်လည်းတင်ဆက်ရပြန်တယ်၊ဒိုင်းနမိုက်
လမ်းဘေးမှာ တန်းစီနေတဲ့ တိုင်းရင်းသားတွေ
နိုင်ငံခြားမှာ ကျွန်သွားခံကြတယ်။ပင်လုံဆေးရုံမှာ
ကျွန်တော်သန့်ရှင်းရေးဝန်ထမ်းပါ၊သေနတ်ကို
တံမြက်စည်းနဲ့ လဲလှယ်ခဲ့ပါတယ်၊ဒိုင်းနမိုက်
မမလီဆာဟာ ဦးစီးချုပ်ကြီးတွေနဲ့ တစ်လှည့်စီ
ဆွေးနွေးညှိနှိုင်းအိပ်ပေးရင်း ပြည်ထောင်စုအထွတ်အထိပ်
ရောက်မလား၊ဒိုင်းနမိုက်၊အိပ်ရာထဲမှာ ဒိုင်းနမိုက်
ဖောရင်းကလာတဲ့ ပစ္စည်းမဟုတ်တော့
တန်ဖိုးနည်း တိုင်းရင်းသားတွေလား
တစ်နိုင်ငံလုံးချမ်းသာဖို့၊ဒိုင်းနမိုက်တွေ သတ်သေကြပါစို့
ဒိုင်း ဒိုင်း ကောင်းဘွိုင်လိုပဲ
လက်နက်ကြီးတွေနဲ့ ချေမှုန်းပစ်လိုက်မယ်၊ ချစ်လို့ပါကွယ်
မမလီဆာ၊ ကျွန်တော့်နှလုံးသားထဲက
ကျည်ဖူးထုတ်ပေးလိုက်ပါတယ်
အဲဒါအပျော့စားဒိုင်းနမိုက်၊ တဒိုင်းဒိုင်းနဲ့မိုက်တဲ့ ဒိုင်းနမိုက်။           ။

 ဇေယျာလင်း

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home