အချစ်စစ်


အချစ်စစ်တဲ့၊ ပုံမှန်မှဟုတ်ရဲ့လား
အလေးအနက်လား၊ လက်တွေ့ရောကျရဲ့လား
နှစ်ယောက်တည်းတစ်ကမ္ဘာလုပ်နေတဲ့ လူနှစ်ယောက်က
ဒီကမ္ဘာကြီးကို ဘာပေးနိုင်မှာတဲ့တုန်း။

အကြောင်းပြချက် ခြေခြေမြစ်မြစ်မရှိဘဲ
မဏ္ဍပ်တိုင်ထူလိုက်ကြ
သန်းပေါင်းများစွာထဲက တစ်ယောတ်ကို စုံလုံးကန်းရွေးလိုက်ပြီးမှ
ဒါဟာ ဒီလိုပဲဖြစ်ရမယ်လို့ယုံကြည်လိုက်ကြ
ဘာအတွက်လဲ - သဲထဲရေသွန်။
ရုတ်တရက် သက်ဆင်းလာတဲ့အလင်းတန်း။

ဘာကြောင့် တခြားသူတွေပေါ်မကျဘဲ ဒင်းတို့နှစ်ယောက်ပေါ်ကျ
ဒါဟာ တရားမျှတမှုကို ပါးချတာမဟုတ်လား - ဟုတ်ပါ့။
ဒါဟာ ကျားကုတ်ကျားခဲထူထောင်ခဲ့ရတဲ့စည်းမျည်းတွေကို ချိုးဖောက်တာ၊
အထွဋ်အထိပ် ရောက်ပြီးသား ကျင့်ဝတ်တွေကို လွှင့်ပစ်တာ -
ဒါတွေအားလုံးဟုတ်။

အဲဒီစုံတွဲ သဲနေပုံကိုကြည့်။
သိုသိုသိပ်သိပ်မနေနိုင်ကြဘူးလား
သူငယ်ချင်းတွေကို စာနာစိတ်နဲ့စိတ်ဓာတ်ကျချင်ယောင်ဆောင် မနေသင့်ဘူးလား။
နားထောင်ကြည့် ဒင်းတို့ရယ်သံကိုက- စော်ကားမော်ကား။
ဒင်းတို့ပြောတဲ့စကားတွေက ရိုးလွန်းလို့ယုံနိုင်စရာမရှိ။
ဒင်းတို့ရဲ့ အသေးအမွှားပျော်ပွဲတွေ၊ အပရိက ထုံးတမ်းစဉ်လာတွေ၊
အပိုဆာလား အပြန်အလှန် နိစ္စဓူဝတွေ -
သေချာတာက အချစ်စစ်ဆိုတာ လူသားမျိုးနွယ်ရဲ့နောက်ကြောက ကလိန်ခြုံမှု။

လူတိုင်းသာ သူတို့လို အတုမြင်အတတ်သင်ဖြစ်ကုန်ရင် ဒုက္ခ
တွေးတောင်မတွေးရဲ။

ဘာသာတရားနဲ့ကဗျာကို ဘယ်ပေါ်သွားထားမလဲ။
ဘာတွေကိုတသ၊ ဘာတွေကိုစွန့်ပစ်ရမှာလဲ၊
ဘယ်သူတွေကများ အနှောင်အဖွဲ့တွေကြား နေချင်ပါတော့မလဲ။

 အချစ်စစ်တဲ့၊ တကယ်လိုအပ်လို့လား။

အရှက်ကွဲမှုတစ်ခု ဘဝရဲ့အမြင့်ဆုံးအသိုင်းအဝိုင်းတွေထဲ
လူသူမသိ ကျော်ဖြတ်သွားပုံမျိုး
လိမ္မာရေးခြားရှိမှုနဲ့၊ လူပိန်းတွေးတွေးမှုက  အချစ်စစ်ကိုဖြတ်ကျော်ဖို့
ငါတို့ကို ပြောတယ်။

ခြောက်ပြစ်ကင်း သားသမီးရတနာလေးတွေမွေးဖို့အချစ်စစ်မလို။
အချစ်စစ်ဆိုတာ ဒုလ္လဘမို့
သူ့အားကိုးနေရင် နောင်နှစ်တစ်သန်းလည်း ကမ္ဘာ့လူဦးရေတိုးတက်မှာမဟုတ်။

အချစ်စစ်ကို မကြုံဖူးတဲ့လူတွေ
အချစ်စစ်ဆိုတာ လောကမှာမရှိဘူးလို့ပြောကြပါစေ။

အဲဒီလိုယုံတော့ သူတို့တွေ အနေဖြောင့် အသေဖြောင့်တာပေါ့။


Wislawa Szymborska ၏  Miłość szczęśliwa  ကို  StanislawBaranczak နှင့် Clare Cavanagh က 'true love'
အဖြစ် ဘာသာပြန်ထားသောမူကို  ကိုကိုသက် မြန်မာမှုပြုသည်။

No comments:

Post a Comment