တောင်ခြေရွာ
တောင်ကုန်းမြင့် တစ်ခုပေါ်ကနေ မြင်လိုက်ရ
ဟိုးအဝေးက တောင်ခြေရွာ
အိမ်တချို့ရဲ့ခေါင်မိုးတွေ ဆီကနေ
မီးခိုးငွေ့တချို့လွင့်တက်လာ
အဲဒီမှာ လောင်ကျွမ်းနေကြတာ
သူတို့ရဲ့ နှလုံးသားတွေ မဟုတ်ဘူးထင်ပါရဲ့
တောင်ခြေအိမ်ရဲ့ အနောက်ဘက်မှာ
စမ်းချောင်းတစ်ခု တွေ့လိုက်ရ
အဲဒီမှာ စီးဆင်းနေကြတာ
သူတို့ရဲ့ မျက်ရည်စတွေ မဟုတ်ဘူးထင်ပါရဲ့
စမ်းချောင်းလေးရဲ့ အထဲကို
လူတချို့ ပစ်ချလိုက်ကြ
ဖာထေးရာ တချို့နဲ့ သူတို့ရဲ့ ပိုက်ကွန်တွေ
အဲဒီမှာ သူတို့ ဆယ်ယူနေကြတာ
တစ်ခါတုန်းက နစ်မြုပ်သွားခဲ့တဲ့
သူတို့ရဲ့ အိပ်မက်တွေ မဟုတ်ဘူးထင်ပါရဲ့ ။
မြင့်မိုးအောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment