ကြိုးတန်းလျှောက်သူ


ဝါးတစ်လုံးနဲ့ ဖောင်ဖွဲ့ခဲ့သူ မဟုတ်ပါဘူး
ဖောင်ဖျက်ခဲ့သူရဲ့
ဝါးလုံးဖက် ဆုတ်ခွာခြင်းပါ

ဆုံးရှုံးစရာ
ဝါးလုံးတစ်လုံးသာ ရှိတော့တဲ့ အချိန်မျိုးမှာ
အချိန်တိုင်းမှာ
ဝါးလုံးဟာ ငါ့အသက် ဖြစ်တယ်
ဝါးလုံးဟာ ငါ့လက်နက် ကိရိယာ ဖြစ်တယ်

ခြေလှမ်းတစ်ချက်တိုင်းမှာ
အသက်ဟာ
ဝါးလုံးကို ဖက်လို့

အသက်ဟာ
သူ့အသက်ကို သူ့လက်ထဲ အပ်ထားရတယ်
သူ့လက် သူ့ခြေ မဟုတ်ရပါဘူး
အသက်ဟာ
သူ့ခြေ သူ့လက်ထဲမှာ

ခုလို
ဝါးလုံးတစ်ချောင်းရဲ့ သွန်သင်ချက်မှာ
ကိုယ့်အသက်ကို ကိုယ်လက်နဲ့ ထုပ်ပြီး
ဘယ်သူလျှောက်နေချင်ပါ့မလဲ

ဆိုပါစို့
မင်းဟာ ငါ့လို
ဝါးလုံးတစ်လုံးကို စုံကိုင်လမ်းလျှောက်နေရပြီ ဆိုပါစို့
မင်းဟာ ငါ့လို
ကြိုးတန်းပေါ် လျှောက်နေရပြီ ဆိုပါစို့

ဆိုပါစို့
ဝါးလုံးတစ်လုံးကို
အဓိပ္ပာယ်အသစ်တစ်ခု ဖွင့်ဖို့ လိုအပ်လာပြီ ဆိုပါစို့


ကိုသန်းထွန်း
idea ဂျွန် ၂၀၁၅

No comments:

Post a Comment