မမြင်ရတဲ့ ရေအောက်ကမ္ဘာမှာ
ငါးတွေရှိတယ်
ဆားငံ ပင်လယ်ပေါ်ဖြတ်တိုက်လာတဲ့
လေရိုင်းရဲ့ ဟီသံမှာ
အုန်းပင်တွေသွေးကြွ လှုပ်ရှားလာတက်တယ်။
အကာလ လေထန်ညတွေထဲ
လူတချို့
ပင်လယ်ပြင်ကနေ တက်လာကြသတဲ့
ဝိုးတ၀ါး အရိပ်များအဖြစ်နဲ့။
တိမ်နဲ့ လှိုင်းများဆက်စပ်ရာ
ဟိုး အဝေး မိုးကုပ်စက်ဝိုင်းဆီက
တစ်စုံတစ်ရာကို သယ်ဆောင်လာခဲ့
မေးခွန်းများ မဟုတ်
ဖန်တီးမှုများ မဟုတ်
စကားသံများ အဖြစ် မကြားကြရ။
စွန့်ပစ်ခဲ့ကြတဲ့
အမှိုက်သရိုက်ဟောင်းများကိုတော့
သဲသောင်ပြင်ပေါ် ပြန်ချထားခဲ့လေတယ်။
သူတို့က
နှစ်တစ်နှစ် တစ်နှစ်မှာ
ရက်တချို့ သတ်မှတ်ခဲ့ကြတယ်
နေထွက် နေ၀င်ကို စောင့်ကြည့်ဖို့က တစ်ရက်
ပင်လယ်လှိုင်းတွေ အပျော်စီးဖို့က တစ်ရက် ။
လင်းတည်ဦး
သရဖူ ။ မတ် ။ ၁၉၉၆
No comments:
Post a Comment