ငါနဲ့ ငါ့နံရိုးအကြားမှာ အတိမ်းအစောင်းသိပ်များတယ်
မင်းက ဓားထက်ထက်နဲ့တောင် မချိန်ဆဘဲ
ပန်းပွင့်ကလေးတွေနဲ့ ငါ့ကို လာလာရှလို့
မင်းက မျက်ရည်ယိုဗုံးတောင်မသုံးရပဲ
ငါ့မြတ်နိုးရခြင်းတွေက တသွင်သွင်ယိုစီးကျလို့
သိပ်ရှုပ်တဲ့ကလေးမလေးက
ဘာမှမဟုတ်ဘဲနဲ့ နေလိုခြစ်ခြစ်တောက်ပူပြလို့
တစ်ခါတစ်လေတော့လည်း
မီးစကလေးတွေကို မြိုမြိုချရတာ သိပ်လှတယ်။
မက်ဆေ့ခ်ျတစ်စောင် missed call တစ်ခု
သွေးနုသားနု စိတ်ကောက်မှုမျိုးနဲ့
မင်းက ငါ့ကို အဝေးဂိုးတွေ တဒိုင်းဒိုင်းသွင်းလို့
ငါကလည်း တန်ပြန်တိုက်စစ်နဲ့ အလစ်ဝင်ဝင်တိုက်လို့
ငါတို့်ဟာ ရင်ချင်းအပ်ထားလျက်နဲ့
တစ်ယောက်ကိုတစ်ယောက် ကျောခိုင်းကြည့်ကြ
ဘာကြာလို့လဲ
အချိန်တန်တော့လည်း ငါ့မေးရိုးတွေဟာ
မင်းပုခုံးသားပေါ် ပြိုပြိုကျရတော့တာပါပဲ။
ဘာတွေလဲ !
ငါတို့ဟာ တစ်ယောက်သေသွားမှာကို
ကျန်တဲ့တစ်ယောက်က စိုးရိမ်ပူပန်တတ်မှုမျိုးနဲ့
တစ်ယောက်ကိုတစ်ယောက် ပစ်ခတ်ချေမှုန်းနေကြ
ဟောဒီကမ္ဘာကြီးပေါ်က
ကျည်ဆန်မပါဘဲ ပစ်ခတ်နေကြတဲ့ သေနတ်တိုင်းဟာ
ချစ်ခြင်းမေတ္တာရဲ့ မျက်လှည့်ဆန်တဲ့အပိုင်းပဲဖြစ်ရမယ်။
ခက်တယ် ကလေးရယ်
ငါကနင့်အပေါ်မကောင်းပါဘူးဟာလို့ ငါကပြောတော့
နင်ကငါ့အပေါ်သိပ်ကောင်းပါတယ်လို့ နင်ကပြန်ပြောလို့
ငါကနင့်အပေါ်သိပ်မကောင်းပါဘူးဟယ်လို့ နင်ကပြောတော့
နင်က ငါ့အပေါ်သိပ်ကောင်းတာပါဟာလို့ ငါကပြန်ပြောလို့
တကယ်တော့ ငါတို့ဟာ အရူးတွေပဲ
ဒါကြောင့်မို့လဲ ဘုရားအဆူဆူနဲ့ လွဲခဲ့တယ်။
ဘ၀ဆိုတာ သိပ်မသေချာပါဘူး
ဒီလိုပဲပေါ့
ငါကလည်း သိပ်မသေချာပါဘူး
ဟော ကြည့်လေ
နင်နေသလိုလည်း လိုက်မနေနိုင်
နင်သေသလိုလည်း လိုက်မသေနိုင်
နင်စားသလိုလည်း လိုက်မစားနိုင်
နင်သွားသလိုလည်း လိုက်မသွားနိုင်
ယုတ်စွအဆုံး နင်မုန်းသွားရင်တောင် လိုက်မမုန်းနိုင်
ဒါနဲ့များ ငါနင့်ကိုချစ်တယ် တဲ့
ခပ်ဖွဖွလေသံနဲ့ ပြောလိုက်တဲ့စကားမှာ
နင့်လို မိုက်ရူးရဲကောင်မလေးကို
ငါက သေသေချာချာချစ်ဖို့ ကြိုးစားနေခဲ့ပြီးသားဆိုတာ ယုံပါ။
တစ်ချို့ကိစ္စတွေဟာ ရှင်းပြဖို့မလိုအပ်ဘူးလို့ ငါယုံကြည်တယ်။
ဒူးရင်းသီးမကြိုက်တာရှင်းပြဖို့ မလိုအပ်သလို
အိမ်သာတက်ချင်တာရှင်းပြဖို့ မလိုအပ်သလို
ငါနင့်ကို သေလောက်အောင်ချစ်တယ်ဆိုတာ
ရှင်းပြဖို့ မလိုအပ်ဘူးလို့ ငါယုံကြည်ပါတယ်
နင်မယုံကြည်ဘူးဆိုရင်တောင်
ငါ့ကို ဘယ်တော့မှ မရှင်းပြပါနဲ့။
နင်သိရဲ့လား
တစ်ခါတစ်ခါ မီးခိုးငွေ့တွေကိုမြိုချရတာ သိပ်ချိုတယ်ဆိုတဲ့အကြောင်း
ငါ နင့်ကို နူးနူးညံ့ညံ့လေး စာလုံးပေါင်းပြချင်တယ်။
ငါ့ကို စွဲလမ်းစေတတ်သော
ငါ့ကို မူးယစ်ရီဝေစေတတ်သော
ငါ့ကို သေစေတတ်သော စီးကရက်မလေးရဲ့
နင်က စီးကရက်ကိုသိပ်မုန်းတယ်ပြောတဲ့အခါ
ငါ့မှာ ဘာပြောရမှန်းမသိအောင်ဆွံ့အလို့
မီးခိုးငွေ့တွေကို သက်ပြင်းနဲ့ရောပြီး မှုတ်ထုတ်လို့
ငါ တွေးလို့ ငေးလို့ ဆွေးလို့…………။
ငါ့မှာ မြေကြီးတွေ ခဏခဏတုန်တိုင်း
နင့်ခြေအစုံကို ဂရုတစိုက်ကြည့်ကြည့်နေရ၊
နင်နဲ့ငါ ငါနဲ့နင်
နင့်ကိုငါ ငါ့ကိုနင်
နင့်ရဲ့ငါ ငါ့ရဲ့နင်
နင့်အားငါ ငါ့အားနင်
ငါနဲ့ ငါ့နံရိုးအကြားမှာ အတိမ်းအစောင်းတွေ သိပ်များလှပေါ့။
ခဏနေရင် မိုးရာသီစိုက်ခင်းမှာ
ချစ်ခြင်းမေတ္တာတွေ သီးပွင့်ကြဦးမယ်
ငါကလည်း ငါ့ကဗျာနဲ့ငါ
နင်ကလည်း နင့်အထာနဲ့နင်
တစ်ယောက်နဲ့တစ်ယောက် ချည်နှောင်ချင်နေကြတာကို
ဘယ်ဥတုရာသီနဲ့ ဆွဲဖြည်ကြမလဲ။
နင်က အိပ်မက်တွေခဏခဏမက်တယ်
ပြီးတော့ အိပ်မက်ထဲမှာ ငါတို့ဝေးသွားကြတယ်လို့ ပြောတယ်
နင်က ငါ့လက်မောင်းသားတွေကိုလည်း ခဏခဏဆွဲဆိတ်တယ်
ပြီးတော့ ဘယ်တော့မှမခွဲကြေးနော်လို့ ပြောပြန်တယ်
အဲဒီတော့လည်း
ငါ့မှာ အိပ်မက်ပါကလေးရယ်ဆိုပြီး နှစ်သိမ့်လိုက်ရ
အသားနာတော့လည်း အားခနဲဆိုပြီး အော်ပြလိုက်ရနဲ့
နင့်ရဲ့ ဒွိဟတွေအကြားမှာ
ငါကိုယ်တိုင်တောင် အိပ်မက်လားတကယ်လားဖြစ်နေရနဲ့……..၊
ငါ့ရင်ဘတ်ကို ဒီထက်ပိုပြီး နယ်ချဲ့ပစ်လိုက်စမ်းပါ
အရင်းရှင်စနစ်ကို မုန်းတဲ့ကောင်ဟာ
ကျွန်တစ်ယောက်လိုဖြစ်မနေချင်ဘူးလို့ ဘယ်သူကပြောလဲ
နင်အပြင်သွားချင်တဲ့အခါ ငါ့ကိုလိုက်ပို့ခိုင်းပါ
နင်တစ်ခုခုစားချင်တဲ့အခါ ငါ့ကိုလှမ်းမှာခိုင်းမှာ
နင်နေပူတယ်ဆိုတဲ့အခါ ငါ့ကိုထီးမိုးခိုင်းပါ
ငါ့ကို ချစ်ခိုင်းပါ မြတ်နိုးခိုင်းပါ ယုယကြင်နာခိုင်းပါ
တစ်ခုပဲ ကလေးရယ်
ငါ့ကို ဘယ်သောအခါမှ မမုန်းခိုင်းပါနဲ့။
လူကြီးလူကောင်းတော်တော်များများလို
ဆုတောင်းခြင်းကို ယုံခဲ့ရင်လည်း အကောင်းသားပေါ့
အဲဒီလိုသာဆိုရင် နင်နဲ့မဝေးရဖို့
ဗုဒ္ဓမြတ်စွာဆီမှာ ငါဆုတောင်းမယ်
ယေရှုခရစ်ဆီမှာ ငါဆုတောင်းမယ်
တမန်တော်မိုဟာမက်ဆီမှာ ငါဆုတောင်းမယ်
ငါဆုတောင်းမယ် ကလေးရယ်
လက်ဆယ်ဖြာကိုထပ်မှာမိုးပြီး ဆုတောင်းမယ်
လက်နှစ်ဖက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ဆုတောင်းမယ်
လက်ဖ၀ါးနှစ်ဖက်ကိုဖြန့်ကားထားပြီး ဆုတောင်းပါမယ်
သိပ်လွယ်လွန်းနေလို့လားမသိဘူး
ချစ်ခြင်းမေတ္တာနဲ့ ပတ်သတ်လာရင်
နင့်လက်သန်းကလေးကို ဆုပ်ကိုင်ထားရတာလောက်
ဘယ်ဘာသာတရားအပေါ်မှ ငါအယုံအကြည်မရှိခဲ့ဘူး။
တစ်ချို့က ပြောကြလိမ့်မယ်
မယုံကြည်တဲ့လူဟာ ဒဏ်ခတ်ခံရလိမ့်မယ်တဲ့
ဟုတ်လောက်တယ် သိလား
ခု နင်ကတစ်နေရာ ငါကတစ်နေရာ
အဲဒီအနေအထားဟာ ငရဲခန်းထက်ပိုခါးပါတယ်။
အခက်သားလား ကလေးရယ်
တစ်ချို့ပုစ္ဆာတွေဟာ မေးခွန်းလွယ်ပြီး အဖြေခက်တယ်
တစ်ချို့ပုစ္ဆာတွေကျတော့ မေးခွန်းခက်ပြီး အဖြေလွယ်တယ်
ဟောဒီ ကမ္ဘာကြီးက အကျယ်ကြီး
ဆုန်သင်းပါရ်ပါးစပ်ထဲရောက်မှ ကျဉ်းသွားတာကို
ငါ နားလည်ကြည့်လို့ကို မရခဲ့ဘူး။
ကျေးဇူးပြုပြီး ငါ့ကို အရူးလို့ခေါ်ပါ
ဒါမှမဟုတ် “ကိုကို” လို့ ခေါ်ပါ။
ဘာရယ်မဟုတ်ပါဘူး
ဝေဒနာတင်းကြမ်းနဲ့ လူတစ်ယောက်
လောကကြီးထဲက သက်သက်သာသာထွက်သွားချင်သလို
မနာမကျင် အနာရွတ်မရှိ
အသံသာသာလေးနဲ့ သေကြည့်ချင်မိရုံသက်သက်ပါ။
ဘာမှပိုမထူးပါဘူးကွယ်
သူများတွေလိုပဲ အစာစားတယ်
သူများတွေလိုပဲ အိပ်တယ်
သူများတွေလိုပဲ အိပ်မက်မက်တယ်
သူများတွေလိုပဲ ရှင်သန်နေထိုင်တယ်
ဘာမှမထူးတဲ့လူတွေကြားမှာ နေထိုင်ရင်း
ထူးခြားချင်စိတ်ပြင်းပြနေတဲ့ လူငယ်
မင်းရဲ့ ပါးချိုင့်ကလေးကို ဈေးမဆစ်ပဲဝယ်ချင်ပါတယ်။
မင်းက ပြောလိမ့်မယ်
ငါက တစ်ခါတစ်ခါ သိပ်ကြောက်ဖို့ကောင်းလိုက်တာ တဲ့
ဘ၀ဆိုတဲ့ စာသားကို
အရှုံးမပါဘဲ မရေးတတ်ခဲ့တဲ့ ဆူးတွေအပြည့်နဲ့လူသားမှာ
ပြောစရာစကားတွေ ရှားပါးခဲ့ရပေါ့။
မင်းကိုတွေ့မလားဆိုပြီး
ငါ့ကိုယ်ငါ မှန်ထဲပြန်ကြည့်တယ်
ငါ့ကိုယ်ငါ မေးခွန်းပြန်ထုတ်ကြည့်တယ်
ငါကရော ဘာကိုကြောက်နေသလဲ
ငါ ဘာကို ကြောက်သင့်သလဲပေါ့
ငါ့အကြည့်တွေထဲမှာ ငါချော်လဲတယ်
ငါ့မေးခွန်းတွေအောက်မှာ ငါလမ်းပျောက်တယ်
ငါကြောက်တယ်
ငါကြောက်တယ်
ငါသိပ်ကြောက်နေပါတယ် ကလေးရယ်။
တကယ်တော့ အနတ္တဆိုတဲ့စကားလုံးဟာ
ငါကိုယ်တိုင်ကိုယ်ကျ ၀တ်ဆင်ထားမိခဲ့တဲ့ ဗုံးတစ်လုံးပါပဲ။
ဖြစ်နိုင်မယ်ဆိုရင်
ပန်းကလေးတွေကို မကြွေကျစေချင်သလို
စမ်းရေကလေးတွေကိုလည်း ဘယ်ခန်းခြောက်စေချင်ပါ့မလဲ
ခက်တာက
ငါနဲ့ ငါ့နံရိုးအကြားမှာ အတိမ်းအစောင်းက သိပ်များလှပေါ့။
အံ့သြဖို့မကောင်းဘူးလား
နင်လည်းငါ့ကိုနားမလည်နိုင်
ငါလည်းနင့်ကိုနားမလည်နိုင်
အဲဒီလို တစ်ယောက်ကိုတစ်ယောက်က နားမလည်နိုင်ကြတာကို
တစ်ယောက်နဲ့တစ်ယောက်က နားလည်ကြ
ငါတို့ဟာ တစ်ခါတစ်ခါ သိုးတွေလို သိပ်အတယ်
ငါတို့ဟာ ငါတို့ဖြစ်ကြောင်း ငါတို့ကိုယ်တိုင်မသိခဲ့ကြသလိုပေါ့။
ဘာမှမထူးသလို ဘာမှလည်းမဆန်းပါဘူး
ဟုတ်တယ် ငါတို့ဟာ မထူးဆန်းဘူး
ချစ်ခြင်းမေတ္တာကပဲ ရူးနှမ်းနေခဲ့တာ……….၊
လွမ်းတယ် ကလေးရယ်
လမ်းတွေလျှောက်ရင်း လွမ်းတယ်
စီးကရက်တွေသောက်ရင်း လွမ်းတယ်
ကဗျာတွေရေးရင်း လွမ်းတယ်
သေခြင်းတရားကိုငေးရင်း ငါနင့်ကို ဆွေးဆွေးနင့်နင့် လွမ်းပါတယ်
ငါနင့်ကို လွမ်းတယ်
စိတ်ဆိုးနေသယောင်ဆောင်ပြီးလွမ်းတယ်
နာကျည်းနေသယောင်ဆောင်ပြီးလွမ်းတယ်
မုန်းချင်ယောင်ဆောင်ပြီးလွမ်းတယ်
မေ့ပစ်ချင်ယောင်ဆောင်ပြီးလွမ်းတယ်
တစ်ခုတည်းပါပဲ
ချစ်သယောင်ဆောင်ပြီး မလွမ်းခဲ့ဘူး။
ဘယ်လွမ်းလို့ရလိမ့်မလဲ
ချစ်ခြင်းတရားက အယောင်ဆောင်လို့မှ မရတာ ။
ငါ နင့်ကို ချစ်တယ်
တွေ့လား အိတ်ကပ်ထဲမှာ ပိုက်ဆံအပြည့်ဆိုပြီး
ရင်ဘတ်ကြီးကို တဘုန်းဘုန်း ထုပြနေသလိုမျိုး မဟုတ်ဘူး
သွေးတရဲရဲ သံတရဲရဲနဲ့ ဒဏ်ရာကို
အနာဖေး ဆတ်ခနဲ ဆွဲခွာလိုက်သလိုမျိုး
ငါ့မျက်လုံးတွေကို တိုးပြီးစိုက်ကြည့်စမ်းပါ
ပွင့်လင်းမြင်သာမှုဟာ ဒီမိုကရေစီမှာ မသေချာဘူး
ငါ့ရဲ့ချစ်ခြင်းမှာ သေရာပါခဲ့တယ်။
ဒါဟာ ငါပစ်လိုက်တဲ့မြားပေါ့
အတိမ်းအစောင်းသိပ်များလှတဲ့လောကကြီးမှာ
သံထုထည်ကြီးဟာ ၀ါဂွမ်းစလေးလို ဆင့်ကဲပြောင်းလဲလို့
ငါ ဖျစ်ညှစ်အန်ထုတ်လိုက်ရတဲ့စကား
နင့်ရဲ့နှလုံးသားမှာ ပိုးသားပမာ နူးညံ့သာယာပါစေ ။ ။
ဆစ်ခ်
5.5.2014
Labels: ဆစ်ခ်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home